အာရှပြိုင်ပွဲမှာ အသိအမှတ်ပြု ခံခဲ့ရတဲ့ မြန်မာ မသန်စွမ်း စက်ဘီးစီး အားကစားသမား

နေပြည်တော်၌ ကျင်းပခဲ့သော မသန်စွမ်း စက်ဘီးစီးပြိုင်ပွဲတွင် မြန်မာနိုင်ငံမှ တစ်ဦးတည်းသော ပြိုင်ပွဲဝင်ဖြစ်သူသည် နိုင်ငံတကာပြိုင်ပွဲများအား ဆက်လက်ယှဉ်ပြိုင်လိုသော်လည်း အဖွဲ့အစည်းများ၏ ထောက်ပံ့မှု လိုအပ်နေသည်။ 

Katrin Schregenberger ရေးသားသည်။ 

ရန်ကုန်မြို့တွင် နေထိုင်သည့် အသက် ၅၈ နှစ်အရွယ် ဦးထိန်ဝင်းသည် အခက်အခဲများကြောင့် နောက်ဆုတ်တတ်သူ တစ်ဦး မဟုတ်ပေ။ 

အသက် ၂၅ နှစ်အရွယ်တွင် ကားတိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် သူ၏ ညာဘက်ခြေထောက်ကို ဆုံးရှုံးခဲ့ရသည်။ ထို့နောက် နောက်ထပ် ဘယ်တော့မှ စက်ဘီးမစီးနိုင်တော့မည်မဟုတ်ဟု သူက ယူဆခဲ့သည်။

စက်ဘီးစီးနေသည့် သူ၏ သူငယ်ချင်းများကို တွေ့ရချိန်တွင် အားကျခဲ့ရသည်။ သူ၏ သူငယ်ချင်းများကလည်း သူ စက်ဘီးမစီးနိုင်တော့သည်ကို လှောင်ပြောင်ခဲ့ကြသည်။ သူက ထိုလှောင်ပြောင်မှုများကို နှစ်အတော်ကြာ သည်းခံခဲ့သော်လည်း တစ်နေ့တွင်မူ သူစက်ဘီး ပြန်လည်စီးနိုင်သည်ကို သက်သေပြလိုခဲ့သည်။ 

အသက် ၄၀ ခန့်အရွယ်တွင်မူ သူ စက်ဘီးကို ပြန်စီးနိုင်လာခဲ့သည်။ ယခုနှစ်အစောပိုင်းက နေပြည်တော်တွင် ကျင်းပခဲ့သော အာရှချန်ပီယံရှစ် (Asian Championship) ပြိုင်ပွဲ၏ မသန်စွမ်း စက်ဘီးစီးပြိုင်ပွဲတွင် အခြားသော နိုင်ငံ ငါးနိုင်ငံမှ ပြိုင်ပွဲဝင် ၁၇ ဦး နှင့်အတူ သူလည်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ 

The Asian Road and Para Cycling Championships ကို ဖေဖော်ဝါရီ ၈ ရက်မှ ၁၂ ရက်အထိ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လက်ခံကျင်းပခဲ့ခြင်း ဖြစ်သည်။ 

ထိုပြိုင်ပွဲကို မြန်မာနိုင်ငံ စက်ဘီးစီးအဖွဲ့ချုပ်နှင့် အာရှစက်ဘီးစီးအဖွဲ့ချုပ်တို့ ပူးပေါင်းကာ လက်ခံ ကျင်းပပေးခြင်းဖြစ်ပြီး ကမ္ဘာ့စက်ဘီးစီးအဖွဲ့ချုပ်ဖြစ်သော Union Cycliste Internationale အဖွဲ့၏ လုပ်ထုံးလုပ်နည်းအရ မသန်စွမ်း စက်ဘီးပြိုင်ပွဲကိုပါ ထည့်သွင်း ကျင်းပပေးခဲ့သည်။ 

nswks_paracycling-27_u_htein_win.jpg

ဦးထိန်ဝင်းသည် မသန်စွမ်းစက်ဘီးစီးပြိုင်ပွဲ၌ မြန်မာနိုင်ငံမှ တစ်ဦးတည်းသော ပြိုင်ပွဲဝင်သူဖြစ်သည်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

မြန်မာနိုင်ငံမှ အခြားအားကစားသမား တစ်ဦးကလည်း မသန်စွမ်း စက်ဘီးပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ရန် စီစဉ်ခဲ့သော်လည်း ပြိုင်ပွဲ၏ ပြေးလမ်းကို ကြည့်ရှုပြီး လက်လျှော့သွားခဲ့သည်။ နောက်တစ်ဦးကလည်း ယှဉ်ပြိုင်ရန် ကြိုးပမ်းခဲ့သည်။ သို့သော် ကိုယ်ကာယ ချို့ယွင်းမှုထက် စိတ်ဝေဒနာသည် ဖြစ်နေသောကြောင့် ယှဉ်ပြိုင်ခွင့် မရခဲ့ပေ။ 

ဦးထိန်ဝင်းသည် Para Cycling ပြိုင်ပွဲတွင် တစ်ဦးတည်းသော မြန်မာအားကစားသမား ဖြစ်နေသည့်အပြင် ထောက်ပံ့ပေးသော အဖွဲ့အစည်းနောက်ခံ မရှိဘဲ ဝင်ပြိုင်သူတစ်ဦးလည်း ဖြစ်ခဲ့သည်။ သူ့ကို ထောက်ပံ့ပေးသူများက သူ၏ သမီး နှစ်ယောက်နှင့် သူငယ်ချင်းတစ်ယောက်သာ ဖြစ်သည်။ 

အခြားပြိုင်ပွဲဝင်များ အားလုံးမှာ သူနှင့် မတူကြပေ။ အထူးသဖြင့် အိန္ဒိယ၊ စင်ကာပူနှင့် ထိုင်းနိုင်ငံမှ အားကစားသမားများသည် လေ့ကျင့်ပေးသူများ၊ နည်းပြများနှင့်အတူ အဆင့်မြင့် စက်ဘီးများပါ ပါဝင်လာကြသည်။ ဦးထိန်ဝင်းကမူ ခြေတု မပါဘဲ စက်ဘီးအဟောင်းဖြင့်သာ ယှဉ်ပြိုင်ခဲ့ရသည်။ သူကို ထောက်ပံ့ပေးမည့် အဖွဲ့အစည်းကိုလည်း ရှာမတွေ့ခဲ့ပေ။ 

ဦးထိန်ဝင်းအား လေ့ကျင့်မှုများ ပြုလုပ်ပေးခဲ့ပါသလားဟု မြန်မာလက်ရွေးစင် စက်ဘီးစီးအသင်း၏ လက်ထောက်နည်းပြ ဦးအောင်မျိုးနိုင်အား မေးမြန်းကြည့်ခဲ့ရာ သူက ရယ်မောပြီး “ကျွန်တော်သူ့ကို နှစ်ခါပဲ တွေ့လိုက်ရတယ်” ဟု ပြန်လည် ဖြေကြားခဲ့သည်။ 

မြန်မာနိုင်ငံ မသန်စွမ်းအားကစားအဖွဲ့ချုပ်ကမူ မသန်စွမ်းစက်ဘီးပြိုင်ပွဲအား ဦးထိန်ဝင်း ဝင်ရောက်ယှဉ်ပြိုင်နေသည်ကို သိရှိခဲ့သော်လည်း အထောက်အပံ့များ မပေးနိုင်ခဲ့ဟု ဆိုသည်။ 

“ကျွန်တော်တို့ အဖွဲ့ချုပ်ရဲ့ တစ်ဦးတည်းသော တရားဝင် မသန်စွမ်း စက်ဘီးသမားက ယခုနှစ်မှာ နုတ်ထွက်သွားတယ်” ဟု အဖွဲ့ချုပ်၏ အတွင်းရေးမှူးချုပ် ဦးပီတာက ပြောသည်။ အဖွဲ့ချုပ်အနေဖြင့် အာဆီယံ မသန်စွမ်း အားကစားပြိုင်ပွဲအတွက် ပါဝင်သည့် အာကစားတွေကိုသာ အာရုံစိုက်ထားသည်ဟု သူက ဆက်လက်ပြောကြားသည်။ ထိုအထဲတွင် မသန်စွမ်း စက်ဘီးပြိုင်ပွဲ မပါဝင်ဟု သူကဆိုသည်။ 

အဖွဲ့ချုပ်အနေဖြင့် မသန်စွမ်း စက်ဘီးစီး အားကစားအား မြှင့်တင်ပေးရန် လောလောဆယ် အစီအစဉ် မရှိသေးဟုလည်း ဦးပီတာက ဆိုသည်။ 

သို့သော် ဦးထိန်ဝင်းကို အားပေးမည့်သူ မရှိခဲ့သည်တော့ မဟုတ်ပေ။ မသန်စွမ်း စက်ဘီးစီးပြိုင်ပွဲတွင် ယှဉ်ပြိုင်သည့် အင်အားအများဆုံးဖြစ်သည့် အိန္ဒိယအသင်းက သူ့ကို အားပေးကူညီခဲ့သည်။ 

nswks_paracycling-12.jpg

ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

“မြန်မာနိုင်ငံက မသန်စွမ်း စက်ဘီးသမားတစ်ဦးကို တွေ့ရတာ ကျွန်တော်အရမ်းဝမ်းသာတယ်” ဟု အသက် ၃၅ နှစ်အရွယ် Mr Aditya Mehta က ပြောကြားသည်။ သူသည် ကားတိုက်မှုဖြစ်ပွားခဲ့ကာ ညာဘက်ခြေထောက် ဖြတ်ခဲ့ရအပြီး ငါးနှစ်အကြာ၊ ၂၀၁၃ ခုနှစ်တွင် မသန်စွမ်း အာကစားသမားများကို ထောက်ပံ့ပေးသော အကျိုးအမြတ် မယူသည့် ဖောင်ဒေးရှင်းတစ်ခုကို ဟိုက်ဒရာဘတ်မြို့တွင် တည်ထောင်ခဲ့သူဖြစ်သည်။ 

ကားတိုက်မှု ဖြစ်ပွားအပြီး သိပ်မကြာမီမှာပင် စက်ဘီး ပြန်စီးနိုင်ခဲ့ပြီး အိန္ဒိယနိုင်ငံအား မသန်စွမ်း အားကစားတွင် အင်အားကြီးလာစေရန် ရည်ရွယ်ချက်ဖြင့် ဖောင်ဒေးရှင်းတစ်ခု တည်ထောင်ရန် စိတ်ကူးရခဲ့ခြင်း ဖြစ်သည်။ 

“ပြိုင်ပွဲတွေဆိုတာ လူတွေ လေးစားရတဲ့ အားကစားပါ။ ဒီလို ပြိုင်ပွဲတွေမှာ မသန်စွမ်းသူတွေ ဝင်ရောက် ယှဉ်ပြိုင်ခြင်းအားဖြင့် လူတွေရဲ့ လေးစားမှုကို ပြန်လည်ရရှိစေပါတယ်” ဟု သူက ပြောသည်။ 

ထိုဖောင်ဒေးရှင်းသည် ရန်ပုံငွေများ ရှာဖွေပြီး အာရှဒေသမှ မသန်စွမ်းသူများ အားကစား လုပ်ဆောင်လာနိုင်စေရန် အားပေးကူညီခြင်း၊ လေ့ကျင့်ပေးခြင်းများကို လုပ်ဆောင်ပေးနေသည်။ မြန်မာနိုင်ငံမှ အားကစားသမားများကိုလည်း ထောက်ပံ့ပေးနိုင်ရန် စီစဉ်နေသည်ဟု သူက ဆိုသည်။ 

“သင်က သင့်အတွက်ပဲ အသက်ရှင်နေထိုင်မယ်ဆိုရင် သင့်ပြသနာတွေကိုပဲ မြင်လိမ့်မယ်။ သင့်အတွက်ရော၊ တခြားလူတွေအတွက်ပါ အသက်ရှင်ပေးမယ်ဆိုရင် တခြားလူတွေမှာလည်း သင့်လို ပြဿနာတွေ ရှိတယ်ဆိုတာ မြင်လာနိုင်လိမ့်မယ်” ဟု သူက ဆိုသည်။ 

စင်ကာပူ၊ ထိုင်းနှင့် အင်ဒိုနီးရှားတို့မှ အားကစားအဖွဲ့များကို သက်ဆိုင်ရာ စက်ဘီးစီးအဖွဲ့ချုပ်များက ထောက်ပံ့ပေးထားသည်။ ထိုင်းနိုင်ငံမှ ခြေထောက် တစ်ဖက်မှ မရှိသော အသက် ၄၂ နှစ်အရွယ် Mr Pooyin Comnuan သည် လက်ဖြင့် စက်ဘီးစီးသည့် handcycling ပြိုင်ပွဲတွင် ရွှေတံဆိပ်ဆု ရရှိခဲ့သည်။ သူသည် ဘီးတပ်ကုလားထိုင်ဖြင့် ပြိုင်ပွဲဝင်နေရာမှ handcycling အားကစားသို့ လွန်ခဲ့သည့် ငါးနှစ်ခန့်က ကူးပြောင်းလာခဲ့ခြင်း ဖြစ်သည်။ 

“အားကစား အသစ်ကို ကူးပြောင်းတော့ သူငယ်ချင်းအသစ်တွေနဲ့ အတွေ့အကြုံ အသစ်တွေ ရတာပေါ့” ဟု Pooyin က ဆိုသည်။ သူ၏ အဓိက ရည်ရွယ်ချက်မှာ para cycling အားကစားကို လူသိများလာစေရန် ဖြစ်သည်။ 

သူ၏ ပြိုင်ဘက်များကဲ့သို့ တူညီသော အထောက်အပံ့များ မရရှိသော်လည်း ဦးထိန်ဝင်းသည် ပြိုင်ပွဲ မယှဉ်ပြိုင်မီတွင် ပျော်ရွှင်နေခဲ့သည်။ “ကျွန်တော်က စက်ဘီးစီးတဲ့အခါ ဂျိုင်းထောက် မလိုတော့ဘူး။ အမြဲလွတ်လပ်နေတယ်” ဟု သူက ဆိုသည်။ “ဒါပေမဲ့ ကုန်းတက်တွေ နင်းရမယ် ဆိုရင်တော့ ပြဿနာတက်တယ်” ဟု သူ၏ အခက်အခဲကို ပြောကြားခဲ့သည်။ 

မသန်စွမ်း စက်ဘီးစီးသမားအဖြစ် အသိအမှတ်ပြုပေးရန် Union Cycliste Internationale က သတ်မှတ်ထားသော နည်းပြများ ဦးထိန်ဝင်းတွင် မရှိသဖြင့် ပြိုင်ပွဲမတိုင်မီ နာရီအနည်းငယ်အလိုတွင် စင်ကာပူမှ နည်းပြတစ်ဦးက သူ့အတွက် သဘောတူညီမှု ပေးခဲ့ရသည်။ သူ့တွင် ခြေတု မပါရှိသဖြင့် အသင့်အတင့်နှင့် ပြင်းထန်သော ကိုယ်အင်္ဂါ ချို့ယွင်းသူများကို ပေးသည့် C2 အဆင့် သတ်မှတ်ပေးခဲ့သည်။

ဦးထိန်ဝင်း ပြိုင်ပွဲကို စတင်ယှဉ်ပြိုင်ခဲ့ချိန်တွင် လက်ခုပ်တီး အားပေးခဲ့သူ ပရိတ်သတ် အများစုမှာ နည်းပြများ၊ ပွဲစီစဉ်သူများ၊ အခြား အားကစားသမားများနှင့် စက်ဘီးစီးအသင်းအဖွဲ့များမှ တာဝန်ရှိသူများသာ ဖြစ်သည်။ 

သူက ပြိုင်ပွဲမတိုင်မီ ၁၁ ကီလိုမီတာ ရှည်သော ပြေးလမ်းကို ကြိုတင် ကြည့်ရှု လေ့လာထားခြင်း မရှိသဖြင့် အခွင့်အရေးများ နစ်နာခဲ့သည်။ ထို့ကြောင့် ပြေးလမ်းတွင် အခြေအနေကြည့်ကာ ကြိုးစားပြီး ပြိုင်ပွဲဝင်ခဲ့ရလေသည်။ 

ပြိုင်ပွဲစတင်ပြီး မိနစ် ၂၀ ခန့်အကြာတွင် ပြေးလမ်းက မတ်စောက်လာသောကြောင့် ဦးထိန်ဝင်း လဲကျသွားပြီး ဒူးခေါင်း နာသွားခဲ့သည်။ ထို့ကြောင့် ပြိုင်ပွဲမှ သူ ထွက်ခွာခဲ့ရသည်။ 

nswks_paracycling-10.jpg

နေပြည်တော်၌ ကျင်းပခဲ့သည့် မသန်စွမ်း စက်ဘီးစီးပြိုင်ပွဲသို့ နိုင်ငံပေါင်း ငါးနိုင်ငံမှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ဓာတ်ပုံ-ငြိမ်းဆုဝေကျော်စိုး

ပြေးလမ်း အစမှ အဆုံးထိ မသွားရောက်နိုင်ခဲ့သော်လည်း သူ၏ လုပ်ဆောင်နိုင်မှုအတွက် သူက ကျေနပ်ခဲ့သည်။

“ဒါက နိုင်ငံတကာ ပြိုင်ပွဲကို ဝင်ပြိုင်တာ ပထမဆုံး အကြိမ်ပဲလေ။ နောက်တစ်ကြိမ်ကျရင် ကျွန်တော် ပိုမို လေ့ကျင့်နိုင်ပြီး ပိုကောင်းတဲ့ စက်ဘီးနဲ့ ပြိုင်နိုင်မှာပေါ့” ဟု သူက ဆိုသည်။ 

“Para Cycling Championship ကို လက်ခံကျင်းပနိုင်တာက ကောင်းတဲ့ အတွေ့အကြုံ တစ်ခုပါ” ဟု မြန်မာနိုင်ငံစက်ဘီးစီးအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခင်မောင်ဝင်းက ပြောကြားသည်။ “ကျွန်တော်တို့က မသန်စွမ်း စက်ဘီးစီး အားကစားသမားတွေကို ထောက်ပံ့လိုပါတယ်။ ဒါပေမဲ့ ဒီအားကစားက MCF လက်အောက်က မဟုတ်ပါဘူး။ မသန်စွမ်း အားကစား အဖွဲ့အစည်းက တာဝန်ယူရတာပါ” ဟုလည်း သူက ဆက်လက်ပြောကြားသည်။  

ဖေဖော်ဝါရီလက ကျင်းပခဲ့သည့် ချန်ပီယံပြိုင်ပွဲသည် မသန်စွမ်း စက်ဘီးအားကစားကို ထည့်သွင်းကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက်ပွဲဖြစ်သည်။ “ပထမအကြိမ်က ၂၀၁၃ ခုနှစ်မှာ နယူးဒေလီမြို့မှာ ကျင်းပခဲ့တာပါ” ဟု အာရှစက်ဘီးစီးအဖွဲ့ချုပ်၏ အတွင်းရေးမှူးချုပ် Mr Onkar Singh က ပြောကြားသည်။ 

“မသန်စွမ်း စက်ဘီးစီး အားကစားက အာရှဒေသမှာ အသစ်အဆန်း ဖြစ်နေသေးတယ်။ ၂၀၁၃ ခုနှစ်တုန်းကဆို ဒီအားကစားကို ယှဉ်ပြိုင်သူ နှစ်ဦးပဲ ရှိခဲ့တယ်။ နေပြည်တော်မှာကျတော့ အရမ်းကို တိုးတက်လာတယ်” ဟု သူက ဆိုသည်။ 

“Para Cycling Championships တွေကို ကျင်းပပေးဖို့ အရေးကြီးပါတယ်။ ဒါက မသန်စွမ်းသူတွေကို အသိအမှတ်ပြု ခံရစေတယ်” ဟု Singh က ဆိုသည်။ 

မသန်စွမ်းသူများကို ကူညီပေးနေသော ရွှေမင်းသား ဖောင်ဒေးရှင်း၏ ဥက္ကဋ္ဌ ဦးမြတ်သူဝင်းက အားကစားသည် မသန်စွမ်းသူများကို လူမှုဆက်ဆံရေးနယ်ပယ်တွင် ပါဝင်လာနိုင်စေပြီး အားပေးမှုကို ဖြစ်ပေါ်စေသည်ဟု ဆိုသည်။

“အားကစားမှာ အောင်မြင်တဲ့ မသန်စွမ်းသူတွေက မသန်စွမ်းသူတွေအတွက် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှုနဲ့ အားပေးမှုတွေကို ဖြစ်ပေါ်စေပါတယ်” ဟု သူကပြောကြားသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.