အမှုပတ်နေသည့် ထိုင်းဘုရားကျောင်းက မန္တလေး သံဃာ ၂၀,၀၀၀ ဆွမ်းလောင်းလှူပွဲကို ကူညီ

ရိုက်တာ

အရှုပ်တော်ပုံဖြစ်ပေါ်နေသည့် ထိုင်းဘုရားကျောင်းက တစ်စိတ်တစ်ပိုင်း ပူးပေါင်းစီစဉ်သည့် ပွဲတစ်ခုအတွက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ထောင်ပေါင်းများစွာသည် တနင်္ဂနွေနေ့ (ဇန်နဝါရီ ၂၁)က မန္တလေးမြို့တွင် စုဝေးခဲ့ကြသည်။ အဆိုပါ ထိုင်းဘုရားကျောင်း၏ ကျောင်းထိုင်ဆရာတော်ကို ငွေကြေးခဝါချမှုစွပ်စွဲချက်များအတွက် စစ်ဆေးမေးမြန်းရန် ထိုင်းရဲတပ်ဖွဲ့က အလိုရှိနေသည်။

မန္တလေးမြို့လယ်ရှိ အသုံးမပြုတော့သော လေဆိပ်၏ ပြေးလမ်းပေါ်တွင် သံဃာ ၂၀,၀၀၀ အား ဆွမ်းလောင်းလှူပွဲကို စီစဉ်ရာတွင် ဓမ္မကာယဘုရားကျောင်း၏ ဖောင်ဒေးရှင်းက ကူညီခဲ့ခြင်းဖြစ်သည်။ ထိုင်းနိုင်ငံ၏ အကြီးမားဆုံးနှင့် အချမ်းသာဆုံး ဘုရားကျောင်းဖြစ်သည့် ဓမ္မကာယသည် အလားတူပွဲကြီးများကို ဘန်ကောက်၏ မြောက်ဘက်ရှိ ၎င်းတို့၏ ကြီးမားကျယ်ဝန်းသည့် ကျောင်းပရဝုမ်တွင် ကျင်းပခဲ့ဖူးသည်။ ယင်းဘုရားကျောင်းကို ထိုင်းရဲများက လွန်ခဲ့သည့်နှစ်အတွင်း စီးနင်းရှာဖွေခဲ့သော်လည်း တိမ်းရှောင်နေသည့် ကျောင်းထိုင်ဆရာတော်ကို မတွေ့ခဲ့ရပေ။

မန္တလေးဆွမ်းလောင်းလှူပွဲမှာ မြန်မာနှင့် ထိုင်းကြား ဆက်ဆံရေးခိုင်မာစေရန်အပြင် ဒေသတွင်း ထေရဝါဒ ဘုန်းတော်ကြီးများ စည်းလုံးညီညွတ်စေရန်လည်း ရည်ရွယ်သည်ဟု ဓမ္မကာယဖောင်ဒေးရှင်း၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာ၊ ထိုင်းနှင့် သီရိလင်္ကာနိုင်ငံတို့သည် ထေရဝါဒဗုဒ္ဓဘာသာဝင် အများစုရှိသည့် နိုင်ငံများဖြစ်သည်။

မန္တလေးရှိ ဘုရားကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ပရိယတ္တိစာသင်တိုက်ကြီးမှ အဝါရောင်သင်္ကန်း ဝတ်ရုံထားသည့် သံဃာတော်များသည် အရုဏ်မတက်ခင်ကပင် လေဆိပ်ဟောင်းကြီးထဲသို့ တဖွဲဖွဲကြွရောက်နေပြီ ဖြစ်သည်။ အခမ်းအနားရှိ သံဃာတော်အားလုံးနီးပါးမှာ မြန်မာနိုင်ငံမှပင်ဖြစ်ပြီး ထိုင်း၊ သီရိလင်္ကာနိုင်ငံတို့မှ သံဃာ ၁၀၀ ခန့်နှင့်အတူ ဗုဒ္ဓဘာသာဝင်အချို့နှင့် လူထောင်ပေါင်းများစွာလည်း တက်ရောက်ကြသည်ဟု ဓမ္မကာယကျောင်းက ပြောသည်။

မူဆလင်ဆန့်ကျင်မှုအတွက် လူသိများပြီး မန္တလေးတွင် သီတင်းသုံးသည့် ဆရာတော် ဦးဝီရသူမှာမူ ဆွမ်းလောင်းပွဲအခမ်းအနားသို့ တက်ရောက်သည့် လက္ခဏာ မတွေ့ရပေ။ “တကယ့်ကို အံ့သြစရာကောင်းတဲ့ အခမ်းအနားပါ။ မန္တလေးမှာပဲ နေလာခဲ့တာပါ။ အရင်က ဒီလိုမျိုး တစ်ခါမှ မရှိခဲ့ဘူး” ဟုသံဃာတော် အပါး ၃၀ ခန့်ရှိ အဖွဲ့ကို ဦးဆောင်လာသည့် မန္တလေး မစိုးရိမ်ကျောင်းတိုက်မှ အသက် ၄၀ နှစ်ရှိ အရှင်ရာမက ပြောသည်။

ဓမ္မကာယကျောင်းကို ထိုင်းရဲများ၏ အရေးယူမှုကို ဦးရာမက ဆန့်ကျင်ခဲ့ပြီး ယင်းကျောင်းသည် ဗုဒ္ဓဘာသာကို ကမ္ဘာပျံ့အောင် လုပ်ဆောင်နေခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။ “ဗုဒ္ဓဘာသာ အန္တရာယ်ဖြစ်မှာကို လူတွေက စိုးရိမ်နေပါတယ်”ဟုလည်း ၎င်းကပြောသည်။ ထိုင်းရဲများသည် ဓမ္မကာယပရဝုမ်အား ရက်သတ္တပတ် သုံးပါတ်ကြာ ဝန်းထားရံမှုကို ပြီးခဲ့သည့်နှစ် မတ်လက လက်လျှော့ခဲ့ကြသည်။ ဓမ္မကာယကျောင်းတော်ကြီးမှာ ဗာတီကန်စီးတီးထက် ၁၀ ဆနီးပါးကျယ်ဝန်းကာ ကြီးမားသည့် ရွှေဆင်းတုတော်ကြီးတစ်ခုက အလယ်တွင် တည်ရှိနေသည်။

ထိုင်းရဲတပ်ဖွဲ့က ကျောင်းထိုင်ဆရာတော် ဖရာဓမ္မချာယိုအား ငွေကြေးခဝါချမှု၊ ဥပဒေချိုးဖောက်မှု စသည့်တို့အတွက် စွပ်စွဲခံနေရမှုနှင့် ပတ်သက်ပြီး စစ်ဆေးမေးမြန်းရန် အလိုရှိနေသည်။ သို့သော်လည်း ဘုန်းတော်ကြီးများ၊ တရားအားထုတ်သူများ၏ ဆန့်ကျင်ကန့်ကွက်မှုကြောင့် ရဲတပ်ဖွဲ့က လက်လျှော့ခဲ့သည်။ အဆိုပါ ကျောင်းထိုင်ဆရာတော် မည်သည့်နေရာတွင် ရှိနေသည်ကို ယခုအချိန်အထိ မသိရသေးပေ။ ထိုင်းနိုင်ငံနှင့် ကမ္ဘာတစ်ဝန်း၌ ၎င်းတို့၏ နောက်လိုက်တပည့် သန်းပေါင်းများစွာရှိနေပြီး မကြာသေးမီနှစ်များအတွင်း မြန်မာဗုဒ္ဓဘာသာဝင်များနှင့် ပိုမိုနီးကပ်သည့် ဆက်ဆံရေးကို တည်ဆောက်ထားပြီးဖြစ်သည်ဟု ဓမ္မကာယကျောင်းက ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar