ပဲသမားသောက

ဘုတလင်လူငယ်

ရာသီဥတုဒဏ်ကြောင့် ပဲစိုက်ခင်းအတော်များများ ပျက်စီးသွားသောအိန္ဒိယသည် ပဲလိုအပ်ချက်မြင့်မားလျက်ရှိနေရာ မြန်မာကိုမှီခိုရဖို့ရှိနေသည်။

Agri World Mumbai ၏ ထုတ်ပြန်ချက်များအရ အိန္ဒိယတွင် ယမန်နှစ်က မတ်ပဲ ၃၀ ရာခိုင်နှုန်းပျက်စီးခဲ့သည်။ယခုနှစ်တွင်လည်း ၅၀ ရာခိုင်နှုန်းပျက်စီးပြီး ကျန်ခဲ့သည့်ထဲမှ တစ်ဝက်မှာလည်း အရည်အသွေးညံ့ဖျင်းသောပဲများသာဖြစ်သည်။
အိန္ဒိယသည် တစ်နှစ်လျှင် မတ်ပဲ တန် သိန်း ၂၄ မှ ၃၀ အထိ စားသုံးရာ လိုအပ်ချက်မြင့်မားနေပြီဖြစ်သည်။

လာမည့် ၂၀၂၀ တွင် တန်ချိန်ပေါင်း သိန်း ၂၀ ခန့် လိုအပ်လာလိမ့်မည်ဟုခန့်မှန်းရသည်။မြန်မာနိုင်ငံသည် တစ်နှစ်လျှင် မတ်ပဲတန်ချိန် ၆ သိန်းထက်ပိုမထွက်ချေ။ သို့ဖြစ်ရာ မြန်မာသည် လာမည့်နှစ်အနည်းငယ်အထိ အိန္ဒိယ၏ပဲလိုအပ်ချက်ကို တောက်လျှောက်ဖြည့်တင်းပေးရမည့်သဘောလည်းဖြစ်သည်။ 

သို့သော် ယခုကဲ့သို့ဈေးကွက်က တောင်းဆိုလာသည့်အချိန်မှာပင် မြန်မာ့ပဲဈေးနှိမ်ခံရမည့်အခြေအနေများရှိနေသည်ကို သတိချပ်သင့်ပါသည်။

အိန္ဒိယသည် မတ်ပဲကို ကန့်သတ်ကုန်အဖြစ်သတ်မှတ်ကာ လိုအပ်ချက်ရှိမှသာ ခွဲတမ်းစနစ်(သို့မဟုတ်)အထူးပါမစ်ဖြင့်ဝယ်ယူလျက်ရှိသည်။

အဆိုပါ ကန့်သတ်ချက်ဂယက်ကြောင့် ပဲအကြပ်အတည်း ဖြစ်ပေါ်ခဲ့ပြီး “ပဲစားပွဲတော်များ” ပေါ်ပေါက်ခဲ့သည်ကိုသတိရကြဦးမည်ထင်ပါသည်။

ပဲဈေးသည် နှစ်နိုင်ငံ ပဲထွက်ချိန်၊ပဲပျက်ချိန်ပေါ်မူတည်၍လည်းကောင်း၊ ဈေးကစားမှုများကြောင့်လည်းကောင်း အတက်အကျလည်းကြမ်းသည်။၂၀၁၈ခုနှစ်က အိန္ဒိယတွင် ပဲမပေါ်သေးချိန်တွင် တစ်တန်လျှင်ကျပ်လေးသိန်းအောက်ရောက်ခဲ့သော မြန်မာ့မတ်ပဲသည် အိန္ဒိယကပဲထွက်လျော့သွား၍ ယမန်နှစ်နှစ်ကုန်ပိုင်းတွင် တစ်တန်လျှင် ကျပ်ဆယ်သိန်းအထိဈေးပြန်တက်ခဲ့သည်။

သို့သော် ထိုသို့ဈေးပြန်တက်ချိန်တွင် ပဲစိုက်တောင်သူများထံတွင် ပဲမရှိတော့ဘဲ ကုန်သည်ကြီးများနှင့်လှောင်လက်ကုန်သည်များထံတွင်သာပဲရှိတော့ပါသည်။

ယခုနှစ်တွင်လည်း အိန္ဒိယကပဲထွက်လျော့ပြန်ရာ ပြီးခဲ့သည့် နိုဝင်ဘာလဆန်းက အိန္ဒိယတွင် မတ်ပဲတစ်တန်လျှင် ၁၈ သိန်းအထိဈေးတက်ခဲ့သည်။သို့သော် အိန္ဒိယကုန်သည်များသည် မြန်မာနိုင်ငံသို့ တစ်တန်လျှင် ကျပ် ၁၃ သိန်းကျော်နှုန်းသာအမြင့်ဆုံးရခဲ့သည်။ တစ်တန်လျှင် ၄ သိန်းကျော် ဟနေပါသေးသည်။ထို့နောက် အိန္ဒိယတွင်ပဲဈေးမှာ တစ်တန်လျှင် ၁၄ သိန်းအထိကျသွားပြန်သည်။

အကြောင်းမှာ မြန်မာနိုင်ငံမှ ဈေးပေါပေါဖြင့်ဝယ်ထားသည့်ပဲများနှင့်သူတို့ဆီကထွက်သည့် အရည်အသွေးနိမ့်ပဲများကိုထုတ်ရောင်းသောကြောင့်ဖြစ်သည်။ အိန္ဒိယဘက်တွင်ပဲဈေးကျသည်နှင့် မြန်မာနိုင်ငံဘက်တွင်လည်း တစ်တန်လျှင် ကျပ် ၉သိန်း၈သောင်းအထိကျသွားပြန်သည်။အဘယ်ကြောင့်နည်း။

လာမည့် မတ် လတွင် ထွက်တော့မည့်ပဲ ကို ကြိုပွိုင့်ဖြင့်ဈေးပေါပေါရောင်းထားခြင်း၊အမြင့်ဈေးဖြင့်ရောင်းထားသော ကုန်သည်ကြီးများက ပဲလက်ကျန်လျှော့နည်းသွားသဖြင့် ပဲအသစ်ကို ပဲစိုက်တောင်သူများထံမှ ဈေးပေါပေါဖြင့် ပြန်ဝယ်လိုခြင်း၊အိန္ဒိယကုန်သည်များကလည်း မြန်မာ့ပဲဈေးကျနေသည်ကို အခြေအနေစောင့်ကြည့်နေ၍အဝယ်ခေတ္တရပ်ထားခြင်းတို့ကြောင့်ဖြစ်သည်။

ဝယ်သူ၏ဆန္ဒမှာ လျှော့ဈေးဖြင့်ရနိုင်သလောက်ရလိုခြင်းမှာသဘာဝပင်ဖြစ်သည်။

သို့သော် မြန်မာနိုင်ငံမှ ဆင်းရဲသောတောင်သူများနှင့်ကုန်သည်ပွဲစားများမှာလည်း တန်ရာတန်ကြေးရသင့်ပါသည်။အိန္ဒိယကုန်သည်များထံ ဈေးလျှော့ရောင်းပြီး တောင်သူများထံမှ ပဲအသစ်များဈေးနှိမ်ဝယ်ယူမည့်အကြံက အကြံအစည်ကောင်းမဟုတ်ပါ။

 “အိန္ဒိယအခက် မြန်မာအချက်” ကြုံနေချိန်တွင် အိမ်နီးချင်းကောင်းပီသစွာဖြင့် “မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ”သဘောမျိုးမထားဘဲ နှစ်ဦးနှစ်ဘက်အဆင်ပြေစေရန် ပုံမှန်ဈေးကွက်ပေါက်ဈေးရရှိအောင် အားထုတ်သင့်ပါသည်။
 

 

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.