Eleven မီဒီယာမှ သတင်းထောက် ၃ ဦး ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံရ

မြတ်ကျော်သူ

မြန်မာနိုင်ငံ၏ မီဒီယာကြီးတစ်ခုဖြစ်သော Eleven မီဒီယာမှ သတင်းစာသမား သုံးဦးဖြစ်သည့် ကိုနရီမင်း၊ ကိုကျော်ဇောလင်းနှင့် ကိုဖြိုးဝေဝင်းတို့ ပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ခံရသည်ဟု အမှုဆောင် အယ်ဒီတာ ကိုဦး (သင်္ချာ) က သတင်းထောက်များကို ယနေ့ ညပိုင်းတွင် ပြောကြားသည်။

သတင်းသမား သုံးဦးနှင့် ယခုသတင်းရေးသားချိန်ထိ အဆက်အသွယ် မရသေးဘဲ ဖမ်းဆီးခံထားရခြင်းလည်း မရှိဟုသေး ၎င်းက ဆိုသည်။

“သူတို့ကို အမှုဖွင့်ထားတယ်၊ ရဲတွေ လာရှာတော့ သူတို့ သုံးယောက်လုံး မရှိတော့ဘူး” ဟု ကိုဦး (သင်္ချာ) က Eleven Media Group ရုံးအောက်သို့ ရောက်ရှိလာသည့် သတင်းထောက်များကို ည ၇ နာရီခန့်တွင် တယ်လီဖုန်းမှတဆင့် ပြောကြားသည်။

၎င်းတို့သုံးဦးအား Eleven မီဒီယာရုံးချုပ်တည်ရှိရာ တာမွေမြို့နယ်ရဲစခန်း၌ အမှုဖွင့်ထားခြင်းဖြစ်သည်။ ညနေပိုင်းတွင် Eleven ရုံးသို့ ရဲ ၁၂ ဦးခန့် ရောက်ရှိလာခြင်းဖြစ်သည်ဟု သိရသည်။ သို့သော် မည်သည့်အတွက်ကြောင့် မည်သူက အမှုဖွင့်ထားသည်ဆိုသည်ကို သေချာစွာ မသိရှိရသေးပေ။

အကြီးတန်း သတင်းထောက် ကိုဖြိုးဝေဝင်းသည် တနင်္လာနေ့ (အောက်တိုဘာ ၈ ရက်နေ့) ထုတ် Eleven ဂျာနယ်တွင် “အမြဲရှုံးနေတဲ့ စက်သုံးဆီ ဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်းမသိတဲ့ ကျောင်းကားနဲ့၊ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ” ဟူသည့် ဆောင်းပါးကို ရေးသားခဲ့သည်။

ထိုဆောင်းပါးထဲတွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရ၏ ကျောင်းကားများ ဝယ်ယူမှုနှင့် ငွေကြေးစီမံခန့်ခွဲမှုများနှင့် ပတ်သက်ပြီး ဝေဖန်ရေးသားထားသည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းဦးဆောင်ပြီး အောက်တိုဘာ ၈ ရက်နေ့၊ ညနေပိုင်းက ပြုလုပ်သည့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဥပဒေရေးရာ ညှိနှိုင်းအစည်းအဝေးတွင် အဆိုပါ Eleven ဂျာနယ်ကို ဦးဖြိုးမင်းသိန်း၏ စားပွဲပေါ်၌ တင်ထားသည်ကို တွေ့ရှိခဲ့ရသည်။

ကိုဖြိုးဝေဝင်းကလည်း ဝန်ကြီးချုပ်၏ဓာတ်ပုံကို ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် မျှဝေထားသေးသည်။

ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၅၀၅(ခ) သည် ထောင်ဒဏ်နှစ်နှစ်အထိ ချမှတ်နိုင်သည့် ပုဒ်မဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းသည် Eleven မီဒီယာ၏ အမှုဆောင်အရာရှိချုပ် ဒါက်တာသန်းထွဋ္ဋ်အောင်နှင့် အယ်ဒီတာချုပ် ကိုဝေဖြိုးတို့က ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)ဖြင့် ပြီးခဲ့သည့်နှစ် ဇန်နဝါရီလက တရားစွဲဆိုခဲ့သေးသည်။

Eleven Media Group က ထုတ်ဝေသည့် Daily Eleven သတင်းစာ၏ ယခုလ ၆ ရက်နေ့ထုတ် သတင်းစာတွင် ဖော်ပြခဲ့သည့် “ရွေးကောက်ပွဲ တစ်နှစ်ကြာသော်” အယ်ဒီတာအာဘော်တွင် အမည်မဖော်ပြထားသော ဝန်ကြီးချုပ်တစ်ဦး ဝတ်ဆင်သည့် ဒေါ်လာတစ်သိန်းခန့် တန်သည်ဆိုသည့် Patek Phillipe နာရီကိစ္စနှင့် ပတ်သက်ပြီး ဦးဖြိုးမင်းသိန်းက အမှုဖွင့်ခဲ့ခြင်းဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.