ဦးဖြိုးမင်းသိန်းနှင့် ရေရှည်ဆက်ဆံရန် မသင့်လျော်ဟု တပ်မတော်က ပြောကြား

နေပြည်တော် ၊ ဇူလိုင် ၁၂

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းက ဦးဖြိုးမင်းသိန်း၏ ပြောဆိုချက်များကြောင့် တပ်မတော်အနေဖြင့် ဦးဖြိုးမင်းသိန်းနှင့် အပြုသဘော ရေရှည်ဆက်ဆံရန် မသင့်လျော်ဟု တပ်မတော်က သတင်းထုတ်ပြန်ခဲ့သည်။

“ဦးဖြိုးမင်းသိန်းအနေဖြင့် ယခုကဲ့သို့ လက်လွတ်စပယ်နှင့် ထိပ်တိုက်ရင်ဆိုင်မှုပုံစံဖြင့် ပြောကြားချက်သည် နိုင်ငံတော်အစိုးရ၏ အမျိုးသားရင်ကြားစေ့ရေး ဦးတည်ချက်ကို ထိခိုက်စေသည့်အပြင် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အကြား၊ တိုင်းရင်းသားပြည်သူလူထုနှင့် တပ်မတော်အကြား ဆက်ဆံရေး ပိုမိုကောင်းမွန်စေရန် စဉ်ဆက်မပြတ် တည်ဆောက်သွားရမည်ဖြစ်သော ရေရှည်ဆက်ဆံရေး လုပ်ငန်းစဉ်များအတွက်လည်း အခက်အခဲဖြစ်လာစေနိုင်သူဖြစ်ကြောင်း သုံးသပ်ရပါသည်” ဟု တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က ယနေ့ည ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအား လိုအပ်သလို စိစစ်အရေးယူပေးပါရန် နိုင်ငံတော်အစိုးရထံ တင်ပြခဲ့ခြင်းဖြစ်သည်ဟုလည်း ဆက်လက်ဖော်ပြထားသည်။

ဇူလိုင် ၉ ရက်နေ့က ရန်ကုန်မြို့၊ ဆီဒိုးနားဟိုတယ်တွင် USAID နှင့် ပူးပေါင်းပြုလုပ်ခဲ့သည့် နိုင်ငံရေး အကျဉ်းသားများအတွက် အလုပ်အကိုင် ဖန်တီးပေးရေး အရပ်ဘက်အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း အလုပ်ရုံ ဆွေးနွေးပွဲတွင် ဦးဖြိုးမင်းသိန်းက “ အရပ်သားအုပ်ချုပ်ရေးစနစ် တက်လာပေမယ့် အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိပါဘူး။ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ ကျွန်တော်တို့ Protocol အရဆိုရင် ညွှန်ကြားရေးမှူးချုပ် Level ပဲဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်ဟုဆိုသည်။

ထို့ကြောင့် ထိုပြောကြားချက်နှင့် ပတ်သက်ပြီး လိုအပ်သလို စိစစ်အရေးယူပေးနိုင်ရန် တင်ပြခဲ့သည်ဟု တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးက ဇူလိုင် ၁၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သေးသည်။

ပြည်သူတို့ လိုလားတောင့်တနေသော နိုင်ငံရေးအင်အားစုများ ပြိုင်ဆိုင်ပါဝင်သည့် ပါတီစုံဒီမိုကရေစီ နိုင်ငံရေးစနစ် ကျင့်သုံးလျက်ရှိပြီး ပြည်တွင်းလက်နက်ကိုင် ပဋိပက္ခများမချုပ်ငြိမ်းသေး၍ ပြည်တွင်းငြိမ်းချမ်းရေး ကြိုးပမ်းတည်ဆောက်လျက်ရှိသော မိမိတို့နိုင်ငံအတွက် အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးသည် ပို၍ အရေးကြီးသော ဆက်ဆံရေးဖြစ်သည်ဟုလည်း ယနေ့ညထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

“သို့သော် ဦးဖြိုးမင်းသိန်းအနေဖြင့် အရပ်ဘက်၊ စစ်ဘက်ဆက်ဆံရေးဆိုတာ ဒီမိုကရေစီခေတ်မှာမရှိဟု မိမိ၏ လေ့လာမှု အားနည်းချက်ကို ဖော်ပြလျက် ထိပ်တိုက်တွေ့ဆုံရေး ပုံစံမျိုးဖြင့် ပြောကြားခဲ့ကြောင်းတွေ့ရှိရသည်” ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တပ်မတော်၏ဖွဲ့စည်းတည်ဆောက်ပုံနှင့် ကွပ်ကဲမှုစနစ် (Chain of Command) အရ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်သည် တပ်မတော်၏ အကြီးအကဲဖြစ်သည့်အပြင် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြဋ္ဌာန်းချက် ၂၀(က)အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် လက်နက်ကိုင်တပ်ဖွဲ့ အားလုံး၏ အကြီးအကဲဖြစ်သည်ဟု တပ်မတော်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၆ ခုနှစ်၊ ဇွန် ၃ ရက်တွင် ထုတ်ပြန်ခဲ့သည့် နိုင်ငံတော်သမ္မတရုံး၏ အမိန့်ကြော်ငြာစာအမှတ်(၃၂/၂၀၁၆)အရ ပြည်ထောင်စုအင်္ဂါစဉ်တွင်လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အဆင့်သတ်မှတ်ချက် အဋ္ဌမနေရာတွင်ရှိပြီး ပြည်ထောင်စုအဆင့် တာဝန်များကို ထမ်းဆောင်ရသူဖြစ်သည်ဟု ဖော်ပြထားသည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြည်ပနိုင်ငံသို့ ချစ်ကြည်ရေးခရီး သွားရောက်နေချိန်တွင် ယခုကဲ့သို့ တပ်မတော်၏ အကြီးအကဲ၊ လက်နက်ကိုင်တပ်ဖွဲ့ အားလုံး၏အကြီးအကဲအား တိုက်ရိုက်ပုတ်ခတ် ပြောဆိုခြင်းသည် တပ်မတော်အကြီးအကဲနှင့် တပ်မတော်ပုံရိပ်ကို ကျဆင်းစေရန်တပ်မတော်အား တိုက်ရိုက် ထိပါးစော်ကားခြင်းဟု တပ်မတော်က ယူဆသည်လည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဦးဖြိုးမင်းသိန်းနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့သည် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေက အပ်နှင်းထားသော တာဝန်များကို ထမ်းဆောင်နေကြခြင်းဖြစ်သော်လည်း တပ်မတော်နှင့် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်အပေါ် ဦးဖြိုးမင်းသိန်း၏ လက်လွတ်စပယ်နှင့် ထိပ်တိုက်ရင်ဆိုင်မှုပုံစံဖြင့် ပြောကြားချက်သည် နိုင်ငံတော်အစိုးရ၏ အမျိုးသားရင်ကြားစေ့ရေးဦးတည်ချက်ကို ထိခိုက်စေသည့်အပြင် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အကြား၊ တိုင်းရင်းသားပြည်သူလူထုနှင့် တပ်မတော်အကြား ဆက်ဆံရေး ပိုမိုကောင်းမွန်စေရန် စဉ်ဆက်မပြတ် တည်ဆောက်သွားရမည်ဖြစ်သော ရေရှည်ဆက်ဆံရေး လုပ်ငန်းစဉ်များအတွက်လည်း အခက်အခဲဖြစ်လာစေနိုင်သူဖြစ်ကြောင်း သုံးသပ်ရသည်ဟု ဖော်ပြထားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar