အိမ်ပြန်ချိန်ကို စောင့်မျှော်နေကြသူများ

ရောင်းရေးဝယ်တာ ကောင်းမွန်သည့် ထိုင်းနယ်စပ်ကုန်သွယ်ရေး မြို့ကလေးဖြစ်သော မဲဆောက်မြို့က မြန်မာရွှေ့ပြောင်းအလုပ်သမားများမှာ အိမ်ပြန်နိုင်မည့်နေ့ရက်များကိုသာ စောင့်မျှော်လျက်ရှိသည်

ဂျာရက်ဒေါင်းနင်း ရေးသားသည်။

ဒေါ်ခင်သန်းထွေးတစ်ယောက် အဖမ်းဆီးမခံရသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။

သူမအလုပ်လုပ်ရာ သိုးမွေးစက်ရုံငယ်ကလေးမှာ ထိုင်းနယ်စပ်မြို့ဖြစ်သော မဲဆောက်မြို့အစွန်မှ အဝေးတစ်နေရာတွင် တည်ရှိသည်။ ထိုနေရာတွင် ကုန်လှောင်ရုံများနှင့် ကုမ္ပဏီအဆောင်များ တည်ဆောက်ရန်အတွက် စပါးခင်းများက နေရာဖယ်ပေးခဲ့ရသည်။ ထိုနေရာမှာ ကရင်တောင်တန်းများနှင့်လည်း ကွာဝေးလှသည်။ ထိုနေရာကို ရှာဖွေရန် အမြဲ ခက်ခဲခဲ့ပြီး ရဲများလည်း  အလာကျဲသွားပြီဖြစ်သောကြောင့် ဒေါ်ခင်သန်းထွေးနှင့် သူ၏ခင်ပွန်းဖြစ်သူတို့မှာ မြဝတီမြို့အနီးက နယ်စပ်တစ်နေရာတွင် ဆွေမျိုးများနှင့် အတူနေထိုင်လျက်ရှိသည့် ကလေးနှစ်ဦးအတွက် ငွေကြေး အလုံအလောက်ရရှိရန် ငြိမ်းချမ်းစွာ ရှာဖွေစုဆောင်းနိုင်ခဲ့ပြီဖြစ်သည်။ ဒေါ်ခင်သန်းထွေးနှင့် ခင်ပွန်းတို့ နေထိုင်မကောင်း ဖြစ်ခဲ့ပါက ၎င်းတို့ကိုထုတ်ပေးထားသော ထိုင်းမှတ်ပုံတင်ကဒ်ဖြင့် ကျန်းမာရေး စောင့်ရှောက်ခွင့်အား ရယူအသုံးပြုနိုင်သည်။ လွန်ခဲ့သော ရှစ်နှစ်ခန့်အချိန်က သောင်ရင်းမြစ်ကျဉ်း တစ်နေရာကို ဖြတ်ကျော်လာခဲ့သည့် ၎င်းတို့အတွက် အကောင်းဆုံးသောဘဝ တစ်ခုကို လက်ရှိ ရရှိထားပြီဖြစ်သည်။

သို့သော် ဒေါ်ခင်သန်းဌေးမှာ မြန်မာနိုင်ငံအား လွမ်းဆွတ်တမ်းတနေတုန်းပင် ဖြစ်သည်။ ထိုသို့ လွမ်းဆွတ်တမ်းတနေသူမှာ သူ တစ်ယောက်တည်းတော့ မဟုတ်ပေ။ တက်ခရိုင်အနီးနားပတ်ဝန်းကျင်တွင် ပျံ့နှံ့နေပြီး မဲဆောက်မြို့တစ်မြို့တည်းတွင်ပင် ခန့်မှန်းချေအားဖြင့် ငါးသိန်းခန့်ရှိနေသော မြန်မာရွှေ့ပြောင်းလုပ်သားများအနက် အနည်းငယ်မှာ သူ၏ အိမ်နီးချင်းများ ဖြစ်ကြသည်။ အရပ်လေးမျက်နှာတွင် ပျံ့နှံ့နေကြသော မြန်မာနိုင်ငံသားများမှာ ကောက်ကျစ်လိမ်ညာသော မြေပိုင်ရှင်များ၊ ရင့်သီးရိုင်းစိုင်းသော သူဌေးများနှင့် ရဲတပ်ဖွင့်ဝင်များက ဝင်ရောက်စီးနင်းခြင်းခံရလေ့ရှိသော ဘဝတစ်ခုကို ရွေးချယ်ထားကြသည်။ ၎င်းတို့မွေးရပ်ဌာနေက ကမ်းလှမ်းနိုင်သည်များထက် ပိုမိုကောင်းမွန်သောဘဝများကို ရရှိနေနိုင်သေးသောကြောင့်ပင် ထိုကဲ့သို့ ရွေးချယ်ကြခြင်းဖြစ်သည်။

ရွှေ့ပြောင်းအလုပ်သမားတိုင်းအတွက် အရာရာတိုင်းက ပြောင်းလဲလျက်ရှိသလို တစ်စုံတစ်တရာ ပြောင်းလဲမှုများလည်း မရှိသေးပေ။ ထိုင်းနိုင်ငံဘက်ခြမ်းတွက် တက်ခရိုင်ရှိ အထူးစီးပွားရေးဇုန် စီမံကိန်းက အကာအကွယ်များ ပိုမိုပေးအပ်မည်ဟူသော တရားဝင် ကတိကဝတ်များရှိနေသလို အရင်းအမြစ်များနှင့် မြန်မာနိုင်ငံသားများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေမည်ဆိုသော်လည်း မြန်မာနိုင်ငံသားများအား ၎င်းတို့မွေးရပ်မြေအား မေ့လျော့သွားစေအောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။

သို့သော် မြန်မာနိုင်ငံဘက်ခြမ်း၌လည်း အစိုးရသစ်တစ်ရပ်၊ အလွန်အရေးပါသော အပစ်အခတ်ရပ်စဲမှုနှင့် အနိမ့်ဆုံးလုပ်ခစာအပါအဝင် အလုပ်သမားရေးရာ ပြုပြင်ပြောင်းလဲမှုများက ဒေါ်ခင်သန်းထွေးနှင့်  အိမ်နီးနားချင်းများအား မြန်မာနိုင်ငံသို့ ပြန်လာရန် ဆွဲဆောင်နိုင်ခြင်း မရှိသေးပေ။

Myanmar migrant workers in Mae Sot. (Jared Downing / Frontier)

Myanmar migrant workers in Mae Sot. (Jared Downing / Frontier)

ပိုနမြဲ ကျားနေမြဲ မတည်ငြိမ်မှု

ထိုင်းနိုင်ငံ၏ မြန်မာနိုင်ငံနှင့် ကုန်သွယ်မှုတွင် အများဆုံးသော ကုန်သွယ်ရေးနေရာတစ်နေရာ ဖြစ်သည့် မဲဆောက်မြို့မှာ သူပုန်များ၊ ဒုက္ခသည်များ၊ အန်(န်)ဂျီအိုများ၊ မှောင်ခိုသမားများနှင့် မိမိစိတ်ဆန္ဒ အလျောက် သောင်ရင်းမြစ်ကို ဖြတ်ကူးလာခဲ့ကြသည့် ထောင်နှင့်ချီသော ရွှေ့ပြောင်းအလုပ်သမားများ ရောနှောနေရာနေရာအဖြစ် အမည်ဆိုးဖြင့် ကျော်ကြားလှသည်။ နာမည်ကျော် ချစ်ကြည်ရေးတံတား မှောင်ရိပ်အောက်က တရားမဝင် လူစီးလှေများက စိတ်ပါလက်ပါ မရှိလှသော စစ်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၏ မျက်စိရှေ့မှောက်တွင်ပင် သွားချီပြန်လှည့် ပြုလုပ်နေကြသည်။

လွန်ခဲ့သောနှစ်များအတွင်း မဲဆောက်မြို့မှာ ခြောက်ကပ်နေသောမြို့တစ်မြို့အဖြစ်မှ တိုးတက် ထွန်းကားလာသော မြို့တစ်မြို့အဖြစ်သို့ ပြောင်းလဲခဲ့ပြီဖြစ်သည်။ တရားဝင်စာရင်းဇယားများအရ နယ်စပ် ကုန်သွယ်ရေးပမာဏမှာ ၂၀၁၄ ခုနှစ်တွင် ထိုင်းဘတ်ငွေ ၅၆ ဘီလျံ (ကျပ် ၂ ဒသမ ၀၅ ထရီလျံ သို့မဟုတ် ဒေါ်လာ ၁ ဒသမ ၅၇ ဘီလျံ) မှ ၂၀၁၅ ခုနှစ်တွင် ထိုင်းဘတ် ၆၄ ဘီလျံသို့ ခုန်တက်သွားခဲ့သည်။ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရန်အတွက် နယ်စပ်တစ်လျှောက် စီစဉ်ထားသည့် အထူးစီးပွားရေးဇုံ ၁၀ ဇုံအနက် တစ်ခုမှာ တစ်ခရိုင်တွင် တည်ရှိမည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ထိုင်းနိုင်ငံ၏ စစ်အစိုးရကလည်း အပေးအယူလုပ်၊ လာဒ်ပေးခြင်းများအပေါ်တွင် အခြေတည်ထားသည့် ရွှေ့ပြောင်းလုပ်သားဈေးကွက်အား တရားဝင်ဖြစ်လာစေရန် ကြိုးပမ်းခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းပြီးနောက် မကြာမီအချိန်အတွင်းတွင် ထိုင်းစစ်တပ်က ယာယီ “ပန်းရောင်ကဒ်ပြား” ၆၀၀,၀၀၀ အား ထုတ်ပေးခဲ့သည်။ ယာယီနိုင်ငံကူးလက်မှတ်များ ပြုလုပ်နိုင်ခြင်း မရှိသေးမီအထိ အလုပ်သမားများ အသုံးပြုနိုင်သော လက်မှတ်များ ဖြစ်သည်။ ယာယီ မှတ်ပုံတင်စနစ်မှာ အောင်မြင်မှု နည်းပါးသော်လည်း ပန်းရောင်ကဒ်များက ရွှေ့ပြောင်းလုပ်သားများအား ဖမ်းဆီးခံရခြင်း၊ ၎င်းတို့ထံမှ လာဒ်ယူကာ လွှတ်ပေးခြင်းတို့ကဲ့သို့သော ထိလွှယ်ရှလွယ် အခြေအနေများကို ပေါ်ပေါက်စေသည့် ဆယ်စုနှစ်များစွာ ကြာမြင့်ခဲ့ပြီဖြစ်သော စနစ်တစ်ခုအား ပျက်သုဉ်းစေခဲ့သည်။

“ကျွန်တော်တို့က ရဲတွေကို အမြဲလိုလို ကြောက်နေရပါတယ်။ ဒါ့အပြင် သူတို့ကို မြင်တဲ့အခါ ဒါမှမဟုတ် ဝင်ရောက်စီးနင်းဖို့ သူတို့ လာကြတဲ့အခါမှာလည်း လွတ်ရာကိုပြေးပြီး ပုန်းနေရပတယ်” ဟု ဒေါ်ခင်သန်းထွေး၏ စက်ရုံနှင့် မျက်နှာချင်းဆိုင်တွင် ကျူးကျော်နေထိုင်နေသော အမျိုးသားတစ်ဦးက ပြောသည်။

ထိုနေရာ၌ ၁၅ နှစ်မျှ နေထိုင်ခဲ့ပြီးဖြစ်ဖြစ်ကာ ဖမ်းဆီးခံရခြင်းများ၊ လာဒ်ပးခြင်းများနှင့် နှောက်ယှက်ဒုက္ခပေးခံရခြင်းများမှာ မိမိဘဝ၏ တစ်စိတ်တစ်ပိုင်းဖြစ်လာအောင် လုံလောက်ရှည်ကြာသော အချိန်တစ်ချိန်ပင်ဖြစ်သည်ဟု ထိုအမျိုးသားက ဆိုသည်။ သို့ရာတွင် ပန်းရောင်ကဒ် တစ်ကဒ်ပြုလုပ်ရန်အတွက်မူ သူက စိတ်ပင်ပန်း မခံခဲ့ပေ။ အစပိုင်းတွင် ထိုကဒ်လုပ်ရန် ကုန်ကျစရိတ်မှာ ၁၁,၀၀၀ ကျပ်သာရှိပြီး ပြန်လည်သက်တမ်းတိုးရန်အတွက် ၂၀,၀၀၀ ကျပ်သာ ကုန်ကျသည်။ သို့သော် ကြိုးနီစနစ်အဟန့်အတားများကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အလုပ်သမားများမှာ ပွဲစားများအား ငွေပိုပေးရလေ့ရှိသည်။ သူကဲ့သို့ တရားဝင် စာရွက်စာတမ်းမရှိသည့် အလုပ်သမားများအတွက်ပင် ဝင်ရောက်ဖမ်းဆီးခံရခြင်းများ လျော့နည်းသွားပြီဖြစ်သော်လည်း ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု သူကပြောသည်။

ရဲများနှင့် ဖြေရှင်းရသည့်နည်းလမ်းကို သူက ပိုမိုသဘောကျသူဖြစ်သည်။ “လူဝင်မှုကြီးကြပ်ရေးကို လာဒ်ပေးလို့ မရလိုပါ” ဟု သူကပြောသည်။

Myanmar migrant workers in Mae Sot. (Jared Downing / Frontier)

Myanmar migrant workers in Mae Sot. (Jared Downing / Frontier)

ဆင်းရဲနွမ်းပါးသော မြို့စွန် တစ်နေရာ

ရွှေ့ပြောင်းအလုပ်သမားများမှ အထူးစီးပွားရေးဇုံများရှိ စက်ရုံများတွင် အလုပ်အကိုင်များကို ရှာဖွေရာတွင် ပိုမိုလွယ်ကူလာစေရန် ထိုင်းအစိုးရမှ ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပစ္စည်းအစိတ်အပိုင်း တပ်ဆင်သော လိုင်းများတွင် ပတ်စ်ပို့မလိုအပ်ပဲ အလုပ်လုပ်နိုင်စေမည့် မှတ်ပုံတင်လက်မှတ် (CI) တစ်ခု ထုတ်ပေးရေး စနစ်အား အဆိုပြုထားသည်။

အဆိုပြုထားသော CI စနစ်မှာ ထိုင်း-မြန်မာနှစ်နိုင်ငံသဘောတူညီမှုတစ်ရပ်ပေါ်တွင် မူတည်နေပြီး ပြီးခဲ့သည့် သီတင်းပတ်များအတွင်းက ဆွေးနွေးမှုများမှာ ရပ်တန့်နေသည်ကို တွေ့ရသည်။

ထိုစနစ်ဖြင့် တရားဝင် အနိမ့်ဆုံးလုပ်ခလစာ (၁၀,၀၀၀ ကျပ်ခန့်) နှင့် အများပြည်သူ ကျန်းမာရေး စောင့်ရှောက်မှုတို့အား ထိန်းသိမ်းနိုင်လိမ့်မည်ဆိုသည်ကိုမူ တက်ခရိုင်၏ ဒု-အုပ်ချုပ်ရေးမှူးဖြစ်သူ ဆူသာ ဆိုင်ဝမ်နစ်ချ်က Frontier ကို အခိုင်အမာ ပြောကြားခဲ့သည်။ CI စနစ်နှင့် အထူးစီးပွားရေးဇုံ စီမံကိန်းများက အလုပ်ရှင်များအား အလုပ်သမားများအပေါ် ပိုမိုလွတ်လပ်စွာ အမြတ်ထုတ်လာနိုင်စေမည်ကို အချို့သော အလုပ်သမားအရေး လှုပ်ရှားသူအဖွဲ့များက စိုးရိမ်ပူပန်လျက်ရှိသည်။ နိုင်ငံရေးကိစ္စရပ်များ ဇာတ်ရည်လည်လာပြီး အချိန်များလည်း တစ်ဖြည်းဖြည်းချင်း ကုန်ဆုံးလာခဲ့ပြီဖြစ်သည်။ CI စနစ်အား တရားဝင် စတင်အသုံးပြုရန်မှာ အနည်းဆုံးအားဖြင့် ခြောက်လခန့် ကြာမြင့်ဦးမည်ဖြစ်ပြီး သက်တမ်းတစ်ခါတိုးပြီးဖြစ်သော ပန်းရောင်ကဒ်များမှာမူ မတ်လတွင် သက်တမ်းကုန်ဆုံးသွားမည် ဖြစ်သည်။


အနိမ့်ဆုံးလုပ်ခလစာစနစ်၊ ရွေးကောက်ပွဲရလဒ်နှင့် အပစ်အခတ်ရပ်စဲရေးများမှာ ဒေါ်ခင်သန်းထွေးနှင့် သူ၏ မိသားစုအပေါ် အကျိုးသက်ရောက်မှု မရှိပေ။ သူနှင့် အိမ်နီးနားချင်းများသည် ဆေးရုံများနှင့် ကျောင်းများအား အမှန်တကယ် အားကိုးရခြင်း၊ အလုပ်အကိုင် အမှန်တကယ်ရရှိခြင်းနှင့် စစ်မှန်သော ငြိမ်းချမ်းရေးတို့အကြောင်းကို ကြားသိရမှာသာ နေရပ်ပြန်ရန် စဉ်းစားပေလိမ့်မည်


 

ထိုင်းနိုင်ငံကလည်း တရားဝင်လက်မှတ်မရှိသေးသောသူများ၏ ကံကြမ္မာနှင့်ပတ်သက်၍ ရှင်းလင်းသော အဖြေများအား ပေးအပ်နိုင်ခြင်းမရှိသေးပေ။ သို့သော် သက်သက်ညှာညှာဆောင်ရွက်သွားမည် မဟုတ်ကြောင်းအား မစ္စတာ ဆူသာက ပြောကြားခဲ့သည်။ “ဒီတစ်ခါကျရင်တော့ အလုပ်သမားရေးရာ လူဝင်မှုကြီးကြပ်ရေးဥပဒေအရ တင်းကြပ်ရပါလိမ့်မယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

“[အခွင့်အရေး] ချိုးဖောက်မှုတွေ ရှိနေသေးပေမယ့် လွန်ခဲ့တဲ့ သုံး၊ လေးနှစ်ကာလနဲ့ ယနေ့ကာလကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ယခုလိုချိုးဖောက်မှုတွေ လျော့နည်းလာပါပြီ။ အလုပ်သမားတွေမှာ စောဒက တက်နိုင်တဲ့ အခွင့်အရေးရှိနေလို့ပါ” ဟု ဦးမိုးဆွေက ဆိုသည်။ နယ်စပ်ဒေသရှိ အထူးစီးပွားရေးစီမံကိန်းများမှာ အလုပ်သမားများ၏ စောဒကတက်ခံရမှုများမှ ထုတ်လုပ်ရေး လုပ်ငန်းရှင်များအား ကာကွယ်ပေးရန်အတွက် ဖြစ်သည်ဟု ၎င်းက ယုံကြည်ထားသည်။

ထိုသို့သောအခြေအနေမှာ တက်ခရိုင် အထူးစီးပွားရေးဇုံတွင် ပေါ်ပေါက်လာနိုင်ခြင်း ရှိ၊ မရှိကိုမူ မသေချာသေးဟုလည်း ၎င်းက ဖွင့်ဟဝန်ခံခဲ့သည်။ သို့သော် ဤသည်မှာပင် ပြဿနာရပ်၏ တစ်စိတ်တစ်ဒေသ ဖြစ်နေတော့သည်။ ထိုင်းနိုင်ငံ၏ စစ်အစိုးရမှာ တိုးတက်မှုနှင့် စက်မှုကဏ္ဍများ အကြောင်းအား ပြောကြားနေသော်လည်း ယင်း၏ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုနိုင်သော ရွှေ့ပြောင်းအလုပ်သမားများအပေါ် အကာကွယ်ပေးရေးအား ပြောကြားခြင်းမရှိသေးပေ။

မြို့ပြဒေသအနီးပတ်ဝန်းကျင်မှ အလုပ်သမားများအား ဥပဒေများဖြင့် အကာကွယ်ပေးသွားမည် ဖြစ်သော်လည်း ကျေးလက်ဒေသများရှိ တက်ခရိုက်တောင်ကုန်များတွင် မျိုးဆက်နှင့်ချီ၍ နေထိုင်ခဲ့ကြသော ကရင်အသိုင်းအဝိုင်းများကဲ့သို့သော ရွှေ့ပြောင်းအသိုင်းအဝိုင်းများအား မျက်ကွယ်ပြုသွားမည်လော။ စက်ရုံကြီးများရှိ အလုပ်သမားများအား တရားဝင်အသိမှတ်ပြုသော်လည်း မြို့အစွန်အဖျားရှိ စက်ရုံငယ်များမှ ပင်ပင်ပန်းပန်း ရုန်းကန်နေရသော အလုပ်သမားများအား တရားဝင် အသိမှတ်မပြုပဲ နေမည်လောဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်နေသည်။

လူတိုင်းတွင် အဖြေတစ်စုံတစ်ရာမရှိသေးသော အချိန်ပင်ဖြစ်သည်ဟု ဦးမိုးဆွေက မှတ်ချက်ပြုခဲ့သည်။ ထိုင်းနိုင်ငံကိုလည်း သံသယ၏ အကျိုးကျေးဇူးအား ခံစားခွင့်မပြုနိုင်ဟုလည်း ထပ်လောင်း ပြောကြားခဲ့သည်။

Myanmar migrant workers in Mae Sot. (Jared Downing / Frontier)

Myanmar migrant workers in Mae Sot. (Jared Downing / Frontier)

နေရပ်ပြန်ရန် တွန့်ဆုတ်နေဆဲ

ဒေါ်ခင်သန်းထွေးနေထိုင်ရာ လူမှုအသိုင်းအဝိုင်းသည် မြန်မာအာဏာပိုင်များ သို့မဟုတ် ထိုင်းအာဏာပိုင်များအား ယုံကြည်မှုမရှိပေ။ ၎င်းတို့သည် အစဉ်သဖြင့်ပြောင်းလဲနေသော ကြိုးနီစနစ်ကို လမ်းညွှန်ပေးရန်အတွက် ၎င်းတို့ အလုပ်ရှင်များအား အားကိုးကြသည်။ နေရပ်သို့ အစုလိုက်အပြုံလိုက် ပြန်ပို့မည်ဟု ထိုင်းနိုင်ငံက ခြိမ်းခြောက်ဖွယ်ရှိသော်လည်း ဒေါ်ခင်သန်းထွေးမှာ ထိုသို့သော ခြိမ်းခြောက်မှုများအား နှစ်ပေါင်းများစွာ ကြားသိခဲ့ရပြီးဖြစ်သည်။ အဆိုးဆုံးအခြေအနေမှာ ဖမ်းဆီးကာ နေရပ်ပြန်ပို့မည့် အခြေအနေဖြစ်သော်လည်း မလုံခြုံသောနယ်စပ်ကိုဖြတ်ကျော်ကာ ထိုင်းနိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်၊ အလုပ်လုပ်ကိုင်ရန်မှာ အတော်လေး လွယ်ကူသည်။ သူနှင့်အတူ အလုပ်လုပ်နေသူများ၏ ငါးပုံတစ်ပုံခန့်တွင် ပန်းရောင်ကဒ်များ မရှိကြပေ။ “ပန်းရောင်ကဒ် မရှိဘဲနဲ့တောင် အလုပ်ရှင်က ကျွန်မတို့အတွက် လူဝင်မှုကြီးကြပ်ရေးနဲ့ ကိစ္စတွေ၊ လာဒ်ထိုးတာတွေကို ကူညီဆောင်ရွက် ပေးပါတယ်” ဟု သူက ဆိုသည်။

မြန်မာနိုင်ငံတွင် နေထိုင်ရမည့်ဘဝထက် ပိုမိုကောင်းမွန်နေသေးသည့် အဆိုးရွားဆုံးသော အခြေအနေ တစ်ရပ်ရှိသည့်နေရာတွင် နေထိုင်နေခြင်းဖြစ်သော်လည်း သူ၏ ကလေးငယ်များနှင့် အတူတကွ နေထိုင်နိုင်မည့် မြန်မာနိုင်ငံသို့သာ ပြန်သွားလိုဆဲဖြစ်သည်။ မြန်မာနိုင်ငံမှာ ပြောင်းလဲနေပြီဖြစ်ကြောင်းအား သိနေသော်လည်း နေရပ်ပြန်ရန်အတွက် တွန့်ဆုတ်နေသေးသည်။

“အစိုးရသစ်နဲ့ အနိမ့်ဆုံးလုပ်ခလစာစနစ်တွေ ပေါ်ပေါက်လာပေမယ့်လည်း အဲဒီမှာ အလုပ်လုပ်ဖို့အတွက် ကျွန်မတို့မှာ အခွင့်အရေးမရှိသေးပါဘူး” ဟု ၎င်းက ဆိုသည်။ “ကျွန်မတို့အများစုက ပညာကောင်းကောင်း တတ်တဲ့သူတွေ မဟုတ်ကြပါဘူး။ မြန်မာနိုင်ငံကို ပြန်မယ်ဆိုရင် အလုပ်အများစုက အတန်းပညာရေး တစ်ခုခုကို လိုအပ်ပါတယ်။ အထည်ချုပ်စက်ရုံတွေအတွက် အလုပ်အကိုင်လိုအပ်ချက်က ဒီစက်ရုံမှာလို များများစားစား မရှိပါဘူး။ ကျွန်မတို့အနေနဲ့ ကျွန်မတို့ရဲ့ ကျွမ်းကျင်မှုကို အသုံးချနိုင်မှာ မဟုတ်ပါဘူး” ဟု ဒေါ်ခင်သန်းထွေးကပြောသည်။

အနိမ့်ဆုံးလုပ်ခလစာစနစ်၊ ရွေးကောက်ပွဲရလဒ်နှင့် အပစ်အခတ်ရပ်စဲရေးများမှာ ဒေါ်ခင်သန်းထွေးနှင့် သူ၏ မိသားစုအပေါ် အကျိုးသက်ရောက်မှု မရှိပေ။ သူနှင့် အိမ်နီးနားချင်းများသည် ဆေးရုံများနှင့် ကျောင်းများအား အမှန်တကယ် အားကိုးရခြင်း၊ အလုပ်အကိုင် အမှန်တကယ်ရရှိခြင်းနှင့် စစ်မှန်သော ငြိမ်းချမ်းရေးတို့အကြောင်းကို ကြားသိရမှာသာလ ျှင် နေရပ်ပြန်ရန် စဉ်းစားပေလိမ့်မည်။

ကျွန်တော်တို့စကားပြောဆိုနေစဉ်တွင် လူအနည်းငယ် ရောက်ရှိလာခဲ့သောကြောင့် ထိုင်းနိုင်ငံတွင်သာ အရိုးထုတ်မည်လောဟု ကျွန်တော်က မေးမြန်းခဲ့သည်။ အားလုံးပင် ရယ်ရယ်မောမော တုံ့ပြန်ဖြေကြားခဲ့သည်။ “ကျွန်တော်တို့အားလုံး အိမ်မှာပဲ ပြန်နေချင်တာပေါ့။ အားလုံးပါဘဲ” ဟု အမျိုးသားတစ်ဦးက ပြောကြားသည်။

အဆုံးတွင် နေအိမ်သို့ ပြန်ကြရလိမ့်မည်ဟု ယုံကြည်ပါသလားဟု ကျွန်တော်က မေးမြန်းကြည့်ရာတွင် “အဲလိုတော့ ယုံကြည်ပါတယ်။ ကျွန်တော်တို့မှာ မျှော်လင့်ချက် ရှိနေပါသေးတယ်” ဟု ဒေါ်ခင်သန်းထွေးက ပြောကြားခဲ့သည်။ “ဒါပေမယ့် ဘယ်အချိန်လဲဆိုတာတော့ ဘယ်သူမှ မသိနိုင်ပါဘူး” ဟုလည်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။

ဓာတ်ပုံများ – ဂျာရက် ဒေါင်းနင်း 

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar