မြန်မာစပါးကြီးမြွေ (Burmese Python)လို့ ကျော်ကြားတဲ့ ကချင်လူမျိုး အောင်လအန်ဆိုင်းဟာ ရန်ကုန်မှာ မတ်လအတွင်း ကျင်းပမယ့် Mixed Martial Art-MMA ပြိုင်ပွဲမှာ အီဂျစ်နိုင်ငံမှ Mohamed Ali of Alexandria နဲ့ ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။
အောင်လအန်ဆိုင်း ရန်ကုန်သို့ လာရောက်ခဲ့စဉ်က တွေ့ရစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ
ကိုယ်ခံပညာပေါင်းစုံအသုံးပြုကာ ထိုးသတ်ယှဉ်ပြိုင်ရတဲ့ အဆိုပါ MMA ပြိုင်ပွဲကို မြန်မာနိုင်ငံမှာ ဒုတိယအကြိမ်အဖြစ် စင်ကာပူ မီဒီယာ လုပ်ငန်းစုဖြစ်သည့် One Championship (ONE)နှင့် မြန်မာနိုင်ငံမှ AGD ဘဏ်တို့ ပူးပေါင်းပြီး မတ် ၁၈ ရက်မှာ သုဝဏ္ဏ မိုးလုံလေလုံအားကစားရုံ၌ ကျင်းပတော့မှာ ဖြစ်ပါတယ်။
“ကိုယ်ခံပညာနဲ့ ပတ်သက်ပြီး ကြွယ်ဝတဲ့ သမိုင်းကြောင်းရှိတဲ့ တိုင်းပြည်တွေဆီကို ကျွန်တော်တို့ ချဲ့ထွင် ဝင်ရောက်ဖို့ အစီအစဉ်အရ ပြီးခဲ့တဲ့နှစ် ဇွန်လက မြန်မာနိုင်ငံအတွက် ပထမဆုံးအကြိမ်အဖြစ် အမ်အမ်အေပြိုင်ပွဲကို ယူဆောင်လာခဲ့ပါတယ်။ ဒီတစ်ကြိမ်မှာလည်း အမ်အမ်အေကို ထပ်မံယူဆောင်လာတော့မှာ ဖြစ်ပါတယ်” လို့ ONE Championship ၏ အမှုဆောင်အရာရှိချုပ် ဗစ်တာချူးက ဖေဖော်ဝါရီ ၁၆ ရက်နေ့က သတင်းထုတ်ပြန်ချက်ထဲမှာ ပြောကြားထားပါတယ်။
အောင်လအန်ဆိုင်းနဲ့ ယှဉ်ပြိုင်ထိုးသတ်မယ့် Mohamad Ali ဟာ ၂၀၁၄ ခုနှစ်က အမ်အမ်အေ ပြိုင်ပွဲတစ်ခုမှာ ရှုံးနိမ့်ခဲ့ပြီးနောက် အနားယူနေခဲ့ရာမှ ချန်ပီယံဆုအတွက် အဓိကပွဲစဉ်အဖြစ် အောင်လအန်ဆိုင်းနဲ့ ယှဉ်ပြိုင်ထိုးသတ်မှာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ မွေးဖွားခဲ့တဲ့ အောင်လအန်ဆိုင်းဟာ ၂၀၀၅ ခုနှစ်မက စတင်ကာ MMA လောကကို စတင်ရောက်ရှိခဲ့သူဖြစ်ပါတယ်။ သူဟာ မြန်မာနိုင်ငံက ၂၀၀၃ ခုနှစ်မှာ ထွက်ခွာသွားပြီးနောက် အမေရိကန်နိုင်ငံ၊ မေရီလန်းပြည်နယ်မှာ နေထိုင်နေသူလည်း ဖြစ်ပါတယ်။ ယခု ပြိုင်ပွဲဟာ သူ့အတွက် မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် လာရောက်ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲလည်း ဖြစ်ပါတယ်။
ပြိုင်ပွဲအတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်ဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီလက မြန်မာနိုင်ငံကို သုံးရက်ခန့် လာရောက်ခဲ့တဲ့ခရီးဟာလည်း သူ အမေရိကန်နိုင်ငံကို ထွက်ခွာသွားပြီးနောက် မြန်မာနိုင်ငံကို ပထမဆုံး ပြန်လာခဲ့တာ ဖြစ်ပါတယ်။
ကချင်ပြည်နယ်က စစ်ဘေးရှောင်ပြည်သူတွေအတွက် ပြိုင်ပွဲတွေက ဆုကြေးအချို့ကို လှူဒါန်းခဲ့သူလည်းဖြစ်ပြီး မြန်မာ့ရိုးရာလက်ဝှေ့သမားတွေ ကမ္ဘာ့အဆင့် တက်လှမ်းနိုင်ဖို့အတွက် ကူညီပေးလိုတယ်လို့လည်း အေအက်ဖ်ပီသတင်းဌာနနဲ့ အင်တာဗျူးမှာ အောင်လအန်ဆိုင်းက ပြောကြားထားပါတယ်။