ဉာဏ်လှိုင်လင်း
အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်၊ သို့မဟုတ် ရပ်စဲခံထားသည့် အဖွဲ့အချို့ကို မကြာမီ ပြန်လည်လက်ခံမည်ဟု ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)က ဖေဖော်ဝါရီ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာလိုက်သည်။
စတင်ဖွဲ့စည်းစဉ်က ပါဝင်ခဲ့ဖူးသည့် ကချင်အမျိုးသားအစည်းအရုံး (KNO)နှင့် ချင်းအမျိုးသားတပ်ဦး (CNF) တို့ ပြန်လည်ပါဝင်ရေးကို ဇူလိုင်လတွင် ကျင်းပမည့် အရေးပေါ်ညီလာခံတွင် ဆောင်ရွက်မည်ဟုလည်း ထိုနေ့က ပြုလုပ်သည့် UNFC ပုံမှန်အစည်းအဝေးက ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
KNO သည် အဖွဲ့ဝင်အဖြစ်မှ ၂၀၁၇ ခုနှစ်တွင် နုတ်ထွက်ထားပြီး CNF မှာမူ ၂၀၁၅ ခုနှစ် NCA လက်မှတ်ရေးထိုးပြီးကတည်းက အဖွဲ့ဝင်အဖြစ် ရပ်စဲထားခြင်းဖြစ်သည်။
UNFC သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးသဘောတူစာချုပ် (NCA) လမ်းကြောင်းဖြင့် လိုက်ပါရေးမူကို ကိုင်စွဲကာ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးရေးကိုယ်စားလှယ်အဖွဲ့ (DPN)ဖွဲ့၍ အစိုးရနှင့် ညှိနှိုင်းလေ့ရှိသောအဖွဲ့ဖြစ်ပြီး NCA လက်မှတ်ရေးထိုးပြီးသူများကို အဖွဲ့ဝင်အဖြစ်မှ ရပ်စဲခွင့်ပြုသော အစဉ်အလာရှိသည်။
ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)နှင့် CNF တို့မှာ ၂၀၁၅ ခုနှစ်အတွင်း NCA လက်မှတ်ရေးပြီးနောက် အဖွဲ့ဝင်အဖြစ်မှ ရပ်ဆိုင်းခဲ့သည့် သာဓကလည်း ရှိခဲ့သည်။ သို့သော် ယခုပြုလုပ်သည့် UNFC အစည်းအဝေးတွင်မူ မကြာသေးမီက NCA လက်မှတ်ရေးထိုးခဲ့သည့် မွန်ပြည်သစ် ပါတီ (NMSP)နှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံး (LDU)တို့ပါဝင်နေသည်ကို တွေ့ရသည်။
အစည်းအဝေး၏ ထုတ်ပြန်ချက်တွင်ပါဝင်သော CNF ဒုတိယ ဥက္ကဋ္ဌ (၂) ဒေါက်တာဆလိုင်း လျန်မုန်းကို Frontier က ဆက်သွယ်မေးမြန်းရာတွင်မူ “ကျွန်တော်တို့ မသိဘူးဗျ။ CNF အနေနဲ့ UNFC မှာပြန်ပါဖို့ ဆုံးဖြတ်ထားတာမရှိသလို ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးဖူးတာလည်း မရှိပါဘူး”ဟုဆိုသည်။
UNFC ၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးထွန်းဇော်ထံ တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် CNF နှင့် ပတ်သက်၍ တိကျသော အဖြေမရသော်လည်း “လက်မှတ်ထိုးပြီးသားအဖွဲ့တွေက NCA စာချုပ် အကောင်အထည်ဖော်တဲ့ ပုံစံနဲ့သွားမယ်။ မထိုးရသေးတဲ့သူတွေက DPN က တစ်ဆင့် အစိုးရရဲ့ ငြိမ်းချမ်းရေး ကော်မရှင်နဲ့ ဆွေးနွေးညှိနှိုင်းမယ်”ဟု ၎င်းတို့ စီစဉ်ထားသည့် လုပ်ငန်းစဉ်ကို ရှင်းပြခဲ့သည်။
လက်ရှိ UNFC အဖွဲ့တွင် NCA လက်မှတ်ထိုးထားသည့် NMSP၊ LDU နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ(KNPP)၊ ရခိုင်အမျိုးသားကောင်စီ (ANC) တို့ပါဝင်သည်။ ၎င်းတို့အနက် ANC မှာလက်နက်ကိုင်တပ်ဖွဲ့မရှိ၍ NCA လမ်းကြောင်းအတွင်း လိုက်ပါရန်မဖြစ်နိုင်တော့ဟု နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် Frontier ကို ထုတ်ဖော်ပြောဆိုထားသည်။
ထို့ကြောင့် NCA လက်မှတ်ရေးထိုးရေး ညှိနှိုင်းရာတွင် UNFC ၌ KNPP တစ်ဖွဲ့တည်းသာ ကျန်ရှိတော့သည်ဟု အစိုးရက သတ်မှတ်ထားပြီး နှစ်ဖွဲ့တည်းသာဆွေးနွေးရန် စီစဉ်နေသည်။ UNFC ၏ ယခုကြေညာချက်ထွက်အပြီး အစိုးရ၏ သဘောထားကို ထပ်မံမေးမြန်းရာတွင်လည်း “KNPP တစ်ဖွဲ့ပဲကျန်တယ်။ ပြောလည်းပြောထားပြီးပြီ။ နှစ်ဖက်တည်း ဆွေးနွေးဖို့။ ဒီအနေအထားမှာ UNFC ရဲ့ DPN နဲ့ ကျွန်တော်တို့ ဆွေးနွေးဖို့ မလိုတော့ဘူး”ဟု ဦးဇော်ဌေးက ပြောသည်။
ထို့အတူ UNFC တွင် ထပ်မံပါဝင်လာဖွယ်ရှိသည့် KNO နှင့်လည်း NCA ကိစ္စ ဆွေးနွေးမှုရှိမလာနိုင်ဟု ၎င်းက ဆိုသည်။ “အဖွဲ့သစ်တွေ ထပ်မံပေါ်ပေါက်လာတိုင်း အစိုးရက လက်ခံဆွေးနွေးမယ်ဆိုရင် အစိုးရအတွက် အတော်လေးအခက်အခဲ ရှိတယ်။ ဒါကြောင့်အဖွဲ့သစ်တွေကို ဆွေးနွေးမှာမဟုတ်ဖူးဆိုတဲ့မူ ချထားတယ်”ဟု ဦးဇော်ဌေးက ပြောသည်။
UNFCမှ ဦးထွန်းဇော်ကမူ ယခင်ကတည်းက တစ်ဖွဲ့ချင်းဆွေးနွေးခွင့်ရှိပါလျှက်နှင့် NCA ပေါ်ပေါက်ရေး ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း၊ လစ်လျူရှုမရှုဆိုသည်မှာ အစိုးရ၏သဘောထားသာဖြစ်ကြောင်း ဆိုသည်။ ၎င်းမှာ NCA လမ်းကြောင်းတွင် ပါဝင်ရန်မဖြစ်နိုင်တော့ဟု အစိုးရ၏ ငြင်းဆိုခြင်းခံထားရသည့် ANC တွင် အထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ယူထားသူလည်းဖြစ်သည်။
“အဖွဲ့ပေါင်းစုံ ပါဝင်ပြုစုထားတဲ့စာချုပ်၊ အဖွဲ့ပေါင်းစုံပါဝင်လာမှ အနှစ်သာရရှိမယ်။ ဒီစာချုပ်အကောင်အထည်ပေါ်ဖို့က အဖွဲ့ပေါင်းစုံပါမှ အထမြောက်မယ်” ဟု ဦးထွန်းဇော်က ပြောသည်။ ANC သည် သမ္မတ ဦးသိန်းစိန် လက်ထက်တွင် NCA စာချုပ်ပေါ်ပေါက်ရေး အစိုးရနှင့် ပူးပေါင်းရေးဆွဲခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်များထဲမှ တစ်ဖွဲ့ဖြစ်သည်။
လက်ရှိတွင် NCA လက်မှတ်ရေးထိုးပြီးသော တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ရှိနေပြီး ယင်းလမ်းကြောင်းအတိုင်း လိုက်ပါမည်ဟုဆိုထားသူများစာရင်းတွင် UNFC မှ KNPP နှင့် ANC နှစ်ဖွဲ့သာကျန်ရှိတော့သည်။
“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSP)၊ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)၊ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP)၊ ရှမ်းပြည်နယ်အရှေ့ပိုင်း အမျိုးသားဒီမိုကရေစီမဟာမိတ် တပ်ဖွဲ့(NDAA)၊ မြန်မာအမျိုးသား ဒီမိုကရေစီ မဟာမိတ်တပ်မတော် (MNDAA)၊ ရခိုင်တပ်မတော် (AA)၊ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TLNA)စသော လက်နက်ကိုင်အဖွဲ့တို့ကမူ NCA တွင် လက်မှတ်မထိုးဘဲ နိုင်ငံရေးဆွေးနွေးလိုသည်ဟု ၂၀၁၇ ခုနှစ်၊ ဖေဖော်ဝါရီလက ထုတ်ပြန်ကြေညာထားသည်။
လက်ရှိတွင် အစိုးရနှင့် NCA ဖြင့်လိုက်ပါမည်ဟုဆိုထားသော KNPP နှင့် NCA လမ်းကြောင်းကိုငြင်းဆိုထားသည့် အခြားသော လက်နက်ကိုင်အဖွဲ့တို့အကြား တရားဝင်တွေ့ဆုံမှုမရှိသေးသလို အဖွဲ့အစည်းအသီးသီးထံမှလည်း ထုတ်ဖော်ပြောဆိုချက် တစ်စုံတစ်ရာ ရရှိခြင်းမရှိသေးပေ။
အစိုးရ၏ ငြိမ်းချမ်းရေးကော်မရှင်အတွင်းရေးမှူး ဦးခင်ဇော်ဦးကမူ ယခုနှစ်အတွင်းတွင် ငြိမ်းချမ်းရေးအတွက် အလားအလာကောင်းများရှိသည်ဟု NMSP၊ LDU တို့ NCA လက်မှတ်ထိုးသည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့က နေပြည်တော်၌ သတင်းထောက်မျာအား ပြောကြားထားသည်။ ဦးခင်ဇော်ဦးသည် တပ်မတော်မှ အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးတစ်ဦးလည်းဖြစ်သည်။
ANC မှ ဦးထွန်းဇော်ကမူ “အားလုံးလိုက်ပါနိုင်တဲ့ အနေအထားနဲ့ တန်းတူရည်တူရှိမှုကို မဖန်တီးနိုင်သေးဘူး”ဟု သုံးသပ်ခဲ့သည်။