အရေးကြီးအဆိုများကို လာရောက်ဖြေကြားမည်မဟုတ်ဟု အစိုးရက ပြည်သူ့လွှတ်တော်ထံ စာပို့

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆

ပြည်သူ့လွှတ်တော်တွင် တင်သွင်းထားသည့် အရေးကြီးအဆိုပါများနှင့် ပတ်သက်ပြီး လာရောက်ဖြေကြားမည်မဟုတ်ဟု ပြည်ထောင်စု အစိုးရအဖွဲ့က ပြည်သူ့လွှတ်တော်ထံ အကြောင်းကြားစာကို ယနေ့ ပေးပို့ခဲ့သည်။

အစိုးရသစ်ထံ အာဏာလွှဲပြောင်းပေးရေး ကိစ္စရပ်များ ဆောင်ရွက်နေရသည့်အပြင် အရေးကြီးအဆိုပါ ကိစ္စရပ်များအား ထဲထဲဝင်ဝင် မလေ့လာရသေးသဖြင့် လာရောက် မဖြေကြားနိုင်ခြင်းဖြစ်သည်ဟု အဆိုပါစာတွင် ဖော်ပြထားသည်။

ပြည်သူ့လွှတ်တော်တွင် အရေးကြီးအဆို လေးခုတင်ခဲ့သည့်အနက် နှစ်ခုအား ပြည်ထောင်စု အစိုးရအဖွဲ့က လာရောက်ရှင်းပြခဲ့သော်လည်း အခြားနှစ်ခုအား လာရောက်ဖြေကြားခဲ့ခြင်း မရှိပေ။

နိုင်ငံတော်အစိုးရက ရွေးကောက်ပွဲပြီးနောက်ပိုင်း ဆောင်ရွက်နေသော နိုင်ငံပိုင်မြေ၊ နိုင်ငံပိုင် စက်ရုံများ၊ နိုင်ငံပိုင် စီးပွါးရေးလုပ်ငန်းများကို အလျင်စလို ငှားရမ်း ရောင်းချလွှဲပြောင်း၊ ပုဂ္ဂလိကပိုင်ပြုလုပ်မှု၊ စီမံကိန်းများကို နေရာတကျ မစီမံပဲ အဆောတလ ျှင် ခွင့်ပြုနေမှု၊ ကျူးကျော်များကို အဓမ္မ ဖယ်ရှားမှု၊ နိုင်ငံပိုင် သယံဇာတများကို လိုအပ်သော ဆောင်ရွက်မှုများ သဘောတူ ညှိနှိုင်းမှုများ မပြုလုပ်ပဲ အစိုးရတာဝန် မလွှဲပြောင်းမီ အလျင်အမြန် စီမံခန့်ခွဲနေမှု စသည်တို့ကို နိုင်ငံတော်နှင့် နိုင်ငံသားတို့ အကျိုးအတွက် အသေးစိတ် စိစစ်ဟန့်တား၍ ထိန်းကျောင်းတည့်မတ်ပေးရန် ပြည်ထောင်စုအစိုးရအား တိုက် တွန်းကြောင်းအဆိုက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပုလဲမြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြည်သူ့လွှတ်တော်တွင် ဖေဖော်ဝါရီ ၂၅ ရက်နေ့က တင်ပြခဲ့သည်။

အစိုးရအနေဖြင့် ကျူးကျော်များကို အင်အားသုံး ဖယ်ရှားခြင်းအပါအဝင် အရေးကြီးအဆိုပါ ကိစ္စများ ဆောင်ရွက်နေခြင်းသည် အစိုးရသစ်အတွက် ကြိုတင် မိုင်းထောင်ခြင်း၊ နိုင်ငံ မတည်မငြိမ် ဖြစ်အောင် တမင်ရည်ရွယ် ဆောင်ရွက်သကဲ့သို့ ဖြစ်နေခြင်းတို့ကြောင့် ထိန်းမတ်ပေးဖို့ လိုအပ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုယ်စားလှယ်များက အဆိုနှင့် ပတ်သက်ပြီး ယနေ့ပြည်သူ့လွှတ်တော်တွင် ဆွေးနွေးစဉ် ပြောကြားခဲ့ကြသည်။

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ကိုယ်စားလှယ်များကမူ ယခု အရေးကြီး အဆိုသည် အချက်အလက်မှန်များကို ထဲထဲဝင်ဝင် မလေ့လာပဲ တစ်ဖက်သတ် ပြောဆိုမှု ဖြစ်ပြီး လွှတ်တော်က အစိုးရကို ထိန်းကျောင်းခြင်းမျိုးမဟုတ်ပဲ ဝင်ရောက် စွက်ဖက်ရာကျနေကာ ယခုကဲ့သို့ အာဏာလွှဲပြောင်းခါနီးကာလမျိုးတွင် အမျိုးသား ရင်ကြား မစေ့ဘဲ ရင်ကြားကွဲသည်အထိ ဖြစ်သွားနိုင်ကြောင်း ဆွေးနွေးခဲ့ကြသည်။

အဆိုပါအဆိုနှင့် ပတ်သက်ပြီး ပြည်ထောင်စုအစိုးရအဖွဲ့ တာဝန်ရှိသူများ တက်ရောက်ဖြေကြား ဆွေးနွေးခဲ့ခြင်းများ မရှိခဲ့ပေ။

ထို့ပြင် ဖေဖော်ဝါရီ ၂၄ ရက်နေ့က ပြည်သူ့လွှတ်တော်တွင် အရေးကြီးအဆိုအဖြစ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် ကိုယ်စားလှယ် ဦးလဂန်ဇယ်ဂျုံးက တင်ပြခဲ့သည့် မူးယစ်ဆေးဝါး တိုက်ဖျက်နှိမ်နင်းရေးတွင် ပြည်သူလူထု ပါဝင်လာမှုအပေါ် ကြိုဆို ထောက်ခံရန်နှင့် ဟန့်တား နှောင့်ယှက်သူများ၏ အန္တရာယ်မှ ကာကွယ်ရန် အပြင် ထိရောက်သော ကူညီပံ့ပိုးမှုများကို အမြန်ဆုံး ဆောင်ရွက်ပေးရန် ပြည်ထောင်စု အစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဆွေးနွေးချိန်ကလည်း ပြည်ထောင်စုအစိုးရအဖွဲ့က လာရောက်ဖြေကြားခဲ့ခြင်း မရှိပေ။

သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူနှင့် ပြန်ကြားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က လက်ရှိလွှတ်တော်အစည်းအဝေးများတွင် လက်ရှိအစိုးရ တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးခြင်းကု ဆိုင်းငံ့ထားရန် အစိုးရအဖွဲ့က ဆုံးဖြတ်ထားခြင်းဖြစ်သည်ဟု နိုင်ငံပိုင်သတင်းစာများကို ပြောကြားထားသည်။

“ဖွဲ့စည်းပုံအခြေခံဥပဒေအရ သမ္မတ ဦးသိန်းစိန်နဲ့ လက်ရှိပြည်ထောင်စု အစိုးရက ပထမအကြိမ် ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံရတာပါ။ အခု ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော်ကို တာဝန်ခံခြင်း ရှိ၊ မရှိ ဆိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေအရ အသေအချာ ပြန်လည်သုံးသပ်ရမယ့် ကိစ္စ ဖြစ်ပါတယ်။ ဒါပေမယ့် ရှမ်းပြည်နယ် မြောက်ပိုင်းမှာဖြစ်ပွားနေတဲ့ တိုက်ပွဲကိစ္စတွေ၊ အယ်လ်နီညိုကိစ္စတွေဟာ အမျိုးသားအကျိုးစီးပွားနဲ့ ဆက်စပ်နေလို့ ဝန်ကြီး၊ ဒုတိယဝန်ကြီးတွေက သွားရှင်းပြခဲ့တာပါ” ဟု ၎င်းကပြောကြားသည်။

သတင်း- စိုးသန်းလင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar