အမေရိကန်ဒေါ်လာ သန်း ၃၀ (ကျပ် ၄၀ ဒသမ ၆၈ ဘီလျံ) တန်ဖိုးရှိ စာချုပ်အရ ဒီဇယ်ရထားစက်ခေါင်းများကို အိန္ဒိယက မြန်မာနိုင်ငံသို့ မကြာမီ တင်ပို့ ပေးပို့သွားမည်ဟု အိန္ဒိယသတင်းစာတစ်စောင်က ရေးသားထားသည်။
မီးရထားစက်ခေါင်း ၁၈ လုံး၏ ပထမအသုတ်ဖြစ်သည့် စက်ခေါင်း ခြောက်လုံးကို လာမည့်လတွင် တင်ပို့တော့မည်ဖြစ်သည်။ ကျန်စက်ခေါင်းများကိုမူ ဒီဇင်ဘာတွင် တင်ပို့မည်ဟု The Economic Times သတင်းစာက မေ ၂၅ ရက်နေ့တွင် ရေးသားထားသည်။
အဆိုပါစက်ခေါင်းများကို အိန္ဒိယမီးရထား လက်အောက်ရှိ ဒီဇယ်စက်ခေါင်းအလုပ်ရုံက ဗာရာဏသီတွင် ထုတ်လုပ်ထားခြင်းဖြစ်ကာ မြန်မာ့မီးရထားမှ စက်ပစ္စည်းနှင့် လျှပ်စစ်ဌာနအကြီးအကဲဦးဆောင်သော အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့က မကြာသေးမီက လာရောက်စစ်ဆေးသွားခဲ့သည်ဟု သတင်းတွင် ရေးသားထားသည်။
ပြီးခဲ့သည့် ၁၈ နှစ်အတွင်း မီးရထားစက်ခေါင်း ၆၀ ကျော်နှင့် အခြားသော စက်ပစ္စည်းများကို အိန္ဒိယမီးရထား၏ နိုင်ငံတကာ ဈေးကွက်တင်ပို့ရေးဌာနခွဲဖြစ်သော RITES က မြန်မာနိုင်ငံသို့ တင်ပို့ရောင်းချခဲ့သည်ဟု သတင်းစာက ဖော်ပြသည်။
အဆိုပါဒီဇယ်စက်ခေါင်းစက်ရုံမှ ထုတ်လုပ်သည့် ရထားစက်ခေါင်းများမှာ စွမ်းဆောင်ရည် ကောင်းမွန်ပြီး ပြုပြင်ထိန်းသိမ်းရန် လွယ်ကူသဖြင့် မြန်မာနိုင်ငံက ကြိုက်နှစ်သက်ကြသည်ဟု RITES အရာရှီတစ်ဦးကပြောသည်။
ဗာရာဏသီစက်ရုံမှ ထုတ်လုပ်သည့် ရထားစက်ခေါင်းများကို သီရိလင်္ကာ၊ မလေးရှား၊ ဘင်္ဂလားဒေရှ့်အပါအဝင် နိုင်ငံများစွာသို့ တင်ပို့နေသည်။