ဦးကိုနီအမှုနှင့် ပတ်သက်ပြီး ရဲနှင့် တပ်မတော် ပူးပေါင်း ဖော်ထုတ်နေပြီး လူအချို့ကို ထပ်မံဖမ်းဆီးထား

နေပြည်တော်၊ ဖေဖော်ဝါရီ ၇

ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံရမှုနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် တပ်မတော်တို့ ပူးပေါင်းအဖွဲ့ဖြင့် ဖော်ထုတ်နေသည်ကို စဉ်းစားကြည့်ပါက အဓိပ္ပာယ်အများကြီးရှိကြောင်း သမ္မတရုံး၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

“အမှုကိစ္စနဲ့ ပက်သက်ပြီး တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းပြီးတော့ ပူးပေါင်းအဖွဲ့က လုပ်နေတာ ဖြစ်တယ်။ အဲဒီမှာ စဉ်းစားကြည့်ပေါ့။ တပ်မတော်နဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့ပေါ့။ ဒီအဖွဲ့က အဓိပ္ပာယ်တွေ အများကြီးရှိပါတယ်” ဟု ဖေဖော်ဝါရီ ၆ ရက်နေ့က နေပြည်တော်တွင် မီဒီယာများကို ၎င်းက ပြောကြားသည်။

သို့သော် ပြင်ပတွင်သတင်းများထွက်ပေါ်နေသကဲ့သို့ အဆိုပါအမှုနှင့် ပတ်သက်၍ ဒုတိယမြောက် ဖမ်းဆီး စစ်ဆေးခံရသူ အောင်ဝင်းဇော်သည် တပ်မတော်အရာရှိဟောင်းတစ်ဦး ဟုတ်မဟုတ်ကိုမူ ၎င်းက အတည်ပြု ချက်မပေးခဲ့ပေ။

ထို့ပြင် အမှုနှင့် ပတ်သက်ပြီး လက်ရှိဖမ်းဆီးထားသူ ကြည်လင်းနှင့် အောင်ဝင်းဇော်တို့ နှစ်ဦးအပြင် ပြစ်မှုကျူးလွန်နိုင်ရန် နောက်ကွယ်မှ၊ ဘေးမှ၊ တစ်ဘက်တစ်လမ်းမှ ကူညီသူများကို စိစစ်ဖော်ထုတ်နေရာ လူအချို့ကို ထပ်မံဖမ်းဆီး ထိန်းသိမ်း စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေသည်ဟုလည်း ဦးဇော်ဌေးက အတည်ပြုပြောကြားသည်။

“အဲဒါတွေ လောလောဆယ် မထုတ်ပြန်သေးဘူး။ ဘာကြောင့် မထုတ်ပြန်သေးလဲဆိုတော့ ကျွန်တော်တို့ ဒီသတင်း အချက်အလက်တွေကို ပွင့်လင်းမြင်သာမှုရှိရှိနဲ့ အကုန်လုံးကို ကျွန်တော်တို့ ဘယ်သူဖမ်းထားတယ်။ ဘယ်သူဖြစ်နေတယ်။ ဘယ်သူကိုစစ်တယ်။ ဘာတွေရတယ်ဆိုတာကို ထုတ်ပြန်ပေးလိုက်ရင် အဲဒီမှာရှိတဲ့ ဆက်စပ်နေတဲ့ သူတို့ရဲ့ နောက်ကွယ်မှာ ဆက်ဆံနေတဲ့ ကွင်းဆက်တွေ အကုန်ပျောက်သွားမယ်။ လူပျောက်သွားမယ်။ ပစ္စည်းကျန်တဲ့ဟာတွေပါ ပျောက်သွားနိုင်တယ်” ဟု ၎င်းက ပြောကြားသည်။

ထိုသို့သော အကြောင်းများကြောင့် သတင်းထုတ်ပြန်ခြင်းကို ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်နေခြင်းဖြစ်ပြီး လတ်တလော စစ်ကြောမှုများအရ အဆိုပါဖြစ်စဉ်ကြီးတစ်ခုလုံး မည်သို့စတင်သည်နှင့် မည်သည့်အတွက်ကြောင့် ဖြစ်သည်တို့ကို ထုတ်ပြောရန် စောနေသေးပြီး အချိန်တန်လျှင် ထုတ်ပြန်ပေးမည်ဟုလည်း ဦးဇော်ဌေးက ထပ်လောင်း ကတိပြုသည်။

“ကွင်းဆက်တွေ လွတ်သွားမှာစိုးလို့ ကျွန်တော်တို့ ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆောင်ရွက်နေပါတယ်။ အဲဒါကို ပြည်သူလူထူအနေနဲ့ နားလည်ပေးဖို့ မေတ္တာရပ်ခံချင်တယ်။ ဘာလို့လဲဆိုတော့ ဒါကို အလေးနက်ထားတယ်။ အလေးနက်ထားပြီးလုပ်တယ်။ တပ်နဲ့ ရဲ ပူပေါင်းပြီး လုပ်နေတယ်။ အဲဒါကို စဉ်းစားကြည့်ဖို့လိုမယ်။ ကွင်းဆက်၊ ကွင်းဆက်တွေကို အားလုံစုံအောင် လုပ်နေပါတယ်” ဟု ၎င်းက ပြောကြားသည်။

အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)၏ ဥပဒေအကြံပေးဖြစ်သူ ရှေ့နေကြီးဦးကိုနီသည် ဇန်နဝါရီ ၂၉ ရက်နေ့၊ ညနေငါးနာရီကျော်အချိန်ခန့်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် Terminal 1 အရှေ့တွင် ဦးခေါင်းကို သေနတ်ဖြင့် အနီးကပ် ပစ်ခတ်လုပ်ကြံခံခဲ့ရသည်။ ၎င်းအား ပစ်ခတ်ခဲ့သူ ကြည်လင်းကို အခင်းဖြစ်ပွားပြီးနောက် ချက်ချင်း ဖမ်းဆီးပေးနိုင်ခဲ့သော်လည်း လိုက်လံဖမ်းဆီးစဉ် ကြည်လင်းက သေနတ်ဖြင့် ပြန်လည်ပစ်ခတ်မှုကြောင့် အငှားယာဉ်မောင်းဖြစ်သူ ဦးနေဝင်း သေဆုံးခဲ့ရသည်။

ထို့နောက် ကျူးလွန်မှုတွင် ပူးပေါင်းပါဝင်သည်ဟုဆိုသူ အောင်ဝင်းဇော်ကို အမှုဖြစ်ပွားပြီး နောက်တစ်ရက်ဖြစ်သည့် ဇန်နဝါရီ ၃၀ ရက်နေ့၊ နံနက် ၄ နာရီ ၂၀ မိနစ်တွင် သံလွင်တံတား (ဘားအံ)၌ ထပ်မံဖမ်းဆီးရမိခဲ့သည်ဟု ဖေဖော်ဝါရီ ၃ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးက သတင်းထုတ်ပြန်ခဲ့သည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar