ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်း၊ တရုတ်အတွက် ဘယ်လောက် အရေးကြီးနေသလဲ

မလိခ မြစ်ပေါ်မှာ ရေကာတာ တစ်ခု၊ မေခ မြစ်ပေါ်မှာ ရေကာတာ ငါးခု၊ မေခ၊ မလိခ မြစ်နှစ်သွယ် ပေါင်းဆုံရာ ဧရာဝတီ မြစ်ဆုံမှာ ရေကာတာ တစ်ခု စုစုပေါင်း ရေကာတာ ခုနှစ်ခု တည်ဆောက်ပြီး ရေအားလျှပ်စစ်ဓာတ်အားတွေ ထုတ်ယူဖို့ပါ။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ မတ်လ ၃ ရက်က ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းကို အကောင်အထည် ဖော်ခဲ့တဲ့ တရုတ် State Power Investment Corporation SPIC ရဲ့ နိုင်ငံတကာ စီးပွားရေး ဌာန ညွှန်ကြားရေးမှူးချုပ် လျူဇန် Liu Zhan ဟာ ပီကင်းမြို့ကို အလည်အပတ် ရောက်နေတဲ့ မြန်မာစာနယ်ဇင်းသမားတွေနဲ့ တွေ့ဆုံပါတယ်။

အဲလို တွေ့ဆုံရာမှာ အရင် CPI ကုမ္ပဏီကနေ ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ SPIC ကုမ္ပဏီအနေနဲ့ လက်ရှိ မြန်မာနိုင်ငံက ဧရာဝတီ မြစ်ဆုံရေကာတာ စီမံကိန်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ် တက်လာရင် ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်လိုတယ်၊ ဖြစ်နိုင်ရင် စီမံကိန်းကို ပြန်လည်လုပ်ကိုင်လိုတယ် ဆိုပြီး ပြောပါတယ်။

အလားတူ မတ်လ ၄ ရက် ရန်ကုန်မှာ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက တရုတ်-မြန်မာ ဆက်ဆံရေးနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ တစ်ခု လုပ်ပါတယ်။ အဲဒီမှာလည်း မြစ်ဆုံ ရေကာတာ စီမံကိန်း ကိစ္စ ထုတ်ဖော်ပြောဆိုခဲ့ပါသေးတယ်။ တိုက်ဆိုင်တယ်လို့ပဲ ပြောရမလား၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးက အဲဒီ ကိစ္စ ပြောပြီးလို့ ရက်ပိုင်းမှာပဲ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရီ Wang Yi ကလည်း ပီကင်းမှာ ကျင်းပနေတဲ့ တရုတ်ကွန်မြူနစ်ပါတီ နှစ်ပတ်လည် ညီလာခံက သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံဆိုင်ရာ ကိစ္စတွေနဲ့ မြစ်ဆုံ ရေကာတာ အကြောင်း ထပ်ပြီး ပြောလာပြန်ပါတယ်။ ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းဟာ တရုတ်နိုင်ငံအတွက် ဘယ်လောက် အရေးပါလဲ၊ ဒီ ပြဿ     နာ ဘယ်လို ဖြေရှင်းဖို့ ကြံရွယ်ထားကြပြီး ပြေလည်မှုရော ရနိုင်ပါဦးမလား ဆိုတာ လေ့လာသုံးသပ်ကြည့်ကြရအောင်။

ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းဟာ ၂၀၀၆ ခုနှစ်ကတည်းက အစပြုခဲ့တာပါ။ အဲဒီအချိန်က မြန်မာစစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်ကြီး သီဟသူရတင်အောင်မြင့်ဦးကနေ တဆင့် မြန်မာအစိုးရအနေနဲ့ ရေအားကနေ လျှပ်စစ်ဓာတ်အား ထုတ်ယူဖို့ တရုတ် အစိုးရဆီကနေ ငွေအား၊ နည်းပညာအား အကူအညီတောင်းခံခဲ့တာကနေ အစပြုတယ်လို့ ဆိုပါတယ်။

ဒီလိုနဲ့ အလွန်ကြီးမားတဲ့ ဧရာဝတီ မြစ်ဆုံ ရေကာတာ စီမံကိန်းကြီး ဖြစ်ပေါ်လာတာပါ။ မြစ်ဆုံ ရေကာတာ စီမံကိန်းကြီး ဆိုပေမဲ့ မြစ်ဆုံပေါ်မှာ ရေကာတာ တစ်ခုတည်း တည်ဆောက်ဖို့ မဟုတ်ပါဘူး။ မလိခ မြစ်ပေါ်မှာ ရေကာတာ တစ်ခု၊ မေခ မြစ်ပေါ်မှာ ရေကာတာ ငါးခု၊ မေခ၊ မလိခ မြစ်နှစ်သွယ် ပေါင်းဆုံရာ ဧရာဝတီ မြစ်ဆုံမှာ ရေကာတာ တစ်ခု စုစုပေါင်း ရေကာတာ ခုနှစ်ခု တည်ဆောက်ပြီး ရေအားလျှပ်စစ်ဓာတ်အားတွေ ထုတ်ယူဖို့ပါ။

စီမံကိန်း အားလုံးပြီးဆုံးသွားလို့ရှိရင် အဲဒီ ရေအားလျှပ်စစ် စက်ရုံကနေ ထွက်လာမယ့် လျှပ်စစ်ဓာတ်အား ပမာဏဟာ မဂ္ဂါဝပ် ၂၁,၆၀၀ ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ လက်ရှိ ၂၀၁၅ စာရင်းတွေအရ မြန်မာနိုင်ငံမှာ မဂ္ဂါဝပ် ၅,၀၀၀ ကျော်လောက်ပဲ ထုတ်လုပ်နိုင်သေးတဲ့အတွက် မြန်မာတစ်နိုင်ငံလုံးက ထုတ်လုပ်သုံးစွဲနေတာရဲ့ လေးဆကျော် ထွက်ရှိမယ့် အလွန့်အလွန် ကြီးမားတဲ့ စီမံကိန်းကြီး ဖြစ်တယ်လို့ ဆိုပါတယ်။

ပြဿ     နာက စီမံကိန်း လုံးလုံး မစတင်မီမှာ ဆိုင်းငံ့လိုက်တာ မဟုတ်ဘဲ အတိုင်းအတာ တစ်ခုအထိ ငွေကုန်ကြေးကျခံ အကောင်အထည် ဖော်ပြီးမှ ရပ်ဆိုင်းလိုက်တာမို့လို့ ပြဿ     နာတွေနဲ့ မတင်မကျ ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။

စီမံကိန်းကြီး တစ်ခုလုံးဆိုရင် ဒေါ်လာ ဘီလျံ ၃၀ လောက် တန်ကြေးရှိတဲ့ စီမံကိန်းကြီး ဖြစ်တယ်လို့ သိရပါတယ်။ ဒါဟာ တရုတ်အစိုးရပိုင် ကုမ္ပဏီတစ်ခုကနေ နိုင်ငံခြားထွက်ပြီး လုပ်ကိုင်တဲ့ စီမံကိန်းတွေထဲမှာ ဒုတိယမြောက် အကြီးဆုံး ဖြစ်ပါတယ်။ ကနဦး စာချုပ်ချုပ်ဆိုမှုတွေအရ ဒီစီမံကိန်းကြီးအတွက် မြန်မာအစိုးရက ၁၅ ရာခိုင်နှုန်း၊ မြန်မာနိုင်ငံက ပုဂ္ဂလိက ကုမ္ပဏီ တစ်ခုဖြစ်တဲ့ အေးရှားဝေါလ်က ၅ ရာခိုင်နှုန်းနဲ့ တရုတ် CPI ကုမ္ပဏီက ၈၀ ရာခိုင်နှုန်း ထည့်ဝင် လုပ်ကိုင်ကြမယ်လို့ ဆိုပါတယ်။

ထွက်လာတဲ့ လျှပ်စစ်ဓာတ်အားတွေနဲ့ ပတ်သက်ပြီး ၁၀ ရာခိုင်နှုန်း မြန်မာနိုင်ငံက အခမဲ့ သုံးစွဲခွင့် ရမယ်လို့ ဆိုပါတယ်။ တကယ်လို့ လိုချင်သေးတယ် ဆိုရင် နောက်ထပ် ၂၀ ရာခိုင်နှုန်း အထိ ကုမ္ပဏီကနေ ဝယ်ယူသုံးစွဲနိုင်တယ်လို့ ဆိုပါတယ်။ ဈေးနှုန်းကတော့ ကုမ္ပဏီကနေ တရုတ် ဒါမှမဟုတ် တခြားနိုင်ငံတွေကို ရောင်းချတဲ့ ဈေးနှုန်းအတိုင်း ဖြစ်မယ်လို့ သတ်မှတ်ထားပါတယ်။

ကျန် ၇၀ ရာခိုင်နှုန်းကိုတော့ ကုမ္ပဏီက လွတ်လွတ်လပ်လပ် ဈေးကွက်တင် ရောင်းချမယ်လို့ ဆိုပါတယ်။ ဒီလို ရောင်းချရာမှာ တရုတ် တစ်နိုင်ငံတည်း အတွက် ရည်ရွယ်တာ မဟုတ်ဘဲ အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်လို နိုင်ငံတွေအထိ ရောင်းချဖို့ ရည်ရွယ်ရင်း ရှိတယ်လို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အရင် စစ်အစိုးရနဲ့ သဘောတူညီချက် လုပ်ထားတဲ့ မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်းတွေဟာ အစိုးရသစ် တက်လာတော့ ပြည်သူလူထုက ကန့်ကွက်တာနဲ့ သမ္မတ ဦးသိန်းစိန် အစိုးရက သူ့လက်ထက်မှာတော့ ဆက်အကောင်အထည် မဖော်စေရဘူး ဆိုပြီး ယာယီ ဆိုင်းငံ့ထားလိုက်ပါတယ်။ ပြဿ     နာက စီမံကိန်း လုံးလုံး မစတင်မီမှာ ဆိုင်းငံ့လိုက်တာ မဟုတ်ဘဲ အတိုင်းအတာ တစ်ခုအထိ ငွေကုန်ကြေးကျခံ အကောင်အထည် ဖော်ပြီးမှ ရပ်ဆိုင်းလိုက်တာမို့လို့ ပြဿ     နာတွေနဲ့ မတင်မကျ ကျန်ရစ်ခဲ့တာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန်ဟာ မြစ်ဆုံစီမံကိန်းကို ၂၀၁၁ စက်တင်ဘာမှာ ယာယီ ရပ်ဆိုင်းထားဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ၂၀၁၃ ခုနှစ်မှာတော့ တရုတ် ကုမ္ပဏီဘက်က သူတို့ တင်သွင်းထားတဲ့ စက်ပစ္စည်း ကိရိယာတွေနဲ့ တကွ၊ ယန္တရားတွေ လူတွေအားလုံးကို ရုပ်သိမ်းပြီးသွားပြီလို့ ဆိုပါတယ်။  တရုတ် CPI ကုမ္ပဏီကို ဆက်ခံတဲ့ လက်ရှိ SPIC ကုမ္ပဏီ ညွှန်ကြားရေးမှူးချုပ် မစ္စတာ လျူဇန် ရဲ့ ပြောကြားချက်အရ စီမံကိန်း ရပ်ဆိုင်းလိုက်ရတဲ့ အချိန်အထိ မြစ်ဆုံ ရေကာတာ စီမံကိန်း တစ်ခုတည်းအတွက်ကိုပဲ တရုတ် ရင်မင်ဘီ ၄ ဒသမ ၇ ဘီလျံနဲ့ ညီမျှတဲ့ ဒေါ်လာ သန်း ၈၀၀ ကျော် အသုံးပြုထားပြီးပြီလို့ ဆိုပါတယ်။ ဒီငွေတွေကို ဘဏ်တွေကနေ ချေးယူ လုပ်ကိုင်တာ ဖြစ်တဲ့အတွက် စီမံကိန်း ရပ်ဆိုင်းထားရတဲ့ ယနေ့တိုင် အတိုးငွေတွေ ပေးချေနေရဆဲလို့ ဆိုပါတယ်။ ဒီငွေကြေးပမာဏဟာ အလွန်များလွန်းတဲ့အတွက် တရုတ် အစိုးရအနေနဲ့လည်း မြစ်ဆုံစီမံကိန်း ပြဿ     နာကို ဂရုစိုက်နေရတာလို့ ဆိုပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် SPIC ကုမ္ပဏီ အကြီးအကဲနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ မြစ်ဆုံ ရေကာတာ စီမံကိန်းပြဿ     နာ တွေ့ဆုံဆွေးနွေးနိုင်ဖို့ အင်န်အယ်လ်ဒီ ဘက်ကို တင်ပြထားခဲ့ပြီး လာမယ့် မေလအတွင်းလောက် တွေ့ဆုံဆွေးနွေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

တစ်ဘက်မှာလည်း မြစ်ဆုံရေကာတာ စီမံကိန်း ဆိုတာဟာ မြန်မာပြည်သူအများက အုံးအုံးကြွက်ကြွက် ကန့်ကွက်ထားခဲ့တဲ့ စီမံကိန်းကြီး ဖြစ်လေတော့ စီမံကိန်း ပြန်စနိုင်အောင် ခွင့်ပြုဖို့ အင်န်အယ်လ်ဒီ ဘက်မှာလည်း အခက်အခဲ အများကြီး ရှိနိုင်ပါတယ်။ အခြားတစ်ဘက်မှာလည်း မြန်မာနိုင်ငံဟာ လျှပ်စစ်စွမ်းအင် လိုအပ်ချက် အလွန်ကြီးမားနေဆဲ အခြေအနေမှာ ရှိနေပါသေးတယ်။

အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် အင်န်အယ်လ်ဒီအစိုးရနဲ့ တရုတ် အစိုးရတို့ဟာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုကို ထိန်းသိမ်းထားရေး၊ နှစ်ဘက် ပြည်သူတွေရဲ့ သဘောထား ဆန္ဒတွေကို အလေးထားရေး၊ တစ်ဘက်နဲ့ တစ်ဘက် ပြုထားတဲ့ ကတိကဝတ်တွေကို တတ်နိုင်သမျှ လိုက်နာစောင့်ထိန်းရေးနဲ့ နှစ်ဘက် အကျိုးစီးပွားရှိစေရေးမူတွေအပေါ် အခြေခံပြီး ဧရာဝတီ မြစ်ဆုံ စီမံကိန်းကိစ္စကို တစ်ဘက်နဲ့ တစ်ဘက် စိတ်ရှည်သည်းခံမှုတွေနဲ့အတူ ဆွေးနွေး အဖြေရှာသင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar