ဦးဝီရသူနဲ့ မဘသအဖွဲ့ကို အစိုးရ ကိုင်တွယ်နိုင်မှာလား

အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး မဘသ အဖွဲ့နဲ့ အဖွဲ့ရဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဦးဝီရသူတို့ဟာ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးရဲ့ထုတ်ပြန်ချက်ကို ဆန့်ကျင်ဆောင်ရွက်နေတာမို့ အစိုးရသစ်မှာ အရေးယူဖို့ရာ အကျပ်တွေ့နေရပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်က မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ သံဃာတွေနဲ့ပတ်သက်ပြီး အမြင့်ဆုံး အဖွဲ့အစည်း ဖြစ်တဲ့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးဟာ နာမည်ကြီး မဘသ ဆရာတော် တစ်ပါးဖြစ်တဲ့ ဦးဝီရသူကို တရားဟောခွင့် တစ်နှစ်ပိတ်ပင်တဲ့ ညွှန်ကြားချက် တစ်စောင် ထုတ်ပြန်လိုက်ပါတယ်။

အလားတူပါပဲ၊ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့သစ် တက်ပြီး သိပ်မကြာခင် အချိန်တုန်းကလည်း နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးဟာ သံဃာတွေ၊ လူတွေနဲ့ ပူးပေါင်းဖွဲ့စည်းထားတဲ့ အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး မဘသ အဖွဲ့ဆိုတာဟာ တရားဝင် အဖွဲ့အစည်း တစ်ခုမဟုတ်တဲ့အကြောင်း ထုတ်ပြန် ကြေညာခဲ့ပါသေးတယ်။

ပြောရရင် အင်န်အယ်လ်ဒီ အစိုးရဟာ အတိုက်အခံဘဝကရော၊ လက်ရှိ အစိုးရတာဝန်ယူပြီး ကာလမှာပါ သံဃာတချို့ရဲ့ ဆန့်ကျင်တိုက်ခိုက်တာ ခံရပါတယ်။ သံဃာတချို့ဟာ အင်န်အယ်လ်ဒီပါတီကို ဘာကြောင့် တိုက်ခိုက်နေကြသလဲ၊ နောက်ခံ ဘာအကြောင်းတရားတွေ ရှိမလဲ၊ လက်ရှိ အင်န်အယ်လ်ဒီဟာ အစိုးရ ဖြစ်ပြီမို့ ဦးဝီရသူ အပါအဝင် အဲဒီ သံဃာတချို့နဲ့ မဘသ အဖွဲ့ကြီးကို ထိန်းချုပ်နိုင်ပါ့မလား ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဦးဝီရသူဟာ ဘာသာ တစ်ခုနဲ့ တစ်ခုအကြား အမုန်းတရား ပွားများပြီး ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားစေနိုင်သည့် ဟောပြောမှုများ၊ အမုန်းတရား ကြီးထွားစေရန် ဟောပြောမှုများ၊ တရားဥပဒေ စိုးမိုးမှုကို အဟန့်အတား ဖြစ်စေသည့် ဟောပြောမှုများနှင့် နိုင်ငံရေးပါတီများကြားတွင် ဘက်လိုက်ဝေဖန် ဟောပြောမှုများကို ဒေသအနှံ့အပြားမှာ ကြိမ်ဖန်များစွာ ပြုလုပ်နေတဲ့အတွက် ၂၀၁၇ မတ်လ ၁၀ ရက်ကနေ ၂၀၁၈ ခုနှစ် မတ်လ ၉ ရက်အထိ တစ်နိုင်ငံလုံးမှာ တရားဟောတာကို တစ်နှစ်တိတိ ပိတ်ပင်လိုက်တယ်လို့ ဖော်ပြပါရှိပါတယ်။

တကယ်လည်း ထုတ်ပြန်ကြေညာချက်မှာ ပါတဲ့အတိုင်း ဦးဝီရသူဟာ အစ္စလာမ်ဘာသာဝင်တွေကို အမုန်းပွားစေတဲ့ တရားဟောပြောတာ၊ သူ့ရဲ့လူမှုကွန်ရက် စာမျက်နှာမှာ ပြောင်ပြောင်တင်းတင်း ရေးသားတာ၊ အင်တာဗျူးတွေမှာ ပွင့်ပွင့်လင်းလင်း ဖြေကြားတာတွေနဲ့ပတ်သက်ပြီး နာမည်ကြီးပါတယ်။ ဒါက အထူးအဆန်း ကိစ္စ တစ်ခုတော့ မဟုတ်ပါဘူး။

တရားဥပဒေ စိုးမိုးမှုကို အဟန့်အတား ဖြစ်စေတဲ့ ဟောပြောမှုများ ဆိုတာနဲ့ပတ်သက်လို့ကတော့ သိပ်မကြာသေးခင်တုန်းက ဦးဝီရသူ ပြောခဲ့ဆိုခဲ့တာတွေက ထင်ရှားတဲ့သက်သေ ဖြစ်လာခဲ့ပါတယ်။ ဦးဝီရသူဟာ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်သူနဲ့ နောက်ကွယ်က စေခိုင်းသူတွေဖြစ်ကြတဲ့ ကြည်လင်း၊ အောင်ဝင်းဇော်၊ အောင်ဝင်းခိုင်၊ ဇေယျာဖြိုးစတဲ့ လူသတ်၊ အကြမ်းဖက်သမားတွေကို ကျေးဇူးတင်ကြောင်း အတိအလင်း ပြောဆိုခဲ့သူပါ။

ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးရုံမက နောက်ပိုင်း သတင်းမီဒီယာတွေ မေးတဲ့မေးခွန်းတွေကို ဖြေကြားရာမှာလည်း ထပ်ဆင့်အတည်ပြု ပြောဆိုရုံမက ရှေ့နေဦးကိုနီကို ခွေးရူးတစ်ကောင်နဲ့ နှိုင်းယှဉ်ပြီး၊ ခွေးရူးကို သတ်တဲ့သူတွေမို့လို့ ကျေးဇူးတင်ကြောင်း တိုင်းသိပြည်သိ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

အခုလို ဦးဝီရသူကို တရားဟောခွင့် တစ်နှစ်ပိတ်ပင်လိုက်တယ် ဆိုပေမဲ့ သူ့ကို လက်ခံတဲ့ တရားပွဲတွေမှာ ပါးစပ်ကို တိတ်နဲ့ကပ်၊ အရင်က သူဟောခဲ့တဲ့ တရားခွေတွေ ဖွင့်ပြပြီး တရားပွဲတွေ ကျင်းပနေဆဲပါပဲ။ ဒီကိစ္စ သံဃာ့အဖွဲ့အစည်းနဲ့ အစိုးရ ဘယ်လိုကိုင်တွယ်မယ် မသိရသေးပါဘူး။

နိုင်ငံရေးပါတီများကြားမှာ ဘက်လိုက်ဝေဖန် ဟောပြောမှုများလုပ်တယ် ဆိုတာကလည်း အမှန်ပါပဲ။ ပြီးခဲ့တဲ့ ရက်ပိုင်းကတင် ဧရာဝတီတိုင်း ငပုတောမြို့နယ်၊ ဟိုင်းကြီးကျွန်း၊ ကျုံကူကျေးရွာ ဘောလုံးကွင်းမှာ ဒို့တာဝန်အရေး(၃)ပါးနှင့် (၉၆၉) ခေါင်းစဉ်နဲ့ တရားဟောရာမှာ အရင်သမ္မတဟောင်း ဦးသိန်းစိန်နဲ့ လက်ရှိ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်တို့ကို နှိုင်းယှဉ်ပြီး ဟောကြားခဲ့ပါသေးတယ်။

လက်ရှိနှစ်ပိုင်းတွေအတွင်း ဦးဝီရသူ ဟောပြောခဲ့တာ၊ ရေးသားခဲ့တာ၊ အင်တာဗျူးတွေမှာ ဖြေကြားတာတွေအားလုံးလိုလိုဟာ အစ္စလာမ် ဘာသာဝင်တွေကို မုန်းတီးရေး၊ အဲဒီကမှတဆင့် အစ္စလာမ်ဘာသာဝင်တွေကို ဦးစားပေးတယ်လို့ မဟုတ်မမှန် စွပ်စွဲပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီပါတီကို ဝေဖန်တိုက်ခိုက်၊ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီကို ထောက်ခံဆိုတဲ့ အဓိပ္ပာယ်တွေ ထွက်ပါတယ်။

နောက်ဆုံး အင်န်အယ်လ်ဒီ ဥပဒေ အကြံပေး အစ္စလာမ် ဘာသာဝင် ဦးကိုနီကို လုပ်ကြံသတ်ဖြတ်သူတွေကို ကျေးဇူးတင်တယ်ဆိုပြီး အတိအလင်း ထုတ်ပြောတဲ့အထိ ဖြစ်လာရတာပါ။ အခုလို ဦးဝီရသူကို တရားဟောခွင့် တစ်နှစ်ပိတ်ပင်လိုက်တယ် ဆိုပေမဲ့ သူ့ကို လက်ခံတဲ့ တရားပွဲတွေမှာ ပါးစပ်ကို တိတ်နဲ့ကပ်၊ အရင်က သူဟောခဲ့တဲ့ တရားခွေတွေ ဖွင့်ပြပြီး တရားပွဲတွေ ကျင်းပနေဆဲပါပဲ။ ဒီကိစ္စ သံဃာ့အဖွဲ့အစည်းနဲ့ အစိုးရ ဘယ်လိုကိုင်တွယ်မယ် မသိရသေးပါဘူး။

မဘသအဖွဲ့ကြီးကတော့ တစ်မျိုးပါ။ မြန်မာနိုင်ငံမှာ မဘသအဖွဲ့ကြီးဟာ အင်အား အလွန်ကောင်းပါတယ်။ အဲဒီအဖွဲ့ကြီးထဲမှာ တကယ့်ကိုပဲ အမျိုးဘာသာ သာသနာကို စောင့်ရှောက်ရမယ်လို့ ခံယူထားတဲ့ ဗုဒ္ဓဘာသာ ရဟန်းသံဃာ အများအပြား ပါဝင်ပါတယ်။ တချို့ကတော့ အမျိုးဘာသာ သာသနာ စောင့်ရှောက်တယ်ဆိုပြီး အစ္စလာမ်ဘာသာ မုန်းတီးရေး ပြောဟော လုပ်ကိုင်ပါတယ်။ အနည်းစုကတော့ အမျိုးဘာသာ သာသနာကို ဗန်းပြပြီး အင်န်အယ်လ်ဒီ ဆန့်ကျင်ရေး၊ ပြည်ခိုင်ဖြိုးပါတီ ထောက်ခံရေး လုပ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့ ၂၀၁၅ ရွေးကောက်ပွဲ မတိုင်ခင်ကာလက အထောက်အထားတွေ အများကြီး ထွက်ပေါ်ခဲ့ပြီးပါပြီ။ ဘယ်လိုပဲဖြစ်ဖြစ် အင်န်အယ်လ်ဒီ အစိုးရသစ် တက်လာတဲ့အခါ သာသနာရေးဝန်ကြီးဟာ တိုင်းပြည်မှာ အမြင့်ဆုံး အဖွဲ့အစည်းဖြစ်တဲ့ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ဝင် ဆရာတော်ကြီးတွေဆီ လျှောက်ထားပြီး မဘသ အဖွဲ့ကြီးဟာ တရားဝင် ဖွဲ့စည်းခွင့်ရထားတဲ့ အဖွဲ့အစည်း မဟုတ်တဲ့အကြောင်း ကြေညာချက် ထုတ်ပြန်နိုင်ခဲ့ပါတယ်။

နိုင်ငံတော် သံဃမဟာနာယက အဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက်နဲ့အတူ သာသနာရေးဝန်ကြီးဌာနဟာ အောက်ခြေ အဆင့်ဆင့်သော သံဃာ့အဖွဲ့တွေဆီ မဘသ ဆိုင်းဘုတ်တွေ ဖြုတ်သိမ်းရေးကိစ္စ အကောင်အထည်ဖော်ပေးဖို့ လျှောက်ထားခဲ့ပါတယ်။ ဒါပေမဲ့ ထင်သလောက် မအောင်မြင်ခဲ့ပါဘူး။ မဘသ ဗဟိုအဖွဲ့ကြီးကတော့ ဒီကနေ့ထက်ထိ ကြေညာချက်တွေ ထုတ်နေတုန်း၊ အဖွဲ့အစည်း လှုပ်ရှားမှုတွေ လုပ်နေတုန်းပါပဲ။

တကယ်လည်း ရွေးကောက်ခံ အင်န်အယ်လ်ဒီ အစိုးရဟာ မဘသလို အဖွဲ့အစည်းမျိုးကို ကိုင်တွယ်ရ ခက်ပါတယ်။ တစ်ဘက်မှာ မဘသ အဖွဲ့အတွင်း တကယ့်ကို ဘာသာသာသနာကို ထိန်းသိမ်းကာကွယ် စောင့်ရှောက်လိုတဲ့ သံဃာထု အများစု ပါဝင်နေသလို အခြားတစ်ဘက်မှာလည်း မဘသ ထိပ်တန်း ဆရာတော်တွေကို တပ်မတော်ခေါင်းဆောင်တွေ၊ အငြိမ်းစား တပ်မတော် အရာရှိဟောင်းတွေရဲ့ လှူဒါန်း၊ ပူဇော်ဆည်းကပ်မှုကလည်း အမြဲမပြတ် ရှိနေလေတော့ ကိုင်တွယ်ရ ခက်ခဲစေတာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် မြန်မာနိုင်ငံထဲက အစွန်းရောက် သံဃာတချို့ကတော့ အစ္စလာမ်ဘာသာ မုန်းတီးရေးတွေ ဖြန့်ချိ၊ တချိန်ချိန် ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေဖြစ်၊ တိုင်းပြည် မတည်မငြိမ်ဖြစ်၊ အဲလို အချိန်မှာ တိုင်းပြည်အာဏာကို တပ်မတော်က ဝင်ရောက် ထိန်းသိမ်းရယူလိမ့်မယ်ဆိုတဲ့ နည်းလမ်းကို စိတ်ကူးယဉ်ကောင်း ယဉ်နေကြပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီ ပြဿနာဟာ တိုင်းပြည်အတွက်၊ နိုင်ငံသားတွေအတွက် အလွန့်အလွန် အန္တရာယ်ကြီးတဲ့ ကိစ္စဖြစ်တာကြောင့် အင်န်အယ်လ်ဒီ အစိုးရအနေနဲ့ အစွန်းရောက်တွေကို ထိထိရောက်ရောက် အရေးယူကိုင်တွယ်ဖို့အပြင် အခြားနည်းလမ်း မရှိကြောင်းပါ။ 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.