အရှေ့တောင်အာရှ၏ လေးစားခံရသည့် ဝါရင့်မီဒီယာသမားက Frontier Myanmar သို့ အကြံပေးပုဂ္ဂိုလ်အဖြစ် ရောက်ရှိ

ရန်ကုန်၊ ဧပြီ ၂၅

မြန်မာနိုင်ငံတွင် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေနေသော ထိပ်တန်းသတင်းမဂ္ဂဇင်းဖြစ်သည့် Frontier Myanmar မဂ္ဂဇင်း အယ်ဒီတာအဖွဲ့နှင့် စီမံခန့်ခွဲရေးအဖွဲ့၏ အကြံပေးပုဂ္ဂိုလ်အဖြစ် အရှေ့တောင်အာရှဒေသ၏ ဝါရင့်မီဒီယာသမားတစ်ဦးဖြစ်သူ Mr Pichai Chuensuksawadi က ဆောင်ရွက်တော့မည်ဖြစ်သည်။

၎င်းသည် ဒေသတွင်းမီဒီယာလုပ်ငန်းတွင် အတွေ့အကြုံ နှစ် ၄၀ နီးပါးရှိနေပြီဖြစ်ပြီး ၎င်းနောက်ဆုံး ထမ်းဆောင်ခဲ့သည့်ရာထူးမှာ ထိုင်းနိုင်ငံ Post Publishing ၏ အယ်ဒီတာချုပ်နှင့် ဘန်ကောက်ပို့စ်သတင်းစာ၏ အယ်ဒီတာလည်း ဖြစ်သည်။

“ကျွန်တော်တို့ စတင်ထုတ်ဝေချိန်ကတည်းက အားကိုးအားထားပြုနိုင်မှု၊ ဂုဏ်သိက္ခာနဲ့ မှန်ကန်မှုရှိမှုတို့အတွက် အသိအမှတ်ပြုခံရဖို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့ကြပါတယ်။ ရည်ရွယ်ချက်ကတော့ အရည်အသွေးမြင့်မားပြီး ဘက်လိုက်မှုမရှိတဲ့ သတင်းနဲ့ ခွဲခြမ်းစိတ်ဖြာ သုံးသပ်ချက်တွေကို ပေးနိုင်ဖို့နဲ့ မြန်မာနိုင်ငံက သတင်းတွေအပေါ် ပိုမိုပြည့်စုံတဲ့ ရှုထောင့်အမြင်ကို ကမ္ဘာတစ်ဝန်းက ကျွန်တော်တို့ရဲ့ စာဖတ်သူတွေဆီ အရောက်ပေးအပ်နိုင်ဖို့ပါ။ ကျွန်တော်တို့ အယ်ဒီတာအဖွဲ့ကို လမ်းညွှန် အကြံပြုမှုတွေ ပေးနိုင်ဖို့ Pichai ရဲ့ ကြွယ်ဝလှတဲ့ မီဒီယာစီမံခန့်ခွဲမှု အတွေ့အကြုံတွေကို ရယူနိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်” ဟု Frontier Myanmar ၏ အယ်ဒီတာချုပ် သောမတ်စ် ကင်း(န်)က ပြောကြားသည်။

Pichai သည် Post Publishing ၏ အယ်ဒီတာချုပ်အဖြစ် ၂၀၀၂ မှ ၂၀၁၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ဘန်ကောက်ပို့စ် သတင်းစာ၏ အယ်ဒီတာအဖြစ် နှစ်ကြိမ် ထမ်းဆောင်ဖူးသည်။ ထို့ပြင် သူသည် ကမ္ဘာ့သတင်းစာအဖွဲ့ (WAN-IFRA) ၏ ဘုတ်အဖွဲ့နှင့် အမှုဆောင်ကော်မတီဝင်တစ်ဦးလည်းဖြစ်ကာ အာရှပစိဖိတ်ကော်မတီ၏ ဥက္ကဋ္ဌအဖြစ် ဆယ်စုနှစ်တစ်ခုကျော် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။

အပတ်စဉ်ထုတ် Frontier Myanmar မဂ္ဂဇင်းအနေဖြင့် အွန်လိုင်း ဒစ်ဂျစ်တယ်ကဏ္ဍကို တိုးချဲ့နေစဉ် Pichai  ရောက်ရှိလာခြင်းလည်း ဖြစ်သည်။

“Frontier ကို စတင်ထုတ်ဝေတဲ့ အခမ်းအနားကို ကျွန်တော်တက်ရောက်ခဲ့ပါတယ်။ အခုကျွန်တော်ကို အကြံပေးပုဂ္ဂိုလ်အနေနဲ့ လုပ်ကိုင်ဖို့ ဖိတ်ခေါ်ခံရတဲ့အခါ အရမ်းကို စိတ်လှုပ်ရှားမိပါတယ်။ အကြံပေးအနေနဲ့က အလွန် တက်ကြွပြီး ပရော်ဖက်ရှင်နယ်ဆန်တဲ့ ဂျာနယ်လစ်တွေနဲ့ မီဒီယာပညာရှင်အဖွဲ့ကို ကူညီပေးဖို့ပါ။ သူတို့ကတော့ စာဖတ်သူတွေနဲ့ မြန်မာပြည်သူတွေကို သူတို့ရဲ့ပညာနဲ့ ဝန်ဆောင်ပေးနေပါတယ်” ဟု Pichai က ပြောကြားသည်။

Frontier Myanmar ကို Black Knight Media Co., Ltd အုပ်စုက ထုတ်ဝေနေခြင်းဖြစ်သည်။

“Pichai ကို အကြံပေးတစ်ဦးအဖြစ် ရရှိတဲ့အတွက် ကျွန်တော်တို့ အရမ်းကို ဂုဏ်ယူမိပါတယ်”ဟု Black Knight Media ကို တည်ထောင်သူတစ်ဦးဖြစ်သူနှင့် ပူးတွဲအမှုဆောင်အရာရှိချုပ်ဖြစ်သူ ဦးဆန်နီဆွေက ပြောသည်။

“သူ့ရဲ့အတွေ့အကြုံတွေက ကျွန်တော်တို့ရဲ့ စာဖတ်သူတွေအတွက် ပိုမိုကောင်းမွန်တဲ့ ထုတ်ကုန် ပစ္စည်းတစ်ခုဖြစ်လာအောင် ကူညီပေးမယ့် စီမံခန့်ခွဲရေးအဖွဲ့အတွက် သစ်လွင်နက်ရှိုင်းတဲ့ တတ်သိ နားလည်မှုတွေကို ဆောင်ကျဉ်းလာပါတယ်။ ဒါ့အပြင် ပြည်သူတွေ ဝယ်ဖတ်ချင်စိတ်ရှိလာအောင်၊ ကြော်ငြာရှင်တွေကလည်း သူတို့အမှတ်တံဆိပ်တွေ ကျွန်တော်တို့ဆီမှာ ကြော်ငြာချင်လာအထိ ဖြစ်လာစေရေးအတွက် သတင်းစာပညာ အားကောင်းလာစေဖို့ သူ့အတွေ့အကြုံတွေက အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်” ဟု ဦးဆန်နီဆွေက ပြောကြားသည်။

မြန်မာနိုင်ငံနှင့် ဒေသတွင်းရှိ အဖြစ်အပျက်များအား သတင်းများ၊ ဆောင်းပါးများ၊ ခွဲခြမ်းစိတ်ဖြာ လေ့လာသုံးသပ်မှုများဖြင့် ဖော်ပြပေးနေသော အင်္ဂလိပ်ဘာသာဖြင့် အပတ်စဉ်ထုတ် Frontier Myanmar မဂ္ဂဇင်းကို ၂၀၁၅ ခုနှစ်၊ ဇူလိုင်လတွင် ပထမဆုံး ပုံနှိပ်ဖြန့်ချိခဲ့သည်။ Black Knight မီဒီယာအုပ်စုတွင် လျင်မြန်စွာ ကြီးထွားလာနေသော ဝက်ဘ်ဆိုက်နှင့် Facebook စာမျက်နှာများကို အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ထုတ်လွှင့်နေသည်။ ထို့အပြင် ဖတ်ရှုသူများအတွက် အကောင်းဆုံးသော အကြောင်းအရာများ ပါဝင်သည့် Digital Edition ကိုလည်း ဖြန့်ချိနေသလို Branded Content အေဂျင်စီဝန်ဆောင်မှုကိုလည်း ဆောင်ရွက်ပေးနေသည်။

မဂ္ဂဇင်း၏ စာဖတ်သူအရေအတွက်မှာ မှန်မှန်တိုးတက်လျက်ရှိပြီး တစ်လလျှင် ဖတ်ရှုသူအရေအတွက်မှာ ပုံနှိပ်နှင့် ဒစ်ဂျစ်တယ်နှစ်ရပ်ပေါင်းတွင် ပျမ်းမျှ ၂၅၀,၀၀၀ ရှိနေပြီဖြစ်သည်။ Samsung၊ Huawei၊ Ford နှင့် Visa ကဲ့သို့ နိုင်ငံတကာ ကုန်အမှတ်တံဆိပ်များအပြင် ပြည်တွင်းမှ လေကြောင်းလိုင်း၊ အိမ်ခြံမြေလုပ်ငန်း၊ နည်းပညာ၊ ဟိုတယ်လုပ်ငန်းနှင့် ဘဏ်လုပ်ငန်းများကလည်း မဂ္ဂဇင်းတွင် ကြော်ငြာများ ထည့်သွင်းလျက်ရှိသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.