၆၆ (ဃ)ကို အာမခံပေးရန်နှင့် အချို့အမှုများတွင် ဝန်ကြီးဌာန၏ ခွင့်ပြုချက်ယူရန် ပြင်ဆင်ထား

နေပြည်တော်၊ မေ ၄

ဆက်သွယ်ရေးဥပဒေပါ ပုဒ်မ ၆၆ (ဃ) ကို ပြင်ဆင်ရန်အတွက် အကြံပြုချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပေးပို့ပြီးဖြစ်သည်ဟု ပြည်ထောင်စုရှေ့နေချုပ်ရုံး၊ အမြဲတမ်းအတွင်းဝန် ဒေါ်နုနုယဉ်က မီဒီယာများကို ပြောကြားသည်။

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အဆိုပါဥပဒေအပေါ် ပြင်ဆင်သည့် ဥပဒေကြမ်း တင်သွင်းလာမှုအပေါ် ပြည်ထောင်စုရှေ့နေချုပ်ရုံးက စိစစ်၍ အကြံပြုချက်များ ပြန်လည်ပေးပို့လိုက်ခြင်းဖြစ်သည်ဟု နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် မေ ၄ ရက်နေ့က ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ ၎င်းက ပြောကြားသည်။

“ရဲအရေးပိုင်ခွင့်ကို နဂိုကလည်း သတ်မှတ်တယ်။ အခုလည်း သတ်မှတ်ပေးတယ်။ တစ်ချို့အမှုတွေမှာ တရားစွဲဆိုဖို့ ဝန်ကြီးဌာနရဲ့ ကြိုတင်ခွင့်ပြုမိန့်ယူဖို့ သတ်မှတ်တယ်။ တစ်ချို့ဟာတွေကိုတော့ ကြိုတင်ခွင့်ပြုမိန့်ယူဖို့ မသတ်မှတ်ဘူး။ ရာဇဝတ်ကျင့်ထုံးဥပဒေအရ အာမခံပေးရမယ့်အမှုတွေကိုလည်း သတ်မှတ်ထားတယ်” ဟု ဒေါ်နုနုယဉ်က ဆိုသည်။

၂၀၁၃ ခုနှစ်က ပြဋ္ဌာန်းခဲ့သော အဆိုပါဥပဒေဖြင့် အာမခံမရဘဲ တရားရင်ဆိုင်ရသည့် ဖြစ်စဉ်များစွာ ထွက်ပေါ်လာပြီးနောက် အရပ်ဖက် လူမှုအဖွဲ့အစည်းများနှင့် တက်ကြွလှုပ်ရှားသူများက ဥပဒေကို ပြင်ဆင်ပေးရန် တောင်းဆိုနေချိန်တွင် ဝန်ကြီးဌာနက ယခုကဲ့သို့ ဆောင်ရွက်လာခြင်းဖြစ်သည်။

အဆိုပါ ပုဒ်မဖြင့် အကျဉ်းကျခံခဲ့ရပြီးနောက် ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့တွင် ပါဝင်လုပ်ကိုင် နေသည့် ကဗျာဆရာ မောင်ဆောင်းခက ၂၄ နာရီ ဖမ်းဆီးခွင့်ရှိသော ရဲအရေးပိုင်သည့် အခြေအနေကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ရှိနေဦးမည်ဟု Frontier ကို သုံးသပ်ပြောကြားသည်။

“ဖျက်သိမ်းရေးဆိုတာတော့ အောင်မြင်လိမ့်မယ်လို့ ကျွန်တော်တို့ မယူဆဘူး။ လတ်တလော အနေအထားအရ ပြင်မယ်ဆိုရုံနဲ့ပဲ ဒီပုဒ်မနဲ့ တရားစွဲခံလိုက်ရတဲ့ ဦးရေလျှော့သွားမယ်လို့ ယူဆတယ်။ အာမခံရပြီး တရားရုံးမှာ ဂုဏ်သိက္ခာရှိရှိ တရားရင်ဆိုင်နိုင်မယ့် အခြေအနေတစ်ခုကို ပြောင်းနိုင်မယ်လို့ မျှော်လင့်တယ်”ဟု မောင်ဆောင်းခက မှတ်ချက်ပြုသည်။

ဆက်သွယ်ရေးဥပဒေဆိုင်ရာ သုတေသနအဖွဲ့၏ စာရင်းများအရ လက်ရှိအစိုးရလက်ထက်တွင် အဆိုပါ ပုဒ်မဖြင့် ပြစ်ဒဏ်ချမှတ်ပြီး ကိုးမှု၊ အာမခံမရဘဲ အချုပ်ကျနေသော ငါးမှု အပါအဝင် တရားရုံးတင် တရားစွဲဆိုခံရသည့် အမှုပေါင်း ၅၆ မှုအထိ ရှိနေကြောင်းသိရသည်။ ဥပဒေပြဋ္ဌာန်းပြီးသည့် ၂၀၁၃ ခုနှစ်မှ ၂၀၁၇ ခုနှစ်၊ ဧပြီ ၂၀ ရက်နေ့အထိ စာရင်းအရဆိုပါက စုစုပေါင်း ၆၃ မှုရှိပြီဖြစ်သည်။

လက်ရှိတွင် ဆက်သွယ်ရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းမှာ သက်ဆိုင်ရာဝန်ကြီးဌာနသို့ ပြန်လည်ရောက် ရှိနေပြီး ပြန်လည်ပြင်ဆင်လိုသည်များရှိက ပြည်ထောင်စုရှေ့နေချုပ်ရုံးသို့ ပြန်လည်ပေးပို့ရမည် ဖြစ်သည်။

ထို့နောက် ဝန်ကြီးဌာနမှတစ်ဆင့် လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီသို့ တင်သွင်းကာ ထိုမှတစ်ဆင့် ပြည်ထောင်စုအစိုးရအဖွဲ့ထံ ပေးပို့ရမည်ဖြစ်သည်။ အစိုးရအဖွဲ့က သဘောတူပါက အဆိုပါ ဥပဒေကြမ်းကို လွှတ်တော်တစ်ရပ်ရပ်ထံသို့ ပြင်ဆင်ပြဋ္ဌာန်းရန် တင်သွင်းရမည်ဖြစ်သည်။

ကဗျာဆရာ မောင်ဆောင်းခကမူ လာမည့် မေ ၁၈ ရက်နေ့တွင် စတင်ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးကာလအတွင်း ပြင်ဆင်သည့် ဥပဒေကြမ်းတင်သွင်းနိုင်မည်ဟု မျှော်လင့်ထားကြောင်း Frontier ကို ပြောသည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar