အေးချမ်း ဖွံ့ဖြိုးတဲ့ ရခိုင်ပြည်နယ်အဖြစ် ရောက်လာနိုင်ဦးမလား

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီအစိုးရက ရခိုင်ပြည်နယ်ရဲ့ရှုပ်ထွေးလှတဲ့ ပြဿနာပေါင်းစုံကို ဖြေရှင်းနိုင်ဖို့ ကြိုးစားနေချိန်မှာ ပြည်တွင်းပြည်ပက ဝေဖန်ထိုးနှက်မှုတွေနဲ့ မူဆလင်လူ့အဖွဲ့အစည်းကို မြှောက်ပင့်ပေးမှုတွေကြောင့်် ခရီးမတွင်ဘဲ ဖြစ်နေရပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၂ ရက်က ရခိုင်ပြည်နယ် မောင်တောမြို့နယ် ငါးခူရကျေးရွာက ရပ်မိရပ်ဖ တစ်ယောက်လည်းဖြစ်၊ ကျေးရွာ စာကြည့်တိုက်ရဲ့ စေတနာ့ဝန်ထမ်း တစ်ယောက်လည်း ဖြစ်တဲ့ မူဆလင် ဘာသာဝင် ဒုစ်မာမတ် ခေါ် ရှူနာမျာ တစ်ယောက် ခေါင်းဖြတ် အသတ်ခံလိုက်ရပါတယ်။

သူ့ကို ဘယ်သူက သတ်တယ်၊ ဘယ်အဖွဲ့အစည်းက သတ်တယ် စသဖြင့် မသိရသေးပေမဲ့ သူအသတ်မခံရခင် တစ်ရက် ဒီဇင်ဘာ ၂၁ ရက်က ငါးခူရကျေးရွာကို ရောက်လာတဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုကို သူသိတဲ့အတိုင်း ဖြေကြားခဲ့မှုနဲ့ ဆက်စပ်နိုင်တယ် ဆိုပြီး ကောက်ချက်ချထားကြပါတယ်။

ပြောရရင် အောက်တိုဘာ ၉ ရက် ရခိုင်ပြည်နယ် မောင်တောခရိုင်မှာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ ဗဟိုဌာနချုပ်နဲ့ ရဲကင်းစခန်းတွေ ဝင်အစီးခံရ၊ ရဲတပ်ဖွဲ့ဝင်တွေ သတ်ဖြတ်ခံရ၊ လက်နက်တွေ ဆုံးရှုံးခဲ့ရ၊ နောက်ဆက်တွဲ တပ်မတော်နဲ့ နယ်ခြားစောင့်ရဲတွေက အကြမ်းဖက်သူတွေကို နှိမ်နင်းဖမ်းဆီးရေး၊ လက်နက်တွေ ပြန်ရရေး နယ်မြေရှင်းလင်းရေးတွေ လုပ်နေရချိန်လည်း ဖြစ်ပါတယ်။

အဲဒါနဲ့ တပြိုင်နက်တည်း ပေါ်ပေါက်လာတဲ့ နောက်ပြဿနာ တစ်ခုကတော့ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က နယ်မြေ ရှင်းလင်းစဉ် ကျေးရွာက အိမ်တွေကို မီးရှို့တယ်၊ ရွာသားတွေကို အကြောင်းမဲ့ သတ်ဖြတ်တယ်၊ ဖမ်းဆီးနှိပ်စက်တယ်၊ အမျိုးသမီးတွေကို မတရားပြုကျင့်တယ် စတဲ့ စွပ်စွဲချက်တွေ နိုင်ငံတကာ သတင်းမီဒီယာ တချို့နဲ့ အင်တာနက် လူမှုကွန်ရက် စာမျက်နှာတွေမှာ ပလူပျံနေချိန်လည်း ဖြစ်ပါတယ်။

ဒီအခြေအနေအောက်မှာ အစိုးရဘက်ကနေ ရခိုင်ပြည်နယ် မောင်တောခရိုင်ဘက်က သတင်းမှန်တွေ ပေါ်ထွက်လာစေရေး ကြိုးပမ်းမှုတစ်ရပ်အဖြစ် ပြည်တွင်းပြည်ပ သတင်းမီဒီယာသမား တချို့ကို အခင်းဖြစ်ပွားခဲ့တဲ့ နယ်မြေထဲ ပို့ဆောင်၊ သတင်းရယူနိုင်အောင် စီစဉ်ပေးချိန် ခုလို သတင်းမီဒီယာတွေကို သတင်းပေးတဲ့သူတစ်ယောက် သတ်ဖြတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

ဒါဟာ နဂိုကတည်းကမှ ပြဿနာတွေ များလှတဲ့ ရခိုင်ပြည်နယ်ထဲမှာ နောက်ထပ် ပြဿနာ အသစ်တစ်ခု ထပ်တိုးလာတဲ့ သဘောလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်ထဲမှာ ပြဿနာတွေ ဘယ်လောက် များမြောင် ရှုပ်ထွေးနေပြီလဲ၊ အစိုးရသစ်က ဒီပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းနိုင်မှာလား ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

အရင် စစ်အာဏာရှင်တွေ လက်ထက်တုန်းကတော့ ရခိုင်ပြည်နယ်ဟာ ချင်းပြည်နယ်ပြီးရင် အဆင်းရဲဆုံး ပြည်နယ် တစ်ခုဖြစ်ခဲ့ပါတယ်။ ဆင်းရဲလွန်းလို့၊ အလုပ်အကိုင် ရှားပါးလွန်းလို့ ရခိုင်တိုင်းရင်းသားများစွာ ပြည်နယ်ရဲ့ အပြင်ဘက်ထွက်ပြီး အလုပ်လုပ်ကြရပါတယ်။

ရန်ကုန်၊ ကချင်ပြည်နယ် ဖားကန့်နဲ့ နယ်စပ်မြို့တွေတင်မက ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံအထိ ထွက်ပြီး အလုပ်လုပ်ကြရတာပါ။ ဒီအတွက် ရခိုင်ပြည်နယ်ထဲမှာ တစ်မြို့နယ်ကနေ တစ်မြို့နယ်တောင် သွားမရ၊ လာမရ ပိတ်လှောင်ခံထားရပြီး လူဦးရေ တဖြည်းဖြည်း တိုးပွားလာတဲ့ မူဆလင်တွေနဲ့ တနေ့တခြား နည်းပါးလာတဲ့ ရခိုင်တိုင်းရင်းသားတွေလောက်ပဲ ကျန်ရစ်ပါတယ်။

အဲဒီ အကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်း တပ်မတော်နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ပြန်နှိမ်နင်းတဲ့အခါ၊ နယ်မြေ ရှင်းလင်းတဲ့အခါ ရွာတွေကိုမီးရှို့တယ်၊ ရွာသားတွေကို အကြောင်းမဲ့ နှိပ်စက်သတ်ဖြတ်တယ်၊ အမျိုးသမီးတွေကို မုဒိန်းကျင့်တယ် ဆိုပြီး စနစ်တကျ ဝါဒဖြန့် စွပ်စွဲမှုတွေ လုပ်ကြတော့တာပါပဲ။

သဘာဝ ဓာတ်ငွေ့၊ ပင်လယ်ပြင် သယံဇာတ အပါအဝင် လှပပြီး မြေဆီသြဇာကောင်းတဲ့ နယ်မြေ ပိုင်ဆိုင်ထားပေမဲ့လည်း ဆင်းရဲတွင်းနက်နေတဲ့ အခြေအနေအောက်မှာ ရခိုင်တိုင်းရင်းသားတွေဟာ မခံမရပ်နိုင်ဖြစ်ပြီး စစ်အာဏာရှင် အစိုးရ အဆက်ဆက်ကို လက်နက်စွဲကိုင် ပုန်ကန်တိုက်ခိုက်ခဲ့ကြပါတယ်။

မြို့ပေါ်မှာလည်း အတောမသတ်နိုင်တဲ့ ဆန္ဒပြပွဲတွေနဲ့ အစိုးရအဆက်ဆက်ကို ရဲရဲရင့်ရင့် ဆန့်ကျင်တိုက်ခိုက်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီအချိန် အဲဒီအခါက ရခိုင်ပြည်နယ်ထဲက အဓိက ပြဿနာဟာ ရခိုင်တိုင်းရင်းသားတွေ တန်းတူ အခွင့်အရေး မရခြင်းနဲ့ ဆင်းရဲမွဲတေမှုလောက်ပဲ ရှိခဲ့တာပါ။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ နောက်ထပ် ပြဿနာကြီး နှစ်ခု ထပ်တိုးလာပါတယ်။ ပထမ တစ်ခုကတော့ ရခိုင်တိုင်းရင်းသားတွေနဲ့ မူဆလင်တွေကြားက ပဋိပက္ခပြဿနာ ဖြစ်ပါတယ်။ ဒီပြဿနာနဲ့ ပတ်သက်ပြီး အဲဒီအချိန်က အာဏာပိုင်တွေဟာ ပြဿနာတွေ ပြေငြိမ်းရေး ဆိုတာထက် ပြဿနာမီးပွား ဆိုးသထက်ဆိုးအောင် ပြုလုပ်ခဲ့ကြတယ်၊ ရခိုင်တိုင်းရင်းသားတွေရဲ့ အစိုးရအပေါ်ထားတဲ့ အမျက်ဒေါသကို မူဆလင်တွေဘက် လှည့်သွားအောင် လုပ်ခဲ့တယ် စသဖြင့် စွပ်စွဲမှုတွေ ရှိပြီး သက်သေ အထောက်အထား တချို့လည်း ရှိခဲ့ပါတယ်။

ဇာတ်လမ်း အဆုံးသတ်လိုက်ရင် ရခိုင်ပြည်နယ်ထဲမှာ မူဆလင် သိန်းနဲ့ချီ ဒုက္ခသည် စခန်းတွေကို ရောက်ကုန်ပြီး ဒီကနေ့အချိန်ထိ ကိုယ့်နေရပ် ကိုယ့်နေရာ ပြန်ခွင့်မရတော့တဲ့ အခြေအနေ ဖြစ်သွားစေပါတယ်။ မြန်မာအစိုးရကို အဲဒီပြဿနာနဲ့ ပတ်သက်ပြီး နိုင်ငံတကာ မိသားစုရဲ့ ဝိုင်းဝန်း ဝေဖန်ပစ်တင်တာ ခံရစေတဲ့ အခြေအနေ ရောက်သွားစေပါတယ်။

အာဏာပိုင်တွေရဲ့ ကိုင်တွယ်ပုံဟာ နိုင်ငံတကာ မိသားစုရဲ့ အကြံပြုချက်ဖြစ်တဲ့ ရခိုင်ပြည်နယ်ထဲက မတူညီတဲ့ လူ့အသိုင်းအဝိုင်းနှစ်ခု အဆင်ပြေပြေ သဟဇာတဖြစ်ဖြစ် နေနိုင်အောင် ဖန်တီးပေးနိုင်ရေး ဘက်မရောက်ဘဲ  အသိုင်းအဝိုင်းနှစ်ခု ပိုပိုပြီး ဝေးကွာသွားတဲ့ အခြေအနေ ရောက်သွားစေပါတယ်။

နောက်တိုးလာတဲ့ ပြဿနာတစ်ခုကတော့ ကေအိုင်အေ ကချင်လက်နက်ကိုင် တပ်ဖွဲ့ရဲ့ ဖွဲ့စည်းပေးမှုနဲ့ AA ရခိုင်လက်နက်ကိုင်အဖွဲ့၊ ရခိုင်ပြည်နယ်ထဲမှာ ခြေကုပ်ရသွားခြင်းပါ။ ဒီလိုနည်းနဲ့ ရခိုင်ပြည်နယ်ထဲမှာ တပ်မတော်နဲ့ AA လက်နက်ကိုင်တိုက်ပွဲတွေ ဖြစ်ပေါ်လာပြီး တိုင်းရင်းသားပြည်သူတွေ အတိဒုက္ခရောက်ကြရပြန်ပါတယ်။

လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ၉ လသား အရွယ် အင်န်အယ်လ်ဒီ အစိုးရလက်ထက်မှာတော့ မူဆလင် အကြမ်းဖက် အဖွဲ့အစည်းနဲ့ မူဆလင် အကြမ်းဖက် တိုက်ခိုက်မှု ပေါ်ပေါက်လာတာပါပဲ။ ဒါလောက်လားဆိုတော့ မကသေးပါဘူး။ အဲဒီ အကြမ်းဖက် တိုက်ခိုက်မှုနောက်ပိုင်း တပ်မတော်နဲ့ နယ်ခြားစောင့် ရဲတပ်ဖွဲ့က ပြန်နှိမ်နင်းတဲ့အခါ၊ နယ်မြေ ရှင်းလင်းတဲ့အခါ ရွာတွေကိုမီးရှို့တယ်၊ ရွာသားတွေကို အကြောင်းမဲ့ နှိပ်စက်သတ်ဖြတ်တယ်၊ အမျိုးသမီးတွေကို မုဒိန်းကျင့်တယ် ဆိုပြီး စနစ်တကျ ဝါဒဖြန့် စွပ်စွဲမှုတွေ လုပ်ကြတော့တာပါပဲ။

ဒီဝါဒဖြန့်မှုတွေ နိုင်ငံတကာ အသိုင်းအဝိုင်းတွေဆီ ရောက်သွားတဲ့အခါ မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော် အပေါ်ကို ဝေဖန်ပြစ်တင် ရှုတ်ချမှုတွေ ကျရောက်ခဲ့တာ ဒီကနေ့အထိပါပဲ။ ပြောရရင် ရခိုင်ပြည်နယ်ထဲမှာ ပြဿနာတစ်ခုကို ဖြေရှင်းလို့ မပြီးခင် နောက်ထပ် ပြဿနာသစ်တွေ တိုးတိုးလာနေတာ ဒီကနေ့အချိန်ထိပါပဲ။

ဒီလို ဖြစ်ရတာကလည်း ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ရင် အရင် စစ်အာဏာရှင် အစိုးရအဆက်ဆက်ရဲ့ မှားယွင်းတဲ့ သဘောထား၊ မှားယွင်းတဲ့ပေါ်လစီ၊ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ လွဲမှားတဲ့ သဘောထားနဲ့ အကောင်အထည်ဖော်မှုတွေကနေ တဆင့် ပေါက်ဖွားလာတာပါ။ အခု ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရသစ် တက်လာတဲ့အခါ ဒီပြဿနာတွေကို ဖြေရှင်းဖို့ ကောင်းမွန်တဲ့ မူဝါဒနဲ့ ပေါ်လစီ တစ်ရပ် ပါရှိလာပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင် အကောင်အထည်ဖော်နေတာကိုလည်း မြင်တွေ့နေရပါတယ်။

ဒါပေမဲ့လည်း မူဆလင်တွေရဲ့ အကြမ်းဖက် တိုက်ခိုက်မှု ပေါ်ပေါက်လာတာ၊ ဝါဒဖြန့် ထိုးနှက်မှု ပေါ်ပေါက်လာတာ၊ ရခိုင်ပြည်နယ်ထဲက မူဆလင်တွေအရေးနဲ့ ပတ်သက်ပြီး တပ်မတော်၊ ရခိုင်တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ တင်းမာတဲ့ သဘောထားတွေ မပြောင်းလဲသေးတဲ့အောက်မှာ ရခိုင်ပြည်နယ်မှာ တည်ငြိမ်အေးချမ်းမှုရှိပြီး ဖွံ့ဖြိုးတိုးတက်တဲ့ အနေအထား တစ်ခုရအောင် အကောင်အထည်ဖော်ရေး အခက်အခဲတွေ တွေ့နေဦးမှာပဲ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။ 

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar