၂၁ ရာစု ပင်လုံညီလာခံတွင် “ဝ” တို့ ပါဝင်လာရန် အစိုးရက မျှော်လင့်နေဆဲ

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၃

ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်လည်သုံးသပ်ပြီး လမ်းစဉ်သစ်ရှာရန် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို တိုက်တွန်းလိုက်သည့် “ဝ” တို့နှင့် ဆွေးနွေးမှုများ ဆက်လုပ်နေပြီး မတ်လအတွင်း ကျင်းပရန်ရှိသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ ၂၁ ရာစု ပင်လုံတွင် ပါဝင်လာမည်ဟု မျှော်လင့်နေဆဲဖြစ်ကြောင်း အစိုးရ၏ ငြိမ်းချမ်းရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က မီဒီယာများကိုပြောကြားသည်။

နေပြည်တော်ရှိ မြန်မာကွန်ဗန်းရှင်းစင်တာ ၂ တွင် ၂၁ရာစု ပင်လုံညီလာခံအတွက် ရည်ရွယ်ပြီး ယနေ့ပြုလုပ်သော အရပ်ဖက်အဖွဲ့အစည်းများဖိုရိမ်၏ ခေတ္တအားလပ်ချိန်အတွင်း “ညှိနှိုင်းဆွေးနွေးမှုတွေ ဆက်ရှိနေပါတယ်” ဟု ၎င်းက ပြောကြားခြင်းဖြစ်သည်။

သို့သော် အပစ်ရပ်လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမြို့တော်ဖြစ်သော ပန်ဆန်းတွင် တွေ့ဆုံနေသည့် ဆွေးနွေးပွဲ၏ အဖွင့်မိန့် ခွန်းတွင် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ၏ ဥက္ကဋ္ဌ ပေါက်ယူချမ်းပြောသော သဘောထားများနှင့် စပ်လျဉ်း၍ မှတ်ချက်ပြုရန်ကိုမူ ဦးသိန်းဇော်က ငြင်းဆန်သည်။

ယခုလ ၂၂ ရက်နေ့က စတင်ကျင်းပနေသည့် အဆိုပါဆွေးနွေးပွဲသို့ ကေအိုင်အိုအပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ရှစ်ခုမှ ကိုယ်စားလှယ် ၄၀ ဦးခန့် တက်ရောက်နေပြီး လက်ရှိအချိန်တွင် ငြိမ်းချမ်းရေး၏ အရိပ်အယောင်ပင်မမြင်ရသေးဟုလည်း ပေါက်ယူချမ်းက ပြောကြားထားသည်။

ထို့ပြင် တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် NCA သည် ပြည်တွင်းစစ်ပွဲများရပ်စဲနိုင်ခြင်းမရှိသလို ပိုမိုဆိုးရွားလာသော အနေအထားကို ရှောင်လွှဲရန်လိုသည်ဟုလည်း တက်ရောက်လာသူတို့ကို ၎င်းကတိုက်တွန်းထားသည်။

ဝ အဖွဲ့သည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များထဲတွင် အင်အားအကြီးဆုံးဖြစ်ပြီး NCA ကို ပါဝင်လက်မှတ် ရေးထိုးခြင်းမရှိသလို လက်ရှိအစိုးရလက်ထက် ပြီးခဲ့သည့် နှစ်အတွင်း နေပြည်တော်၌ ပထမအကြိမ်ပြုလုပ်သည့် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ – ၂၁ ရာစုပင်လုံသို့ တက်ရောက်လာသည့် ဒေသဆိုင်ရာ ဌာနမှူးအဆင့်ကိုယ်စားလှယ်အဖွဲ့မှာလည်း အစည်းအဝေး ဒုတိယမြောက်နေ့ အစီအစဉ်များမပြီးဆုံးမီ ထပြန်သွားခဲ့ဖူးသည်။

၂၀၀၈ အခြေခံဥပဒေဖြင့် ရှမ်းပြည်နယ်ရှိ ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်းနှင့် ပန်ဆန်း(ပန်ခမ်း) မြို့နယ်ခြောက်ခုတို့ကိုပေါင်း၍ “ဝ” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအဖြစ် သတ်မှတ်ခံထားရသော်လည်း ၎င်းတို့ ကိုယ်၎င်းတို့ “ဝ” ပြည်နယ်ဟု သတ်မှတ်ခေါ်ဆိုထားသည့်စာတမ်းကို ၂၁ ရာစု ပင်လုံ ပထမအစည်းအဝေးတွင် တင်သွင်းဖူးသည်။

အဆိုပါ အဖွဲ့နှင့် တပ်မတော်တို့အကြား ၁၉၈၉ ခုနှစ်ကတည်းက ပစ်ခတ်တိုက်ခိုက်မှုများမရှိသော်လည်း ၂၀၁၀ ခုနှစ်နောက်ပိုင်း ဒီမိုကရေစီနိုင်ငံရေးစနစ်စတင်သည့် အချိန်မှစတင်တာဝန်ယူခဲ့အစိုးရတို့၏ အားလုံးပါဝင်ရေး ကြိုးပမ်းသည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များတွင်မူ တက်ကြွစွာ ပါဝင်ဆောင်ရွက်မှုမတွေ့ရပေ။

၂၀၁၆ ခုနှစ်၊ သြဂုတ် ၃၁ ရက်မှ စတင်ကာ ငါးရက်တာကျင်းပခဲ့သည့် ပထမအကြိမ် ၂၁ ရာစုပင်လုံသို့ ၎င်းတို့တင်သွင်းသွားသည့် စာတမ်းတွင်လည်း ယင်းနှင့်စပ်လျဉ်းသည့် သဘောထားပါဝင်ခဲ့ပြီး အစိုးရ၊ တပ်မတော်တို့နှင့် ပြည်နယ် အဆင့်၊ ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုပြီးဖြစ်၍ နှစ်ဖက် နိုင်ငံရေး ငြိမ်းချမ်းရေးစာချုပ် ဆွေးနွေးမှု အဆင့်သို့ ဆက်လက်တက်လှမ်းရေးမူကို “ဝ” ပြည်နယ်က စွဲကိုင်ထိန်းသိမ်းထားသည်ဟု ပါဝင်သည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar