နေပြည်တော်၊ မေ ၂၇
၂၁ ရာစု ပင်လုံညီလာခံ ဒုတိယအစည်းအဝေးတွင် စကားလုံးအသုံးအနှုန်းဆိုင်ရာ ညှိနှိုင်းမှုများ မပြီးပြတ်သေးသည့်အတွက် ညီလာခံကျင်းပမည့်ရက်ကို နောက်ထပ် တစ်ရက်တိုးလိုက်သည်။
မေ ၂၄ မှ ၂၈ ရက်နေ့အထိ ငါးရက်ကြာ ကျင်းပရန် မူလက စီစဉ်ထားသည့် ညီလာခံကျင်းပရက် တစ်ရက် ထပ်တိုးလိုက်ခြင်းကို နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အတည်ပြု ပြောကြားခဲ့သည်။
ညီလာခံ နောက်ဆုံးနေ့သို့ တင်သွင်း၍ အဆုံးအဖြတ်ယူမည့် အချက်များကို ညှိနှိုင်းရန် စီစဉ်ထားသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC) ကို မူလသတ်မှတ်ထားသည့်အတိုင်း မကျင်းပနိုင်တော့သဖြင့် ညီလာခံကျင်းပရက်ကိုပါ ထပ်တိုးလိုက်ရခြင်းဖြစ်သည်။
အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်၊ နိုင်ငံရေးပါတီ အစုအဖွဲ့ အစုံပါဝင်သည့် UPDJC အစည်းအဝေးကို မေ ၂၇ ရက်နေ့၊ မွန်းလွဲ ၂ နာရီခွဲတွင် မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းစင်တာ MICC (၂) တွင် ကျင်းပရန် စီစဉ်ထားရာမှ ဖျက်သိမ်းလိုက်ရခြင်းဖြစ်သည်။
မူလစီစဉ်ထားသည့် အစည်းအဝေးချိန်မတိုင်မီ နေ့လည် ၁ နာရီခန့်၌ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်ကိုယ်တိုင် ကြိုတင်လာရောက်၍ တပ်မတော်နှင့် သီးသန့်ဆွေးနွေးခြင်း၊ အစိုးရ၊ တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ရှစ်ဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးခြင်းတို့ ဆောင်ရွက်ခဲ့သေးသည်။
သို့သော် ညနေ ၃ နာရီခွဲခန့်အချိန်တွင် အခမ်းအနားစီစဉ်သူများက UPDJC အစည်းအဝေးကို မေ ၂၈ ရက်နေ့၊ နံနက် ၉ နာရီသို့ ပြောင်းလဲကျင်းပတော့မည်ဟု လာရောက်ကြေညာခဲ့ကြသည်။ ယင်းနောက် ညီလာခံကျင်းပနေသည့် MICC ၂ မှ အစုအဖွဲ့ကိုယ်စားလှယ်များ ပြန်လည်ထွက်ခွာသွားကြသည်။
တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ခေါင်းဆောင်များကမူ သီးသန့်အစည်းအဝေးပြုလုပ်ရန်ရှိသည်ဟု မီဒီယာတို့ကို ပြောကြားသည်။ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)မှ ဗိုလ်မှူးကြီး ခွန်ဥက္ကာ၏ ပြောဆိုချက်အရ အစုအဖွဲ့များအကြား စကားလုံးအသုံးအနှုန်းဆိုင်ရာ ညှိနှိုင်းမှုများ မပြီးပြတ်သေးဟု ပြောသည်။
ဥပမာ ပြည်ထောင်စုမှ ခွဲမထွက်ရဟူသော အခြေခံမူဝါဒကိုချမှတ်ရာတွင် ခွဲမထွက်ရအစား မည်သို့သော စကားလုံး အစားထိုးသုံးစွဲမည်ကို ညှိနှိုင်း၍ မရသေးသည့် အခြေအနေမျိုးဖြစ်သည်။
ငါးရက်ကြာကျင်းပနေသည့် ညီလာခံတွင် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ မြေယာနှင့် သဘာဝပတ်ဝန်းကျင် ကဏ္ဍကြီး လေးခုအတွက် အခြေခံမူဝါဒ ၄၁ ချက်ကို ချမှတ်ရန် UPDJC ကမျှော်မှန်းထားခြင်းဖြစ်သည်။
သတင်း-ဉာဏ်လှိုင်လင်း