အသွင်ကူးပြောင်းရေး အဆင်ပြေ ချောမွေ့နိုင်မလား

သမ္မတကြီးအနေနဲ့ကတော့၊ တကယ်လို့များ အရေးပေါ်အခြေအနေ တစ်ခုနဲ့ ဆုံလို့ရှိရင် သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် ဒါ မြန်မာနိုင်ငံမှာနေဖို့ ဆုံးဖြတ်ခဲ့တယ်

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၇ ရက်နေ့က ရွေးကောက်ပွဲ အနိုင်ရ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နေပြည်တော်တိုင်း စစ်ဌာနချုပ် မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။

ဒါဟာ ရွေးကောက်ပွဲ ရလဒ်တွေ ထွက်ပေါ်အပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်ချုပ်တို့ တတိယ အကြိမ်မြောက် တွေ့ဆုံပွဲလည်း ဖြစ်ပါတယ်။ တွေ့ဆုံပွဲနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က “ တရားဥပဒေ စိုးမိုးရေးဆိုင်ရာ ကိစ္စရပ်များနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန် ဆက်လက်ဆောင်ရွက်ရမည့် ကိစ္စရပ်များ ဆွေးနွေးကြသည်” ဆိုတာလောက် ဖော်ပြပြီး တခြား အသေးစိတ် ထုတ်ပြန်တာမျိုးတော့ မရှိပါဘူး။

တကယ်တော့ ဒီတွေ့ဆုံမှုကို မြန်မာနိုင်ငံသားတွေရော၊ နိုင်ငံတကာ အသိုင်းအဝိုင်းကပါ စိတ်ဝင်တစားနဲ့ စောင့်ကြည့်နေကြတာပါ။ ဒီတွေ့ဆုံမှုကနေ တဆင့် အသွင်ကူးပြောင်းရေးကာလ ဘာတွေ ဖြစ်လာနိုင်မလဲဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

အခုတွေ့ဆုံမှုကို အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဘက်က ကမ်းလှမ်းခဲ့တယ်လို့ အင်န်အယ်လ်ဒီ သတင်းရင်းမြစ်တွေက ဆိုပါတယ်။ တွေ့ဆုံလိုခြင်း အကြောင်းရင်းကတော့ လွှတ်တော်အနေနဲ့ သိပ်မကြာခင်မှာ ဒုသမ္မတ၊ သမ္မတ ရွေးချယ်တာတွေ၊ အစိုးရအဖွဲ့ ဖွဲ့စည်းတာတွေ လုပ်ကိုင်တော့မယ်၊ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် သမ္မတ အဖြစ် တာဝန်ထမ်းဆောင်နိုင်အောင် အဲဒီအချိန် မတိုင်ခင် ပြည်ထောင်စု လွှတ်တော်ကနေ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့ရေး ဥပဒေကြမ်း တစ်ခု တင်ပြမယ်၊ ဒါကို တပ်မတော်ဘက်က ထောက်ခံမှုပေးဖို့ ဆွေးနွေး ပြောဆိုလိုရင်း ဖြစ်တယ်လို့ သိရပါတယ်။

ဒီ့မတိုင်ခင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်ချုပ် တွေ့ဆုံခဲ့စဉ်မှာ တပ်ချုပ်ဘက်က ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်နဲ့ ရန်ကုန်တိုင်း ဝန်ကြီးချုပ် ရာထူးအတွက် တပ်မတော်သား အမတ်တွေကို ခန့်အပ်ပေးဖို့ တောင်းဆိုထားတာ ရှိခဲ့ပြီး အခု တွေ့ဆုံပွဲမှာလည်း အဲဒီ ကိစ္စ ဆွေးနွေးဖို့ သေချာသလောက် ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်ချုပ်ဘက်က တခြားအချက်အလက်တွေ ဆွေးနွေးဖို့ ရှိကြမှာ ဖြစ်ပေမယ့် သတင်းတစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိတော့ အများပြည်သူ သိနိုင်ဖို့ မလွယ်ကူပါဘူး။ ဒီ အချက်နှစ်ချက် ဆွေးနွေးမယ်ဆိုတဲ့ ကိစ္စကတော့ အတည်ပြုလို့ ရပါတယ်။ သူတို့ရဲ့ ဆွေးနွေးပွဲ ရလဒ် ဘယ်လို ဖြစ်လာနိုင်သလဲ ဆက်ပြီး စူးစမ်းကြည့်ကြရအောင်ပါ။

ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး တားဆီးပိတ်ပင်ထားတဲ့ ပုဒ်မ ၅၉ (စ) နဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီ က လွှမ်းမိုးထားတဲ့ လွှတ်တော်ဘက်ကနေ ဆိုင်းငံ့ရေး ဆိုင်ရာ ဥပဒေကြမ်း တစ်ခုတင်မယ် ဆိုတာကတော့ သတင်းတွေ အများကြီး ထွက်ပေါ်ခဲ့ပြီးပါပြီ။ အတည်ပြုလို့ရတဲ့ အဲဒီသတင်းအတွက် သမ္မတ နဲ့ တပ်မတော်ဘက်က သဘောထားတွေကိုလည်း ပြောဆိုထားကြပြီ ဖြစ်ပါတယ်။

သိပ်မကြာခင်တုန်းက သမ္မတ ဦးသိန်းစိန်ဟာ အင်န်အယ်လ်ဒီ လွှမ်းမိုးတဲ့ လွှတ်တော် အသစ်ကို ပထမ ဦးဆုံးအကြိမ် သဝဏ်လွှာ ပေးပို့ခဲ့ပါတယ်။ အဲဒီ သဝဏ်လွှာထဲမှာ လွှတ်တော်အနေနဲ့ ဥပဒေတွေကို ပယ်ဖျက်တာ၊ ပြင်ဆင်တာ၊ အသစ်ပြဋ္ဌာန်းတာတွေ လုပ်မယ်ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဘောင်ထဲကနေပဲ လုပ်ကိုင်ကြဖို့ တိုက်တွန်းထားပါတယ်။ ဒါဟာ အင်န်အယ်လ်ဒီ လွှမ်းမိုးထားတဲ့ လွှတ်တော်က လုပ်လာနိုင်တဲ့ ပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့မယ့် အစီအစဉ်ကို သဘောမတူဘူး ဆိုတာကို ပြသလိုက်တယ်ဆိုပြီး အဓိပ္ပာယ် ကောက်ကြပါတယ်။

အကဲဆတ်လှတဲ့ အသွင်ကူးပြောင်းရေး ကာလ ကို နှစ်ဘက် အင်အားစုတွေ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း လိုက်နာ အကောင်အထည်ဖော်ကြရင် အသွင်ကူးပြောင်းရေး ချောမွေ့မှာဖြစ်ပြီး ဖွဲ့စည်းပုံဆိုင်ရာ အငြင်းပွားနိုင်တဲ့ ကိစ္စတွေကို ဆောင်ရွက်ရင်တော့ မမျှော်မှန်းနိုင်တဲ့ ပြဿ     နာတွေ ပေါ်ပေါက်နိုင်သလို အသွင်ကူးပြောင်းရေးကိုလည်း ထိခိုက်နိုင်ပါကြောင်း

နောက်ထပ် သဘောထား ပြသတာ တစ်ခုကတော့ သိပ်မကြာခင်က ကျင်းပပြီးစီးသွားတဲ့ အမေရိကန်နိုင်ငံမှာ ပြုလုပ်တဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးကို သမ္မတ ဦးသိန်းစိန် သွားပြီး မတက်တာပါ။

ဒါနဲ့ ပတ်သက်ပြီး သမ္မတ ပြောခွင့်ရ ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်ကတော့ ဗီအိုအေ သတင်းဌာနကို ခုလို ပြောဆိုခဲ့ပါတယ်။ “သမ္မတကြီးအနေနဲ့ကတော့၊ တကယ်လို့များ အရေးပေါ်အခြေအနေ တစ်ခုနဲ့ ဆုံလို့ရှိရင် သူကိုယ်တိုင် ကိုင်တွယ်ဖြေရှင်းနိုင်ဖို့အတွက် ဒါ မြန်မာနိုင်ငံမှာနေဖို့ ဆုံးဖြတ်ခဲ့တယ်” လို့ ဆိုပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ အရေးပေါ် အခြေအနေ ပေါ်ပေါက်လာစရာ ဆိုလို့ လက်နက်ကိုင် တိုက်ပွဲတွေ မြို့ပေါ်အထိ ရောက်လာတာ၊ ဘာသာရေး လူမျိုးရေး ပဋိပက္ခ အကြီးအကျယ် ဖြစ်ပွားတာ စသဖြင့် ဘာမှ ဖြစ်လာနိုင်စရာ အကြောင်း မရှိပါဘူး။ ဒါပေမယ့် လွှတ်တော်တွင်းမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး ပုဒ်မ ၅၉(စ) ဆိုင်းငံ့ရေး လှုပ်ရှားမှု ပေါ်ပေါက်ကောင်း ပေါ်ပေါက်လာနိုင်ပါတယ်။

တကယ်လို့ အဲလို ပေါ်ပေါက်လာရင် သမ္မတ အနေနဲ့ ကိုင်တွယ်ဖြေရှင်းနိုင်အောင် ပြည်ပ မထွက်ဘဲ နေတာလို့ အဓိပ္ပာယ် ကောက်နိုင်ပါတယ်။ အလားတူ ပုဒ်မ ၅၉(စ) နဲ့ ဆိုင်တဲ့ မေးခွန်းမျိုးကို အမေရိကန် အခြေစိုက် ဝါရှင်တန် ပို့စ် သတင်းစာက ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို မေးမြန်းခဲ့သလို သူကလည်း ဖြေကြားခဲ့ပြီး ဖြစ်ပါတယ်။ ဒီ ပုဒ်မ ဆိုင်းငံ့ဖို့၊ ပယ်ဖျက်ဖို့ သဘောမတူဘူး ဆိုတာပါ။ ဒါတွေ အားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် လွှတ်တော်တွင်း ပုဒ်မ ၅၉(စ) ဆိုင်းငံ့ရေး ကိစ္စ ဆွေးနွေးသည့်တိုင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဘက်က ထောက်ခံမှု ပေးလိမ့်မယ်လို့ မမျှော်လင့်နိုင်ပါဘူး။

တပ်ချုပ်ဘက်က ပြည်နယ်နဲ့ တိုင်း (၄) ခုရဲ့ ဝန်ကြီးချုပ် လေးနေရာ တောင်းဆိုမှုနဲ့ ပတ်သက်ရင်လည်း ဒေါ်အောင်ဆန်းစုကြည်ဘက်က အပြည့်အဝ လိုက်လျောလိမ့်မယ်လို့ မမျှော်လင့်နိုင်ပါဘူး။

အကြောင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအဖွဲ့ကို အဂတိလိုက်စားမှု ကင်းစင်တာမျိုး၊ စွမ်းအားထက်တဲ့ အစိုးရမျိုး တည်ဆောက်ချင်တာကြောင့် ဒီပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်နေရာတွေကို အင်န်အယ်လ်ဒီ အမတ်တွေကိုပဲ ခန့်အပ်ဖို့ များပါတယ်။ ဒါဟာလည်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ ညီညွတ်ပါတယ်။

ပြောရရင် ၂၀၁၅ နိုဝင်ဘာ ရွေးကောက်ပွဲဟာ ၂၀၀၈ ဖွဲ့စည်းပုံ နဲ့ အညီ ကျင်းပခဲ့တာဖြစ်ပြီး ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ ပါတီ အပြတ်အသတ် အနိုင်ရတော့လည်း သမ္မတ ဦးသိန်းစိန်က ဖွဲ့စည်းပုံနဲ့ အညီ အာဏာလွဲှပြောင်းပေးမယ်လို့ ပြောဆိုခဲ့သလို တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ရွေးကောက်ပွဲ ရလဒ်အရ ပေါ်ပေါက်လာမယ့် အင်န်အယ်လ်ဒီ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ကတိခံခဲ့ပြီ ဖြစ်ပါတယ်။

ဒီအတွက် အသွင်ကူးပြောင်းရေး ဆောင်ရွက်ကြရာမှာ အင်န်အယ်လ်ဒီ ဘက်ကရော တပ်မတော်ဘက်ကပါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အညီ ဆောင်ရွက်ကြဖို့ လိုပါတယ်။ တိုင်းသူပြည်သားက မကြိုက်တဲ့၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ထောင်လို့ မရနိုင်တဲ့ ဖွဲ့စည်းပုံကို ပြင်ဆင်မယ် ဆိုရင်တောင် အသွင်ကူးပြောင်းရေးကာလ နောက်ပိုင်းကျမှ ပြင်ဖို့ ကြိုးစားသင့်ပါတယ်။

လက်ရှိ အကဲဆတ်လှတဲ့ အသွင်ကူးပြောင်းရေး ကာလ ကို နှစ်ဘက် အင်အားစုတွေ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေအတိုင်း လိုက်နာ အကောင်အထည်ဖော်ကြရင် အသွင်ကူးပြောင်းရေး ချောမွေ့မှာဖြစ်ပြီး ဖွဲ့စည်းပုံဆိုင်ရာ အငြင်းပွားနိုင်တဲ့ ကိစ္စတွေကို ဆောင်ရွက်ရင်တော့ မမျှော်မှန်းနိုင်တဲ့ ပြဿ     နာတွေ ပေါ်ပေါက်နိုင်သလို အသွင်ကူးပြောင်းရေးကိုလည်း ထိခိုက်နိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar