ဥပဒေချုပ်ဟောင်းကို ခန့်အပ်မှုက အင်န်အယ်ဒီအစိုးရရဲ့ မှားယွင်းမှုလား

အဂတိလိုက်စားမှုဖြင့် ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်ဟောင်း ဦးဟန်ထူး တရားစွဲခံခဲ့ရခြင်းက ၎င်းအား ရာထူးခန့်အပ်ခဲ့သည့် အင်န်အယ်လ်ဒီအစိုးရအတွက် မျက်နှာပျက်စရာဖြစ်ခဲ့ရသည်

ရဲမွန် ရေးသားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ အာဏာကိုရယူပြီးတဲ့နောက် တစ်နှစ်အကြာမှာပဲ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို အသစ်ပြန်ဖွဲ့စည်းခဲ့ပြီး  သန့်ရှင်းတဲ့ အစိုးရဖြစ်လာစေဖို့အတွက် အဂတိလိုက်စားမှုတွေကို ကိုင်တွယ်ဖော်ထုတ်ဖို့ ကြိုးပမ်းလာပါတယ်။

၂ဝ၁၄ ခုနှစ်ကဖွဲ့စည်းခဲ့ပေမယ့် အစွယ်မရှိတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက အသစ်ပြန်လည် ဖွဲ့စည်းခဲ့ပြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအစိုးရလက်ထက်က ပြန်ကြားရေးဝန်ကြီးဖြစ်ခဲ့သူ ဦးအောင်ကြည်ကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခဲ့ပါတယ်။

ကော်မရှင်အသစ်ရဲ့ အခန်းကဏ္ဍဟာ သမ္မတဦးဝင်းမြင့် စတင်တာဝန်ထမ်းဆောင်တဲ့ မတ်လနောက်ပိုင်းမှာ အရှိန်မြင့်လာခဲ့ပါတယ်။ သမ္မတအဖြစ် တာဝန်ယူပြီး မကြာမီမှာပဲ ဦးဝင်းမြင့်က ကော်မရှင်အဖွဲ့ဝင် ၁၅ ဦးကို တွေ့ဆုံခဲ့ပါတယ်။ အဲဒီနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ပထမဦးစားပေးအနေနဲ့ ဆောင်ရွက်ဖို့ သမ္မတက ကြေညာခဲ့ပါတယ်။

 အဲဒီနောက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေကို ပြီးခဲ့တဲ့ဇွန်လက ပြင်ဆင်ခဲ့ပါတယ်။ အဲဒီပြင်ဆင်ချက်အရ အဂတိလိုက်စားတယ်လို့ သံသယရှိတဲ့အရာရှိတွေကို ကော်မရှင်က စုံစမ်းစစ်ဆေးမှုတွေ စတင်ဆောင်ရွက်နိုင်ပါတယ်။ အရင်ကတော့ တိုင်ကြားသူရှိမှသာ စုံစမ်းစစ်ဆေးနိုင်တာဖြစ်ပါတယ်။

ဒါပေမယ့် အဂတိလိုက်စားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တစ်ဦးနဲ့ အရာရှိငါးဦး ပြီးခဲ့တဲ့စက်တင်ဘာလမှာ ဖမ်းဆီးခံရပြီးနောက် အဂတိလိုက်စားမှုကင်းစင်တဲ့ အစိုးရအဖြစ် ရပ်တည်ဖို့ ကြိုးပမ်းနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့  ရပ်တည်ချက်နဲ့ ဂုဏ်သိက္ခာအတွက် မေးခွန်းတွေ ထွက်ပေါ်လာပါတယ်။

အဲဒီအမှုကြောင့် ပါတီရဲ့ ဂုဏ်သိက္ခာအပေါ် အကျိုးသက်ရောက်မှုရှိခဲ့သလို အစိုးရအပေါ်လည်း အများပြည်သူ အမြင်စောင်းတဲ့အခြေအနေထိ ဖြစ်နေတယ်လို့ ပါတီရဲ့ ပြန်ကြားရေးတာဝန်ခံ ဦးအောင်ရှင်က Frontier ကို ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဖြစ်တဲ့ ဥပဒေချုပ်ဟောင်း ဦးဟန်ထူးနဲ့ အရာရှိငါးဦးတို့ဟာ သရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုကို ရုပ်သိမ်းပေးဖို့အတွက် ကျပ်သိန်း ၇၂ဝ နဲ့ လက်ဆောင်တွေကို လာဘ်ငွေအဖြစ် ရယူခဲ့တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ပြောကြားခဲ့ပါတယ်။

ဦးအောင်ရှင်ကတော့ ဦးဟန်ထူးကို ဥပဒေချုပ်အဖြစ် ခန့်အပ်ခဲ့တာကို ပါတီကြောင့်လို့ မထင်မြင်စေချင်တဲ့အပြင် သူဟာ ပါတီဝင်တစ်ဦးလည်းမဟုတ်ဘူးလို့လည်း ဆိုပါတယ်။

ဦးဟန်ထူးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရွေးချယ်ခဲ့သူမဟုတ်ဘဲ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကိုယ်တိုင် ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီထံ တင်ပြချက်ကြောင့် သမ္မတအမိန့်နဲ့ ခန့်အပ်ခံခဲ့ရတာဖြစ်တယ်လို့ သူက ဆိုပါတယ်။

”အန်အယ်လ်ဒီ (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်)အတွက် အရှက်ရစရာဖြစ်ခဲ့ပါတယ်။ သူ့ကို ဒီရာထူး မခန့်အပ်ခဲ့သင့်ဘူး”လို့ ဦးအောင်ရှင်က ပြောပါတယ်။

အဲဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်ကို Frontier က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံ ဖြေကြားခဲ့ခြင်း မရှိခဲ့ပါဘူး။

လူသတ်မှုကို အမှုကျေအေးပေးခဲ့ပြီးနောက် ပြည်သူတွေရဲ့ ဝေဖန်မှုတွေ ပေါ်ထွက်လာတဲ့အတွက် ပြန်လည် စုံစမ်းစစ်ဆေးဖို့ သမ္မတကိုယ်တိုင် ညွှန်ကြားခဲ့ပြီးနောက် ကော်မရှင်ကလည်း အဂတိလိုက်စားမှုရှိမရှိကို စုံစမ်းစစ်ဆေးခဲ့ပါတယ်။

အမှုရုပ်သိမ်းခွင့်ပြုရာမှာ အဓိကကျတဲ့ ဥပဒေချုပ်ဟောင်း ဦးဟန်ထူးဟာ တရားခံလို့ သံသယရှိသူ ကိုသန်းထွဋ်အောင်ရဲ့ ဖခင်ဦးခင်မောင်လေးဆီက ကျပ်သိန်း ၁၅ဝ နဲ့အတူ Blue Label အရက်တစ်လုံး၊ ရှပ်အကျီ တစ်ထည်၊ ငှက်သိုက်တစ်ကတ်နဲ့ ယိုးဒယားကိတ်မုန့်စတာတွေကို ရယူခဲ့တယ်လို့ ကော်မရှင်ရဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးမိုးနိုင်က တရားရုံးမှာ ထွက်ဆိုထားပါတယ်။

ဦးခင်မောင်လေးနဲ့ ဦးဟန်ထူးတို့ ပြင်ပမှာ တစ်ကြိမ်တခါမှ တွေ့ဆုံခဲ့ခြင်းမရှိဘူးလို့ တရားလိုဖြစ်တဲ့ ဦးမိုးနိုင်ရဲ့ ထွက်ဆိုချက်အရ သိရပြီး အင်္ကျ ီနဲ့ အရက်ပုလင်းကို ကိုယ်ရေးအရာရှိကတဆင့် ပေးခဲ့သလို ကျပ်သိန်း ၁၅ဝ ကိုလည်း ဦးခင်မောင်လေးရဲ့ သူငယ်ချင်းဖြစ်တဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင် ဦးမောင်မောင်လတ်ရဲ့ အကူအညီနဲ့ ဇနီးဖြစ်သူ ဒေါ်ခင်ခင်ကြွယ်ကတဆင့် ပေးအပ်ခဲ့တာဖြစ်ပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ သန့်ရှင်းတဲ့အစိုးရဖြစ်ဖို့ဆိုတာ ပါတီအတွက် အဓိကရည်မှန်းချက် ဖြစ်တာကြောင့် အခုအမှုကိစ္စကို ပါတီအတွင်းမှာ အကြိတ်အနယ် ဆွေးနွေးခဲ့ရတယ်လို့ ဦးအောင်ရှင်က ဆိုပါတယ်။

အစိုးရသစ်ဖွဲ့ပြီး မကြာမီမှာပဲ သမ္မတရုံးဝန်ကြီးလည်းဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်က အစိုးရအဖွဲ့ဝင်တွေနဲ့ ဝန်ထမ်းတွေအနေနဲ့ ကျပ်နှစ်သောင်းခွဲထက်ပိုတဲ့ ပစ္စည်းတွေကို လက်ဆောင်အဖြစ် လက်မခံကြဖို့ ညွှန်ကြားစာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမယ့် ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီလက်ထက်ကတော့ ကျပ်သုံးသိန်းအထိ ခွင့်ပြုခဲ့ပါတယ်။

ပြည်ထောင်စုဥပဒေ အထောက်အကူပြုအဖွဲ့ရဲ့ အတွင်းရေးမှူး ဦးခင်ဇော်ကတော့ ဦးဟန်ထူးကို ရိုးသားဖြောင့်မတ်တဲ့ ရှေ့နေတစ်ယောက်အဖြစ် သိထားခဲ့တာကြောင့် အမှုရုပ်သိမ်းပေးဖို့အတွက် ငွေကြေးရယူခဲ့တဲ့အပေါ် ယုံကြည်ရခက်တယ်လို့ ပြောပါတယ်။

“ကျွန်တော့ ပုဂ္ဂိုလ်ရေးအရဆို နှမြောတယ်။ ဒါပေမယ့် အဂတိလိုက်စားတယ်ဆိုတာကိုတော့ မဖြစ်မနေ ကိုယ်တွယ်ရမှာပဲ” လို့ သူက ဆိုပါတယ်။

ဒါ့အပြင် ဦးဟန်ထူးဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥပဒေအကြံပေးဖြစ်သူ ရှေ့နေဦးကိုနီလုပ်ကြံခံရမှုမှာ ပါဝင်တယ်လို့ စွပ်စွဲခံထားရတဲ့ ဇေယျာဖြိုးရဲ့ ဦးလေးတော်စပ်သူလည်း ဖြစ်ပါတယ်။

အသက် ၇၁ နှစ်ရှိပြီဖြစ်တဲ့ ဦးဟန်ထူးဟာ ဥပဒေချုပ်မဖြစ်မီက ရှေ့နေတစ်ဦးအဖြစ ်အမှုလိုက်ခဲ့သလို နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေးအဖွဲ့ရဲ့မှာလည်း လက်ထောက်ညွှန်ကြားရေးမှူးအဖြစ်နဲ့ အသိပညာ၊ အတတ်ပညာရှင်အစုအဖွဲ့ အခမ်းအနားမှုးအဖြစ် ၁၉၉၂ ခုနှစ်ကနေ ၁၉၉၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ပြည်ထောင်စုရှေ့နေချုပ်ရုံးရဲ့  ဒုတိယညွှန်ကြားရေးမှူး (စီမံ)အဖြစ် ၂ဝဝ၀ ခုနှစ်ကနေ သက်ပြည့်အငြိမ်းစားယူတဲ့ ၂ဝဝ၇ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီးတော့ တိုက်ကြီးမြို့နယ်ရဲ့ ပြည်သူ့ကောင်စီတစ်ဦးလည်း ဖြစ်ခဲ့ပါတယ်။

လက်ရှိမှာတော့ ဖမ်းဆီးခံထားရတဲ့ ဥပဒေချုပ်ဟောင်း ဦးဟန်ထူးနဲ့ အခြားအရာရှိငါးဦးတို့ဟာ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်မှာ အပတ်စဉ်သောကြာနေ့တိုင်း တရားရင်ဆိုင်နေကြရပါတယ်။

သူတို့ကို ရုံးထုတ်ချိန်တိုင်းမှာ မိသားစုတွေအပြင် တပည့်ဟောင်းတွေပါ ရောက်ရှိလာတတ်ကြပြီးတော့ သတင်းထောက်တွေ ဓာတ်ပုံရိုက်ကူးမှုကနေ ကာကွယ်ဖို့အတွက် ထီးတွေနဲ့ ကာရံပြီး တရားရုံးထဲကို ဝင်ရောက်သွားကြလေ့ရှိပါတယ်။

အောင်ရဲထွေး သေဆုံးမှုမှာ သံသယရှိသူတွေဟာ အရင်က ပြစ်မှုကျူးလွန်ခဲ့ခြင်းမရှိခြင်း၊ ငယ်ရွယ်သူများ ဖြစ်နေခြင်းနှင့် နောင်တွင်လည်း ယင်းကဲ့သို့အမှုမျိုးကျူးလွန်မယ့် အလားအလာမရှိခြင်း တို့ကြောင့်လို့ဆိုပြီး အမှုရုပ်သိမ်းခွင့်ပေးခဲ့တဲ့ ရှေ့နေချုပ်ဆု (ဒုတိယအဆင့်)ရထားသူ ဦးဟန်ထူးကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ အဲဒီပုဒ်မအရ ပြစ်မှုထင်ရှားပါက ထောင်ဒဏ်၁၅နှစ်ထက် မပိုတဲ့ ပြစ်ဒဏ်ချမှတ်နိုင်ပါတယ်။

ခေါင်းစီးဓာတ်ပုံ- အဂတိလိုက်စားမှုဖြင့် တရားစွဲဆိုခံထားရသည့် ဥပဒေအရာရှိတစ်ဦးကို ထီးများဖြင့် ကာရံကာ တရားရုံးသို့ ခေါ်ဆောင်လာစဉ်။ ဓာတ်ပုံ- သူရဇော်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.