ဒီမိုကရေစီနိုင်ငံတစ်ခု၏ အရပ်သားအစိုးရတွင် စစ်တပ်၏ အခန်းကဏ္ဍ မရှိသင့်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က နယူးယောက်မြို့တွင် ပြောကြားသည်။
“ဒီမိုကရေစီနိုင်ငံတစ်ခုရဲ့ အရပ်သား အစိုးရတစ်ရပ်မှာ စစ်တပ်အရာရှိတွေအတွက် အခန်းကဏ္ဍ မပါဝင်သင့်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ရှိ Asia Society တွင် စက်တင်ဘာ ၂၁ ရက်နေ့က ပြောကြားခဲ့သည်။
မြန်မာနိုင်ငံ၏ ပြောင်းလဲတိုးတက်မှုများနှင့် ဆောင်ရွက်နေမှုများကို ပြည့်ပြည့်စုံစုံ ပြောကြားခဲ့သည့် ၎င်း၏ မိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုကဲ့သို့ ထည့်သွင်းပြောကြားခြင်း ဖြစ်သည်။
“ကျွန်မတို့ တကယ်လိုအပ်နေတာ ဒီမိုကရေစီနိုင်ငံအစစ် ဖြစ်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားသည်။
၎င်းဦးဆောင်သော အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် ပြီးခဲ့သည့်နှစ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့ပြီးနောက် မတ်လတွင် အာဏာရရှိခဲ့သော်လည်း နိုင်ငံ၏ အုပ်ချုပ်ရေးနှင့် စီးပွားရေးကဏ္ဍများတွင် တပ်မတော် သြဇာ အာဏာ လွှမ်းမိုးထားဆဲဖြစ်သည်။ အခြေခံဥပဒေအရ လွှတ်တော်များတွင် အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က တပ်မတော်သား ကိုယ်စားလှယ်များအား တိုက်ရိုက်ခန့်အပ်ခွင့်ရှိသလို အရေးပါသည့် ဝန်ကြီးဌာနသုံးခုအတွက် ဝန်ကြီးနေရာများကိုလည်း ကာကွယ်ရေးဦးစီးချုပ်က အဆိုပြုခွင့်ရရှိထားသည်။
အတိုက်အခံအဖြစ်မှ နှစ်ပေါင်း ၅၀ ကျော်အတွင်း မြန်မာနိုင်ငံ၏ ပထမဆုံး အရပ်သားအစိုးရဖြစ်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအနေဖြင့် တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက်သာမက ပြည်တွင်းငြိမ်းချမ်းရေးနှင့် ရခိုင်ပြည်နယ်အရေးများ ဖြေရှင်းရန်အပြင် တပ်မတော်နှင့် ဆက်ဆံရေး ကောင်းမွန်စေရန်လည်း ကြိုးပမ်းဆောင်ရွက်နေရသည်။
စီးပွားရေးကဏ္ဍတွင်လည်း တပ်မတော်ပိုင်လုပ်ငန်းကြီးများက အများစုကြီးစိုးထားဆဲဖြစ်သည်။
မြန်မာနိုင်ငံ ပြုပြင်ပြောင်းလဲရေးအတွက် ကြီးမားသည့် စိန်ခေါ်မှုကြီးများ ကျန်ရှိနေသေးသည်ကို ဒေါ်အောင်ဆန်းစုကြည်က ဝန်ခံထားသည်။
“ချီးကျူးဂုဏ်ပြုကြတာကို လက်ခံနိုင်ပြီလို့ ကျွန်မတို့ ပြောနိုင်လာတဲ့အထိ ကျွန်မတို့ သွားရမယ့်လမ်းက ရှည်လျားပါသေးတယ်” ဟု ၎င်းက လက်တန်းပြောကြားခဲ့သည့် ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသွားသည်။