အရှိန်မလျော့သေးတဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒပြပွဲများ – မတ်၆ရက်

လူသေလောက်တဲ့အထိ ပစ်ခတ်ဖြိုခွင်းမှုတွေရှိခဲ့ပေမဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုမီးတောက်တွေကတော့ နိုင်ငံတစ်ဝန်း ဆက်လက်လောင်ကျွမ်းနေဆဲပါ။ ဒီနေ့ မတ်၆ရက် ဆန္ဒပြပွဲတွေကို လက်လှမ်းမီသလောက် တင်ပြပေးသွားပါမယ်။

ဖရွန်းတီးယားမြန်မာ

စစ်အာဏာသိမ်းမှုအလွန် တစ်လနဲ့ ခြောက်ရက်မြောက်၊ ဒီနေ့ မတ်၆ရက်မှာ နိုင်ငံတစ်ဝန်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေဟာ ဖြစ်စဉ်ကြီးကြီးမားမားမရှိဘဲ ပြီးဆုံးခဲ့ပါတယ်။

မတ်၃ရက်ဟာ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီ၁ရက်ကစရင် သွေးအစွန်းဆုံးနေ့ရက်တစ်ခု ဖြစ်ခဲ့ပါတယ်။ အဲဒီနေ့မှာ နိုင်ငံတစ်ဝန်း ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို ပစ်ခတ်ဖြိုခွင်းမှုကြောင့် လူ၃၈ဦး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂက ကြေညာခဲ့ပါတယ်။

ဒီမတိုင်ခင် ဖေဖော်ဝါရီ၂၈ရက်ဟာလည်း နိုင်ငံတစ်ဝန်း ၁၈ဦးကျဆုံးတဲ့အထိ လူအသေအပျောက်များခဲ့တဲ့ ရက်တစ်ခုဖြစ်ခဲ့ပြီး ငြိမ်းချမ်းစွာဆန္ဒပြပွဲတွေအတွက် အလှည့်အပြောင်း၊ အချိုးအကွေ့ တစ်ခုဖြစ်ခဲ့တဲ့ နေ့စွဲလည်းဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ရက်သတ္တသုံးပတ်လောက်က မြင်တွေ့ခဲ့ရတဲ့ နိုင်ငံအနှံ့အပြား ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြပွဲတွေဟာ အခုအချိန်မှာတော့ အခန့်မသင့်ရင် ကျည်အစစ်နဲ့ ပစ်ခတ်ဖြိုခွင်းပြီး အသက်သေဆုံးမှု ဖြစ်စေနိုင်တဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေ ဖြစ်လာခဲ့ပါပြီ။

ဒီလိုအကြောက်တရားနဲ့ ခြိမ်းခြောက်မှုရှိပေမဲ့ ဒီနေ့ထက်ထိ လူငယ်တွေဦးဆောင်တဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေဟာ နိုင်ငံတစ်နံတစ်လျား မြို့ကြီးအများအပြားမှာ ဆက်လက်တည်ရှိနေဆဲ ဖြစ်ပါတယ်။

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်းရဲ့ မတ်၅ရက်အထိ ထုတ်ပြန်ချက်အရ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း အဖမ်းဆီးခံရသူဦးရေဟာ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ဆိုရင် လူ ၁,၅၀၀ကျော်ရှိနေပြီဖြစ်ပြီး သေဆုံးသူကတော့ ၅၀အထိ ရှိနေပါတယ်။ ဒီစာရင်းက မတ်၅ရက်အထိပဲ ပြုစုထားတာမို့ ဒီထက်ပိုတိုးလာနိုင်ဖွယ်ရှိနေပါတယ်။


ရန်ကုန်

အာဏာသိမ်းပြီးရက်ပေါင်း ၃၄ရက်မြောက်နေ့ဖြစ်တဲ့ မတ်၆ရက်မှာတော့ ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်မှာ ဆန္ဒပြသူလူဦးရေဟာ အရင်ရက်တွေကထက် နည်းပါးခဲ့ပေမဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုကြွေးကြော်သံတွေကတော့ တိုးတိတ်မသွားခဲပါဘူး။

စမ်းချောင်းမြို့နယ်ရဲ့ အဓိက ဆန္ဒပြနေရာသုံးခုဖြစ်တဲ့ ပဒုမ္မာလမ်း၊ ကျွန်းတောလမ်းနဲ့ ဗဟိုလမ်းတွေမှာ ဆန္ဒပြလူငယ်တွေသာမက ရပ်ကွက်နေပြည်သူတွေကပါ နေ့တိုင်းပူးပေါင်းပြီး ဆန္ဒပြနေကြပါတယ်။ အရင်ရက်တွေက ဆန္ဒပြသူအင်အားဟာ နေ့စဉ် ခန့်မှန်းခြေ ၂,၀၀၀ဝန်းကျင်ရှိခဲ့ပေမဲ့ မတ်၆ရက်မှာတော့ ဒီထက်လျော့နည်းလာပြီး ရာဂဏန်းသာရှိတော့ပါတယ်။

ကျွန်းတောလမ်းပေါ်မှာ ဆန္ဒပြမှုမစခင်မှာပဲ ရဲတပ်ဖွဲ့က မနက်၁၀နာရီဝန်းကျင်မှာ အသံဗုံး၊ မျက်ရည်ယိုဗုံးနဲ့ ရာဘာကျည်တွေ ပစ်ခတ်ပြီး ဆန္ဒပြသူတွေကို လူစုခွဲခဲ့ပါတယ်။ ဒီလိုလူစုခွဲရာမှာ ဆန္ဒပြသူတွေဟာ နေရာအနှံ့အပြားကို ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။

ရဲတွေထွက်ခွာသွားပြီးနောက် ဆန္ဒပြသူတွေဟာ ပြန်လည်စုဝေးခဲ့ကြပြီး အကာအရံ၊ အတားအဆီးတွေ ပြန်လည်တည်ဆောက်၊ ဆန္ဒပြခဲ့ကြပါတယ်။ နေ့လယ် ၁နာရီခွဲလောက်မှာလည်း မနက်ကလိုပဲ အလားတူ ထပ်မံဖြိုခွင်းမှု ရဲတပ်ဖွဲ့က လုပ်ဆောင်ခဲ့ပါတယ်။

ဗဟိုလမ်းပေါ်မှာလည်း မနက်ခင်း ၁၀နာရီဝန်းကျင်နဲ့ နေ့လယ်ခင်း ၁နာရီခွဲမှာ ကျွန်းတောလမ်းမှာနည်းတူ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က ရာဘာကျည်တွေ၊ မျက်ရည်ယိုဗုံးတွေနဲ့ ပစ်ဖောက်ဖြိုခွင်းခဲ့ပါတယ်။

ဓာတ်ပုံသတင်းထောက်တစ်ဦးကတော့ ဗဟိုလမ်းပေါ်၊ မြောင်းမြလမ်းနားမှာ ဦးခေါင်းကို ရာဘာကျည်ဆန် ထိမှန်ခဲ့ပြီး အနည်းငယ်ပေါက်ပြဲဒဏ်ရာရခဲ့ပါတယ်။ ဒဏ်ရာကတော့ စိုးရိမ်ရတဲ့အနေအထား မရောက်ခဲ့ပါဘူး။

မနက်ခင်းနဲ့ နေ့လယ်ပိုင်း ဖြိုခွင်းမှုတွေအတွင်း ဖမ်းဆီးခံရသူရှိ၊ မရှိ အတည်မပြုနိုင်ပါဘူး။ အခုအခြေအနေမှာ ရဲတပ်ဖွဲ့ဟာ ဆန္ဒပြသူတွေကိုသာမက မီဒီယာသမားတွေကိုပါ သိမ်းကျုံးဖမ်းဆီးပြီး တရားစွဲဆိုနေတာကြောင့် ဖမ်းဆီးခံရသူဦးရေကို အတည်ပြုဖို့က အလွန်ခက်ခဲတဲ့ အနေအထား ဖြစ်ပါတယ်။

ညနေ၃နာရီခွဲဝန်းကျင်ကစပြီး ကျွန်း​တောနဲ့ ဗဟိုလမ်းက ဆန္ဒပြသူတွေဟာ ဒီနေ့အတွက်လှုပ်ရှားမှုကို အဆုံးသတ်ပြီး လူစုခွဲခဲ့ကြပါတယ်။

ထူးခြားတာတစ်ခုကတော့ ရဲတပ်ဖွဲ့ဝင်တွေဟာ ဒီနေ့မှာ အိမ်သုံးလူစီးအဖြစ် အသုံးများတဲ့ double-cap ကားတွေနဲ့ စမ်းချောင်းမြို့နယ်နဲ့အနီးတစ်ဝိုက်ကို လှည့်လည်သွားလာခဲ့ကြပြီး တစ်ချို့နေရာတွေမှာ အိမ်ပြန်ဖို့ ပြင်ဆင်နေတဲ့ ဆန္ဒပြသူတွေကို ရုတ်တရက်ဝင်ရောက်ဖမ်းဆီးတာမျိုး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ ထိစပ်နေတဲ့ မြို့နယ်တစ်ခုနဲ့တစ်ခုအကြား သွားလာရာမှာ အဆင်ပြေမြန်ဆန်အောင် ဒီလိုကားတွေ သုံးတာလည်းဖြစ်သလို ဆန္ဒပြသူတွေ ညနေပိုင်းလူစုခွဲအပြီး အိမ်ပြန်ခါနီးမှာ လျှပ်တစ်ပြတ် ဝင်ရောက်ဖမ်းဆီးဖို့လည်း ဖြစ်နိုင်ပါတယ်။

ဗဟိုလမ်းပေါ်မှာဆိုရင်တော့ ပန်းတနော်လမ်းအနီး ရဲတပ်ဖွဲ့ဝင်တွေကို တင်ဆောင်ထားတဲ့ double-cap ကားတွေ ရှစ်စီးအပါအဝင် ကား၁၀စီးလောက်ကို ဆန္ဒပြသူတွေ လူစုခွဲချိန် ညနေ၄နာရီခွဲလောက်မှာ မြင်တွေ့ခဲ့ရတာပါ။

အဲဒီအချိန်နဲ့ မရှေးမနှောင်းမှာ ပန်းတနော်လမ်းထဲကို ရဲတပ်ဖွဲ့ဝင်တစ်ချို့ ဝင်ရောက်ခဲ့ပြီး အသံဗုံးတွေ ဝင်ပစ်သွားတယ်လို့ အဲဒီနေရာမှာ ရောက်ရှိနေတဲ့ သတင်းထောက်တစ်ယောက်က ပြောပါတယ်။

ရန်ကုန်ရဲ့တခြားမြို့နယ်တွေဖြစ်တဲ့ တာမွေ (ကျောက်မြောင်း)၊ သာကေတ၊ အင်းစိန်၊ လှိုင်သာယာ (ကျန်စစ်သားအိမ်ရာအနီး)၊ ရွှေပြည်သာ၊ လှိုင် (ဘူတာရုံလမ်း)နဲ့ ကမာရွတ်စတဲ့ မြို့နယ်တွေမှာလည်း လူငယ်အများစုပါဝင်တဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးဆန္ဒပြပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။


နေပြည်တော်

နေပြည်တော်မှာတော့ ဒီနေ့မနက် ၉နာရီခွဲအချိန်မှာ ပျဥ်းမနားမြို့နယ်၊ ဗိုလ်တောက်ထိန်လမ်း၊ အမှတ်(၁)မြို့မစျေးနားမှာ ဒေသခံပြည်သူ ၅၀ကျော်စုဝေးပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့က လုံခြုံရေးအင်အားတင်းတင်းကျပ်ကျပ်ချထားပေမဲ့ ပျဉ်းမနားမြို့ခံတွေဟာ မဖြစ်ဖြစ်အောင် ဆန္ဒပြပွဲကို အချိန်အနည်းငယ် ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။ ဆန္ဒပြသူတွေဟာ ဆိုင်းဘုတ်၊ ဗွီနိုင်းပိုစတာတွေ ကိုင်ဆောင်ပြီး ၂၀မိနစ်ခန့် ဆန္ဒထုတ်ဖော်ခဲ့ကြတဲ့နောက်မှာတော့ ရဲတပ်ဖွဲ့နဲ့ ထိပ်တိုက်မတိုးမိစေဖို့ လူစုခွဲလိုက်ကြပါတယ်။

“အခုလို ခက်ခဲနေတဲ့ကာလမှာ ရရင်ရသလို အခုလိုမျိုး ကျင်းပရမှာဖြစ်တယ်။ လမ်းပေါ်ထွက်ရတဲ့ ရည်ရွယ်ချက်က CRPH (ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ) အတွက်လည်း အထောက်အကူဖြစ်သလို CDM (ငြိမ်းချမ်းစွာအမိန့်ဖီဆန်ခြင်းလှုပ်ရှားမှု)လုပ်နေတဲ့ ဝန်ထမ်းတွေ အတွက်လည်း အထောက်အကူဖြစ်တယ်။ ဒီအတွက် လမ်းပေါ်ထွက်ကာ အခုလိုမျိုး ခနခန လုပ်ရမှာ ဖြစ်ပါတယ်”လို့ ဆန္ဒပြပွဲကို ဦးဆောင်သူလူငယ်တစ်ဦးက ပြောပါတယ်။

အုပ်ချုပ်ရေးမြို့တော် နေပြည်တော်မှာတော့ မြို့တွင်းမှာ ဆန္ဒပြသူမရှိသလောက်ကို နည်းပါးခဲ့ပါတယ်။


မန္တလေး

မန္တလေးမှာတော့ ဒီနေ့မှာ ငြိမ်းချမ်းစွာဆန္ဒပြတဲ့ သပိတ်စစ်ကြောင်းတွေဟာ ခါတိုင်းလိုပဲ နေရာအသီးသီးကနေ ချီတက်လာကြပြီး စုဝေးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ရဲနဲ့စစ်တပ်က မြတောင်ကျောင်းတိုက်အနီး နေ့စဉ်လာရောက်ပိတ်ဆို့ပေမဲ့ မြတောင်သပိတ် စစ်ကြောင်းဟာ ခါတိုင်းနေ့တွေလိုပဲ ရအောက်ထွက်ပြီး ဆန္ဒပြပွဲမှာ ပါဝင်လာပါတယ်။ ဒီနေ့မှာတော့ မြတောင်သပိတ်စစ်ကြောင်းမှာ လူထောင်ချီပါဝင်ခဲ့ပြီး မန္တလေးမြို့ရဲ့ တစ်ချို့နေရာတွေမှာလည်း ထိုင်သပိတ်ဆင်နွှဲခဲ့ကြပါတယ်။

“သူတို့တွေ ဘယ်လိုပဲ ပိတ်ဆို့တားဆီးနေပါစေ ကျွန်တော်တို့စစ်ကြောင်းကို တားဆီးလို့မရနိုင်ပါဘူး။ ကျွန်တော်တို့ကလည်း မရရအောင် လမ်းပေါ်ထွက် ငြိမ်းချမ်းစွာနဲ့ ဆန္ဒပြနေအုံးမှာပါ။ ဒီမိုကရေစီ တိုက်ပွဲအတွက် လမ်းအဆုံးထိ ဆက်လျှောက်မှာပါ”လို့ မြတောင်သပိတ်စစ်ကြောင်းမှာပါဝင်ခဲ့တဲ့ ကိုစိုးက ပြောပါတယ်။

စစ်တပ်နဲ့ ရဲတပ်ဖွဲ့က မြတောင်သပိတ်စစ်ကြောင်းကို မနက်ခင်းကတည်းက ပိတ်ဆို့ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ နေရာအသီးသီးက ပြည်သူတွေဟာ သပိတ်စစ်ကြောင်းတွေနဲ့ ချိတ်ဆက်ပြီး ချီတက်ရာလမ်းကြောင်းတစ်လျှောက် အတားအဆီးမခံရအောင် ပူးပေါင်းပေးခဲ့ကြပါတယ်။

မြတောင်သပိတ်စစ်ကြောင်းကို မနက်ပိုင်းမှာ ပြည်သူတွေအဓိကဦးဆောင်ပြီး နေ့လယ်ပိုင်းမှာတော့ သံဃာတော်တွေ ဦးဆောင်ပြီး ဆန္ဒပြခဲ့ကြပါတယ်။

မန္တလေးမြို့ရဲ့ အဓိကလမ်းမကြီးတွေပေါ်မှာ ရဲနဲ့စစ်တပ်က လုံခြုံရေးယူထားပါတယ်။ ဖေဖော်ဝါရီ၁ရက်ကစရင် ဒီနေ့အထိ မန္တလေးတိုင်းအတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေအတွင်း ရဲနဲ့စစ်တပ်က ပစ်ခတ်လို့ သေဆုံးသွားသူဦးရေဟာ ၁၂ဦးအထိ ရှိလာပါပြီ။ လူပေါင်းများစွာလည်း ထိခိုက်ဒဏ်ရာရှိခဲ့ကြသလို လူအများအပြားလည်း အဖမ်းဆီး ခံထားရပါတယ်။


ကိုဇော်မျိုးရဲ့ နောက်ဆုံးခရီး

မတ်၅ရက်က စစ်အာဏာရှင်အုပ်ချုပ်မှုကို ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ပြည်သူတွေကို ရဲနဲ့စစ်တပ်က ကျည်ဆန်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းမှုအတွင်း သေဆုံးသွားတဲ့ ကိုဇော်မျိုးရဲ့ ဈာပနအခမ်းအနားကို ဒီနေ့၊ မတ်၆ရက်မှာ မန္တလေးမြို့မှာ ပြုလုပ်ခဲ့ပါတယ်။

မနေ့က သပိတ်စစ်ကြောင်းဟာ သူနေထိုင်ရာ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံးရပ်ကွက်အနီး ရောက်ရှိချိန်မှာ ဆန္ဒပြသူတွေကို ထွက်ကြည့်ခဲ့တဲ့ ကိုဇော်မျိုးဟာ ကျည်ဆန်အစစ်ထိမှန်ပြီး သေဆုံးသွားခဲ့တာပါ။

ကွယ်လွန်ချိန်မှာ အသက်၂၇နှစ်သာရှိသေးတဲ့ ကိုဇော်မျိုးမှာ အသက်ငါးနှစ်အရွယ် ရင်သွေးငယ်တစ်ဦးနဲ့ ကိုယ်ဝန်ငါးလလွယ်ထားတဲ့ ဇနီးသည် ကျန်ရစ်ခဲ့ပါတယ်။

ကိုဇော်မျိုးရဲ့ နောက်ဆုံးခရီးကို မန္တလေးမြို့ခံအများအပြား လိုက်ပါပို့ဆောင်ပေးခဲ့ကြပြီး မြို့ခံများကလည်း ဝမ်းနည်းစွာနဲ့ ပို့ဆောင်နှုတ်ဆက်ကြပါတယ်။


မကြယ်စင်ရဲ့ အုတ်ဂူကိုတူးဖော်ပြီး အလောင်းစစ်ဆေးခဲ့ကြောင်း စစ်ကောင်စီဝန်ခံ

မတ်၃ရက်က စစ်အာဏာရှင်ဆန့်ကျင်ရေးတိုက်ပွဲမှာကျဆုံးသွားခဲ့တဲ့ မကြယ်စင်ရဲ့အုတ်ဂူ တူးဖော်ပြီး အလောင်းကိုရင်ခွဲစစ်ဆေးခဲ့တယ်လို့ မတ်၆ရက် ညပိုင်းမှာ စစ်ကောင်စီက ဝန်ခံလိုက်ပါတယ်။

အုတ်ဂူကို ဖခင်ဖြစ်သူရဲ့ ခွင့်ပြုချက်နဲ့ ပြန်လည်တူးဖော်ခဲ့တာဖြစ်ပြီး အလောင်းကိုပြန်လည်ခွဲစိတ်ရာမှာ သေဆုံးသူရဲ့ နားထင်နောက်မှာဝင်နေတဲ့ သတ္တုအစိတ်အပိုင်းကိုတွေ့ခဲ့ရတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒီသတ္တုအပိုင်းအစဟာ ဒသမ၃၈ (ပွိုင့်၃၈) ကျည်အမျိုးအစားဖြစ်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေသုံးတဲ့ ခဲကျည်အမျိုးအစား မဟုတ်ဘူးလို့ သတင်းထုတ်ပြန်ပါတယ်။

မကြယ်စင်ရဲ့ ရုပ်ကလာပ်ကို မတ်၄ရက်က ယူနန်သုသာန်မှာ အကြမ်းထည် ဂူသွင်းမြှုပ်နှံသဂြ်ုဟ်ခဲ့တာပါ။

“သင်္ချိုင်းကို ညနေ၄နာရီကျော်လောက်က စစ်ကားတွေနဲ့ ရောက်လာကြတယ်။ ကျွန်တော်ကတော့ တံခါးဖွင့်ပေးဆိုလို့ ဖွင့်ပေးခဲ့ရတာပါ။အနီးကပ်လိုက်ကြည့်လို့မရဘူး။ ညပိုင်း ၇နာရီခွဲလောက်မှပဲ ပြန်ထွက်သွားကြတယ်”လို့ ယူနန် သင်္ချိုင်းအစောင့်က ပြောပါတယ်။

မကြယ်စင် ရဲ့ အုတ်ဂူအနီးတဝိုက်မှာတော့ ဆေးရုံသုံးလက်အိတ်တွေ၊ ခွဲစိတ်ခန်းသုံးဓားနဲ့ ချုပ်အပ် တွေနဲ့ ပိုးကြိုးတွေလည်းတွေ့ရှိခဲ့ပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar