ရန်ကုန်၊ ဇန်နဝါရီ ၆
လာရောက်မည့် အိန္ဒိယနိုင်ငံမှ ကမ်းခြေစောင့် သင်္ဘော VARAD။ ဓာတ်ပုံ- အိန္ဒိယသံရုံး
နှစ်နိုင်ငံ ပင်လယ်ရေကြောင်း ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန်အတွက် အိန္ဒိယနိုင်ငံမှ ကမ်းခြေစောင့်သင်္ဘော VARAD သည် ရန်ကုန်မြို့သို့ ဇန်နဝါရီ ၇ ရက်မှ ၁၁ ရက်နေ့အထိ ချစ်ကြည်ရေး လာရောက်မည်ဖြစ်သည်။
အဆိုပါ သင်္ဘောပေါ်တွင် အရာရှိ ၁၁ ဦးနှင့် တပ်သား ၉၅ ဦး လိုက်ပါလာမည်ဟု ရန်ကုန်မြို့ရှိ အိန္ဒိယနိုင်ငံ သံရုံးက သတင်းထုတ်ပြန်ထားသည်။
Chetak ရဟတ်ယာဉ်တစ်စီး တင်ဆောင်နိုင်သည့် အဆိုပါ သင်္ဘောသည် ပင်လယ်ပြင်တွင် ရှာဖွေရေးှနှင့် ကယ်ဆယ်ရေး၊ ပင်လယ်ရေပြင် ထိန်းသိမ်းရေးနှင့် ကာကွယ်ရေးတာဝန်များအပြင် တရားမဝင် ကုန်သွယ်မှု ဆန့်ကျင်ရေးနှင့် လျှို.ဝှက်စွာ ဝင်ရောက်လာမှု တားဆီးရေးတို့အတွက် ကင်းလှည့်တာဝန်များကို ထမ်းဆောင်နေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ရန်ကုန်တွင်ရှိနေစဉ်အတွင်း သင်္ဘောအား ဦးဆောင်လာသူ အရာရှိနှင့် တပ်သားများသည် မြန်မာနိုင်ငံသားများအပြင် မြန်မာ့တပ်မတော် (ရေ)နှင့် ရေကြောင်းညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူများနှင့်တွေ့ဆုံကြမည် ဖြစ်သည်။ ထို့ပြင် တပ်သားများသည် မြန်မာ့ရေတပ်မတော်နှင့် ချစ်ကြည်ရေး အားကစားပွဲများ ပါဝင်ဆင်နွဲမည်ဖြစ်သည်။
သတင်း- Frontier သတင်းအဖွဲ့