ရန်ကုန်၊ မေ ၂၂
လက်ရှိ 3G ကွန်ရက်အသုံးပြုမှုထက် ၁၀ ဆပိုမိုမြန်ဆန်သည့်နှုန်းဖြင့် သုံးဆွဲနိုင်မည့် စစ်မှန်သော 4G LTE ဝန်ဆောင်မှုကို ပေးအပ်နိုင်ရန်အတွက် ၁၈၀၀ မဂ္ဂါဟက်ဇ် လှိုင်းနှုန်းစဉ်တွင် နည်းပညာမရွေးဖြင့် သုံးနိုင်သည့် ၂X၁၀ မဂ္ဂါဟက်ဇ်ကို အသုံးပြုခွင့် ရရှိပြီဟု တယ်လီနောမြန်မာက မေ ၁၉ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
“ယနေ့ မြန်မာနိုင်ငံဟာ ‘မိုဘိုင်း ဦးစားပေး’ နိုင်ငံတစ်ခု ဖြစ်နေပါပြီ။ 4G/LTE ဝန်ဆောင်မှုတွေကို လျင်လျင်မြန်မြန် ပေးအပ်နိုင်ခြင်းက ဒေသတွင်းက အကောင်းဆုံး နိုင်ငံစာရင်းထဲကို ရောက်ရှိစေမှာ ဖြစ်သလို ပညာရေး၊ စီးပွားရေး၊ ဆက်သွယ်ရေးနဲ့ ဖျော်ဖြေရေးကဏ္ဍတွေ မှာ မာလ်တီမီဒီယာ အခြေပြု ဒစ်ဂျစ်တယ် ဝန်ဆောင်မှုတွေကို ပြောင်းလဲပေးအပ်နိုင်ဖို့ အရှိန်ရစေမှာ ဖြစ်ပါတယ်” ဟု တယ်လီနော၏ အမှုဆောင် အရာရှိချုပ် Lars Erik Tellmann က ထုတ်ပြန်ချက်ထဲတွင် ပြောကြားထားသည်။
“တယ်လီနောအနေနဲ့ အခု ၁၈၀၀ MHz လှိုင်းနှုန်းစဉ်ကို အသုံးပြုပြီး ဝန်ဆောင်မှုတွေ ပေးအပ်သွားမှာပါ။ လက်ရှိမှာ တယ်လီနောအနေနဲ့ ကျနော်တို့ရဲ့ ကွန်ရက်အတွင်း ၁၈၀၀ MHz ကနေ 4G/LTE ကို ပေးအပ်နိုင်အောင် ဆောင်ရွက်နေပြီး မကြာခင်မှာပဲ အရေအတွက် ပိုမိုများပြားတဲ့ မြို့ကြီးတွေနဲ့ မြို့တွေမှာ ဒီဝန်ဆောင်မှုတွေကို တိုးချဲ့ပေးအပ်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ ရန်ကုန် မှာလည်း 4G/LTE ဝန်ဆောင်မှုတွေကို မကြာခင်မိတ်ဆက်နိုင်တော့မှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် ယခင်ရှိပြီး လှိုင်းနှုန်းစဉ်များကို အသုံးပြုပြီး 4G ဝန်ဆောင်မှုကို မြို့ကြီး ၁၉ မြို့တွင် ၁၀ လအတွင်း မိတ်ဆက်ထားပြီးဖြစ်သည်ဟု တယ်လီနောက ပြောကြားသည်။
အဆိုပါလှိုင်းနှုန်းစဉ်ကို အသုံးပြုခွင့် ၁၂ နှစ်တာကာလအတွက် သတ်မှတ်နှုန်းထား အမေရိကန်ဒေါ်လာ သန်း ၈၀ ကို အစိုးရထံ ပေးအပ်ရမည်ဖြစ်သည်။
လက်ရှိတွင် တယ်လီနောမြန်မာက တာဝါတိုင်ပေါင်း ၇,၅၀၀ ကျော်ဖြင့် သုံးစွဲသူပေါင်း ၁၉ သန်းခန့်ကို ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိသည်ဟု တယ်လီနော၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။