၂၁ ရာစု ပင်လုံညီလာခံနဲ့ ပြီးခဲ့တဲ့ ငြိမ်းချမ်းရေးညီလာခံ ဘာတွေ ကွာသလဲ

လက်ရှိ ၂၁ ရာစု ပင်လုံညီလာခံနဲ့ အရင် သမ္မတဦးသိန်းစိန် ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအကြား အဓိကကျတဲ့ ခြားနားမှုကတော့ ညီလာခံမှာ ပါဝင်တဲ့ သူတွေပါ။ 

စည်သူအောင်မြင့် ရေးသားသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လမ်းညွှန်ခဲ့တဲ့အတိုင်းလာမယ့် သြဂုတ်လ ၃၁ ရက်ဆိုရင် ၂၁ ရာစု ပင်လုံညီလာခံကို ပထမဦးဆုံးအကြိမ်အဖြစ် ကျင်းပကြပါတော့မယ်။

ပထမဦးဆုံးအကြိမ်လို့ ဆိုရတာကတော့ နောက်ထပ် ၆ လတန်သည်၊ ကာလတစ်ခု တန်သည် ဒီလိုညီလာခံမျိုး အကြိမ်ကြိမ် ကျင်းပကြဦးမှာမို့ ဖြစ်ပါတယ်။ ခုဆိုရင် ညီလာခံကြီးနဲ့ ပတ်သက်တဲ့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေလည်း ချပြီး ဖြစ်တာမို့ ကျင်းပတော့မယ့် ညီလာခံ ပုံပန်းသဏ္ဍာန်ကို မှန်းဆနိုင်ပါပြီ။

ညီလာခံဘယ်လိုပုံစံမျိုးလဲ၊ အရင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်ကကျင်းပခဲ့တဲ့ တစ်ကြိမ်တည်းသော ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံနဲ့ ဘာတွေ ကွာခြားမလဲ၊ ဒီညီလာခံကနေ ဘာတွေ မျှော်မှန်းနိုင်မလဲဆိုတာ ဒီတစ်ပတ် ဆွေးနွေးကြည့်ကြရအောင်ပါ။

လက်ရှိ ၂၁ ရာစု ပင်လုံညီလာခံနဲ့ အရင် သမ္မတဦးသိန်းစိန် ကျင်းပခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံအကြား အဓိကကျတဲ့ ခြားနားမှုကတော့ ညီလာခံမှာ ပါဝင်တဲ့ သူတွေပါ။ ပြောရရင် အရင် ညီလာခံတုန်းကအဓိက ပါဝင်ခဲ့သူတွေကတော့ အစိုးရ၊ လွှတ်တော်ထဲရောက်နေတဲ့ စစ်ဗိုလ်ချုပ်ဟောင်းအုပ်စု၊ တပ်မတော်သားအစုအဖွဲ့နဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် NCA လက်မှတ်ထိုးထားတဲ့ ကေအင်န်ယူ အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့ပဲ ဖြစ်ပါတယ်။

အခုတစ်ခေါက် ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပချိန်ကတော့ ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲအပြီး အင်န်အယ်လ်ဒီပါတီ အပြတ်အသတ် အနိုင်ရ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီအစိုးရ အာဏာရနေတဲ့အချိန် ဖြစ်နေပါတယ်။

ဒီအတွက် ညီလာခံထဲမှာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရနဲ့ လွှတ်တော်ဘက်က အမတ်တွေ၊ တပ်မတော်သားတွေ၊ အပစ်ရပ်ထားပြီးသား လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ၊ အပစ်ရပ် မထားတဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ စသဖြင့် စုံစုံလင်လင် ပါဝင်ကြမှာမို့ မြန်မာ့သမိုင်းမှာ တစ်ကြိမ်တစ်ခါမှ မရှိဖူးသေးတဲ့၊ မကျင်းပဖူးသေးတဲ့ ညီလာခံအမျိုးအစား၊ ထူးခြားတဲ့ ညီလာခံတစ်ခုလို့ ဆိုရမယ် ဖြစ်ပါတယ်။

နောက်တစ်ခု ထူးခြားတာကတော့ အရင် သမ္မတဦးသိန်းစိန် အစိုးရလက်ထက်က ကျင်းပတဲ့ ညီလာခံမှာ တက်ရောက်လာတဲ့ ကိုယ်စားလှယ်တွေကို အဆင့်အတန်း ခွဲခြားသတ်မှတ်မှု ထားရှိခဲ့တာပါ။ နမူနာအားဖြင့် NCA လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ကိုယ်စားလှယ်တွေအဖြစ်နဲ့ အသိအမှတ်ပြုပြီး လက်မှတ်ထိုးမထားတဲ့ အဖွဲ့တွေကိုတော့ လေ့လာသူအဖြစ်ပဲ သတ်မှတ် ဖိတ်ကြားခဲ့တာ ဖြစ်ပါတယ်။

ဒါကြောင့်လည်း အဲဒီညီလာခံကို အပစ်ရပ်မထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အများစု မတက်ကြပါဘူး။ အခု ၂၁ ရာစု ပင်လုံညီလာခံမှာတော့ တက်ရောက်သူအားလုံး တန်းတူညီတူ ဖြစ်တယ် ဆိုတာကို အသိအမှတ်ပြုတဲ့အနေနဲ့ “ညီလာခံကိုယ်စားလှယ်” ဆိုတဲ့ အသုံးအနှုန်းမျိုးကိုတောင် မသုံးနှုန်းဘဲ “ညီလာခံတက်ရောက်သူများ” ဆိုတဲ့ အသုံးအနှုန်းကိုပဲ သုံးနှုန်းဖို့ နောက်ဆုံးကျင်းပ ပြီးစီးသွားတဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးမှာ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီကော်မတီဟာ ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်တဲ့ အဖွဲ့အစည်းလည်း ဖြစ်ပါတယ်။

အခုကျင်းပမယ့် ၂၁ ရာစု ပင်လုံညီလာခံမှာ ညီလာခံ တက်ရောက်မယ့် အဖွဲ့အစည်းအားလုံးက ကိုယ့်ခံယူချက်၊ ကိုယ့် ထင်မြင်ယူဆချက်တွေကို ပြောဆိုတင်ပြလို့ ရကြမှာ ဖြစ်ပေမဲ့ ဒီညီလာခံကနေတော့ ဘာဆွေးနွေးမှုမှ မလုပ်ဘူး၊ ဘာဆုံးဖြတ်ချက်မှ ချမှာမဟုတ်ဘူး ဆိုတာပါပဲ။

ဒီအချက်ကတော့ အရင် သမ္မတဦးသိန်းစိန် လက်ထက်က လုပ်ခဲ့တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံနဲ့ သဘောထားချင်း အတူတူပါပဲ။ အဲဒီတုန်းကလည်း ညီလာခံမှာ စာတမ်းဖတ်တာ၊ သဘောထားတင်ပြတာ၊ ဆွေးနွေးတာတွေ ရှိပေမဲ့ ဘာဆုံးဖြတ်ချက်မှ မချဘဲ ပြောဆိုဆွေးနွေးခဲ့သမျှတွေကို မှတ်တမ်းတင်ထားခဲ့တာ ဖြစ်ပါတယ်။

အရေးကြီးတာက ၂၁ ရာစု ပင်လုံညီလာခံကြီး ကျင်းပနေချိန် တိုင်းပြည်ထဲမှာ သေနတ်သံတွေ မထွက်၊ တိုက်ပွဲတွေ ဖြစ်မနေဖို့ပါပဲ။ အဲသလိုဖြစ်နေရင် ညီလာခံကြီး အရုပ်ဆိုး အကျည်းတန်သွားပါလိမ့်မယ်။ ဒီအတွက် ပဋိပက္ခမှာ ပါဝင်နေတဲ့ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ အမြော်အမြင်ရှိစွာနဲ့ သည်းခံစိတ်ရှည်ပေးကြဖို့ လိုအပ်နေပါကြောင်း

ဒါဆိုရင် ဒီညီလာခံရဲ့ အကျိုးသက်ရောက်မှု ဘယ်လိုရှိမလဲ မေးစရာ ရှိလာပါတယ်။ မှန်ပါတယ်။ ဒီညီလာခံဟာ တကယ်ဆွေးနွေး၊ တကယ်ငြင်းခုံ၊ တကယ်ဆုံးဖြတ်၊ တကယ် ရလဒ်ထွက်ပေါ်အောင် အကောင်အထည် ဖော်မယ့် ညီလာခံတွေအတွက် အစပြုတဲ့၊ နိုင်ငံရေး ဆွေးနွေးပွဲတွေအတွက် အစပျိုးတဲ့ အဖွင့်ညီလာခံတစ်ခုပဲ ဖြစ်ပါလိမ့်မယ်။

ဒီလို ဖြစ်ရတာကလည်း အကြောင်းရှိပါတယ်။ ပထမတစ်ချက်ကတော့ အချိန်ပြဿနာ ဖြစ်ပါတယ်။ တကယ် အသက်ဝင်တဲ့ ညီလာခံတစ်ရပ် ဖြစ်ဖို့ဆိုရင် ပါဝင်တက်ရောက်မယ့်သူတွေကြားမှာ ဆွေးနွေး ညှိနှိုင်းစရာ အများကြီး ကျန်နေသေးလို့ ဖြစ်ပါတယ်။

ဘယ်အကြောင်းအရာတွေကို အဓိကထား ဆွေးနွေးမှာလဲ၊ ဘယ်ကိစ္စတွေကို ရှေ့တန်းတင်ပြီး၊ ဘယ်ပြဿနာတွေကို နောက်ဆုတ်ထားမှာလဲ။

ဘယ်အကြောင်းအရာတွေကို ဆွေးနွေးပြီး ဘယ်နည်းဘယ်ပုံ ဆုံးဖြတ်ကြမှာလဲ။ မဲခွဲဆုံးဖြတ်ကြမလား၊ မဲခွဲရင် ဘယ်သူတွေက မဲပေးခွင့် ရှိမှာလဲ၊ အားလုံးသဘောတူတာကိုပဲ ဆုံးဖြတ်ချက်အဖြစ် သတ်မှတ်မလား၊ ဒါမှမဟုတ် အုပ်စုတစ်ခုရဲ့ ရာခိုင်နှုန်းတစ်ခုက သဘောတူရင် အတည်ဖြစ်တယ်ဆိုတဲ့ မူမျိုးနဲ့ ဆုံးဖြတ်မလား၊ စသဖြင့် စသဖြင့် အများကြီး ညှိနှိုင်းကြရဦးမှာမို့ ဖြစ်ပါတယ်။

ဒါကြောင့် ဒီပထမဦးဆုံးအကြိမ် ၂၁ ရာစု ပင်လုံညီလာခံမှာ ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး မျက်နှာစုံညီ တွေ့ဆုံကြပြီး ကိုယ့်ယူဆချက်၊ ခံယူချက်တွေကိုပြော၊ နောင် ညီလာခံတွေအတွက် အစပျိုးဆိုတဲ့ အဆင့်လောက် သတ်မှတ် ကျင်းပလိုက်တာ ဖြစ်ပါတယ်။

လက်ရှိ ငြိမ်းချမ်းရေး အကောင်အထည်ဖော်နေတဲ့ UPDJC အဖွဲ့ကြီးရဲ့ ရည်ရွယ်ချက်ကတော့ ၂၁ရာစု ပင်လုံညီလာခံကြီး နောက်ပိုင်းကာလမှာ အပစ်ရပ်မထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ NCA စာချုပ်မှာ ပါဝင် လက်မှတ်ရေးထိုးလာအောင် ကြိုးစားညှိနှှိုင်းသွားမယ့်သဘော မြင်တွေ့ရပါတယ်။

NCA စာချုပ်မှာ လက်မှတ်ထိုးထားတဲ့အဖွဲ့တွေ များလာတာနဲ့အမျှ နောင် ကျင်းပမယ့် ငြိမ်းချမ်းရေး ညီလာခံအတွက် တကယ် အလုပ်ဖြစ်မယ့်၊ ဆုံးဖြတ်ချက်ချနိုင်မယ့် ညီလာခံတွေ ဖြစ်လာအောင် မူဘောင် ပြုပြင်ရေး ဆွေးနွေးပွဲတွေ လုပ်လာနိုင်မယ်လို့ မျှော်လင့်ထားပုံရပါတယ်။

ဒီကြားထဲမှာ နိုင်ငံရေးပါတီတွေ၊ အရပ်ဘက် အဖွဲ့အစည်းတွေပါ ပါဝင်မယ့် နိုင်ငံရေး ဆွေးနွေးပွဲတွေကိုလည်း ပြည်နယ်နဲ့ တိုင်းအသီးသီးမှာ ပုံစံအမျိုးမျိုးနဲ့ ကျင်းပပြီး နောင်ကျင်းပမယ့် ညီလာခံအတွက် အမြင်သဘောထားတွေ စုစည်းမယ့် အလုပ်မျိုးတွေလည်း လုပ်ကိုင်ကြဦးမယ်လို့ ဆိုပါတယ်။

အရင် သမ္မတဦးသိန်းစိန် လက်ထက်က ငြိမ်းချမ်းရေး အကောင်အထည်ဖော်ခဲ့သူတွေ၊ တပ်မတော်နဲ့ လက်ရှိဒေါ်အောင်ဆန်းစုကြည်တို့ ကြားမှာပါ တူညီတဲ့အချက် တစ်ခုကတော့ အားလုံးပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေက သဘောတူပြီးရလာတဲ့ ရလဒ်တွေကို လွှတ်တော်တင်၊ လွှတ်တော်က အတည်ပြုပြီးတဲ့အခါ ဆုံးဖြတ်ထားချက်တွေအတိုင်း ဖွဲ့စည်းပုံထဲမှာပြင် ဆိုတာမျိုးးပဲ ဖြစ်ပါတယ်။ အရေးကြီးတာက ၂၁ ရာစု ပင်လုံညီလာခံကြီး ကျင်းပနေချိန် တိုင်းပြည်ထဲမှာ သေနတ်သံတွေ မထွက်၊ တိုက်ပွဲတွေ ဖြစ်မနေဖို့ပါပဲ။

အဲသလိုဖြစ်နေရင် ညီလာခံကြီး အရုပ်ဆိုး အကျည်းတန်သွားပါလိမ့်မယ်။ ဒီအတွက် ပဋိပက္ခမှာ ပါဝင်နေတဲ့ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားအဖွဲ့တွေ အမြော်အမြင်ရှိစွာနဲ့ သည်းခံစိတ်ရှည်ပေးကြဖို့ လိုအပ်နေပါကြောင်း တင်ပြလိုက်ရပါတယ်။

ခေါင်းစီးဓာတ်ပုံ- ၁၉၄၇ ခုနှစ် ပင်လုံညီလာခံတွင် ဗိုလ်ချုပ်အောင်ဆန်း တက်ရောက်လက်မှတ်ထိုးနေစဉ်။ ဓာတ်ပုံ – ဝီကီပီဒီယာ

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.