အမျိုးသားအဆင့် ကလေးသူငယ်များ တွေ့ဆုံပွဲကို နေပြည်တော်၌ ကျင်းပမည်

ကလေးများ၏အသံကို ပြည်သူလူထုတစ်ရပ်လုံးနှင့် အစိုးရထံ ရောက်ရှိစေရန်ရည်ရွယ်၍ အမျိုးသားအဆင့် ကလေးသူငယ်များ တွေ့ဆုံပွဲကို နေပြည်တော်တွင် နိုဝင်ဘာ ၁၈ မှ ၂၀ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ကလေးများနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပမည့် အဆိုပါ တွေ့ဆုံပွဲကို အစိုးရမဟုတ်သော အဖွဲ့အစည်းတစ်ခုဖြစ်သည့် NGOs Child Rights Working Group က ကြီးမှူး၍ ကျင်းပမည်ဖြစ်ကာ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုမှ ကလေးကိုယ်စားလှယ်ပေါင်း ၁၃၀ တက်ရောက်မည်ဖြစ်သည်။

“ဆွေးနွေးပွဲမှာ တင်ပြမယ့်အကြောင်းအရာတွေက သမီးတို့ ကလေးသူငယ်အဖွဲ့တွေကိုယ်တိုင် လေ့လာခဲ့ပြီး ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖော်ထုတ်တင်ပြသွားမှာဖြစ်လို့ လွှတ်တော်အမတ်တွေ၊ ဝန်ကြီးတွေနဲ့ အင်န်ဂျီအိုအဖွဲ့အစည်းတွေကို တက်ရောက်ပေးဖို့ တောင်းဆိုချင်ပါတယ်။ တက်ရောက်ကြတဲ့အခါမှာလည်း သမီးတို့ကလေးတွေရဲ့အသံကို အလေးထားနားထောင်ပေးပြီး သမီးတို့ပြောခဲ့တဲ့အချက်အလက်တွေကို အခြေခံပြီး မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ကလေးတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေကို ဖြေရှင်းလုပ်ဆောင် ပေးသွားမယ်လို့ သမီးအနေနဲ့ ယုံကြည်ထားပါတယ်”ဟု ကယားပြည်နယ်ကိုယ်စားပြု ကလေးကိုယ်စားလှယ် မမျိုးပပသိန်းက ပြောသည်။

အဆိုပါဆွေးနွေးပွဲတွင် ကလေးကိုယ်စားလှယ်များက ကလေးသူငယ်များ တွေ့ကြုံခံစားနေရသော ကျန်းမာရေးနှင့် ပညာရေးဆိုင်ရာ ပြဿနာများ၊ ကလေးနှင့်သဘာဝပတ်ဝန်းကျင်၊ ကလေးနှင့်ငြိမ်းချမ်းရေးနှင့် ကလေးသူငယ်အခွင့်အရေး ချိုးဖောက်ခံနေရမှုစသည့် အခက်အခဲများအကြောင်းကို ဆွေးနွေးပွဲ၏ ပထမနှစ်ရက်အတွင်း ဆွေးနွေးသွားမည်ဖြစ်သည်။ ထို့နောက် ဆွေးနွေးခဲ့သော အကြောင်းအရာများကို နောက်ဆုံးနေ့ဖြစ်သည့် နိုဝင်ဘာ ၂၀ ရက်နေ့တွင် တက်ရောက်လာမည့် လွှတ်တော်ကိုယ်စားလှယ်များကို ကလေးကိုယ်စားလှယ်များကိုယ်တိုင် တင်ပြသွားမည်ဖြစ်သည်။

“ကလေးသူငယ်အခွင့်အရေးဆိုင်ရာစာချုပ်မှာ အခြေခံအနေနဲ့ ရှင်သန်ခွင့်၊ ဖွံ့ဖြိုးရေး၊ ကာကွယ်ခွင့်နဲ့ ပါဝင်ခွင့်ဆိုပြီး အုပ်စုလေးမျိုးရှိပါတယ်။ ရှင်၊ ဖွံ့၊ ကာဆိုတဲ့ ကဏ္ဍသုံးခုအတွက် ဥပဒေတွေ၊ စောင့်ရှောက်ရေးအစီအစဉ်တွေ ရှိပေမယ့် ကလေးတွေပါဝင်လုပ်ဆောင်ခွင့်ဆိုတာကို အာဆီယံနိုင်ငံတွင်းမှာတင် အလေးထားမှုနည်းတာ တွေ့ရတယ်။ အထူးသဖြင့် မြန်မာနိုင်ငံမှာလည်း ကလေးတွေကို ပြောဆိုခွင့်ပေးတာ၊ ကလေးတွေအသံကို အလေးအနက်ထား နားထောင်တာမျိုး နည်းပါးလွန်းပါတယ်” ဟု ပွဲဦးဆောင်သူတစ်ဦးဖြစ်သူ Eqality Myanmar ၏ ဒါရိုက်တာဦးအောင်မျိုးမင်းက နိုဝင်ဘာ ၁၅ ရက်နေ့က ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားသည်။

“ရလဒ်အနေနဲ့ ကလေးသူငယ်ဆိုင်ရာကိစ္စရပ်တွေကို ချမှတ်ဆောင်ရွက်တဲ့နေရာမှာ ဆွေးနွေးတဲ့သူတွေက လူကြီးတွေသာ ဖြစ်နေတယ်။ ကျွန်တော်တို့က ကလေးတွေကို သူတို့တွေ ဘယ်တွေဖြစ်နေတယ်။ ဘယ်လိုအခက်အခဲတွေ ကြုံနေရတယ်ဆိုတဲ့အသံကို ပါဝင်ပြောဆိုဆွေးနွေးခွင့်ပေးဖို့၊ သူတို့အသံတွေကို နားထောင်ပြီး ကလေးသူငယ်ဆိုင်ရာကိစ္စရပ်တွေ ဆုံးဖြတ်ချက်ချတဲ့အခါ အခုထက်ပိုမိုကောင်းမွန်လာဖို့ ရည်ရွယ်ချက်နဲ့ ဒီပွဲကိုကျင်းပရခြင်းဖြစ်ပါတယ်။ တစ်ဖက်ကလည်း ပြည်သူလူထုတစ်ရပ်လုံး ထိုက်သင့်တဲ့ အခွင့်အရေးတွေရဖို့ ဒီမိုကရေစီလမ်းကြောင်းကို ဖော်ဆောင်နေတဲ့ အစိုးရအတွက် ကျွန်တော်တို့က အခွင့်အရေးတစ်ခုကို ဖန်တီးပေးခြင်းလည်း ဖြစ်ပါတယ်”ဟု ၎င်းကပြောကြားသည်။

သတင်း-ဖြိုးသီရိသူ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar