အမေရိကန်နှင့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး ဒေါ်အောင်ဆန်းစုကြည် မတက်

ရန်ကုန်၊ မေ ၃

အမေရိကန်နိုင်ငံ၊ ဝါရှင်တန်တွင် ယခုရက်သတ္တပတ်အတွင်း ကျင်းပမည့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် အရှေ့တောင်အာရှနိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံပွဲသို့ တက်ရောက်ရန် ဖိတ်ကြားမှုကို ဒေါ်အောင်ဆန်းစုကြည်က ငြင်းဆိုခဲ့သည်ဟု ရိုက်တာသတင်းဌာနက ရေးသားထားသည်။

မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးလည်းဖြစ်သူ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၎င်း၏ ကိုယ်စား အဆင့်မြင့်အရာရှိတစ်ဦးကို စေလွှတ်သွားမည်ဟုလည်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ရိုက်တာကို ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လက်ရှိအချိန်တွင် ဥရောပနိုင်ငံများဖြစ်သည့် ဘယ်လ်ဂျီယံ၊ အီတလီနှင့် ဗြိတိန်နိုင်ငံများသို့ တရားဝင်ခရီး ရောက်ရှိနေသည်။ တနင်္လာနေ့က စတင်ခဲ့သည့် အဆိုပါခရီးစဉ်သည် ၎င်း ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရရှိပြီးနောက် ၎င်း၏ ပထမဆုံး ဥရောပခရီးစဉ်လည်း ဖြစ်သည်။

ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်သည် ဘရပ်ဆဲလ်မြို့ရှိ ဥရောပသမဂ္ဂဌာနချုပ်သို့လည်း သွားရောက်ခဲ့ကာ ဥရောပသမဂ္ဂ အကြီးအကဲများနှင့် တွေ့ဆုံခဲ့သည်။

အဆိုပါ ဥရောပခရီးစဉ်ကြောင့် အမေရိကန်၏ ဖိတ်ကြားချက်ကို ငြင်းဆိုခဲ့ခြင်းဖြစ်သည်ဟု ဦးဇော်ဌေးက ပြောကြားသည်။

“နိုင်ငံတော်အတိုင်ပင်ခံအနေနဲ့ အမေရိကန်ကို သွားမှာမဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီနေ့မှာ ဥရောပသမဂ္ဂနဲ့ အစည်းအဝေးတစ်ခု ရှိနေပါတယ်” ဟု ဦးဇော်ဌေးက အေအက်ဖ်ပီကို ပြောကြားသည်။

အမျိုးသားလုံခြုံရေးအကြံပေးဖြစ်သူ ဦးသောင်းထွန်းက ဒေါ်အောင်ဆန်းစုကြည်ကိုယ်စား အမေရိကန်နိုင်ငံသို့ သွားရောက်ကာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နှင့် အစည်းအဝေးကို တက်ရောက်မည်ဖြစ်သည်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် Tillerson တို့သည် ကြာသပတေးနေ့တွင် တွေ့ဆုံကြမည်ဖြစ်ကာ ကုန်သွယ်ရေး၊ တောင်တရုတ်ပင်လယ်အရေး၊ ရာဇဝတ်မှု တိုက်ဖျက်ရေးနှင့် အခြားကိစ္စများကို ဆွေးနွေးကြမည် ဖြစ်သည်။

သမ္မတအိုဘားမားလက်ထက် ပြီးခဲ့သည့် စက်တင်ဘာလက အမေရိကန်ပြည်ထောင်စုသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်ခဲ့သေးသည်။ မြန်မာနိုင်ငံအပေါ်ချမှတ်ထားသည့် ကျန်ရှိနေသေးသော ပိတ်ဆို့အရေးယူမှုများကို ဖယ်ရှားပေးရန် ဒေါ်အောင်ဆန်းစုကြည်၏ အဆိုပါ ခရီးစဉ်အတွင်းတွင် အိုဘားမားက သဘောတူညီခဲ့သည်။

လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်လက်ထက်တွင်မူ မြန်မာနိုင်ငံအပေါ် ထားရှိသည့် အမေရိကန်၏ ပေါ်လစီကို ကွဲကွဲပြားပြား မသိရသေးဟု သံတမန်များက ပြောကြားကြောင်း ရိုက်တာက ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မကြာမီကာလအတွင်း အမေရိကန်သို့ သွားရောက်ရန် အစီအစဉ်မရှိသေးဟုလည်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ရိုက်တာကို ပြောကြားသည်။

တရုတ်နိုင်ငံအား မျက်နှာသာပေးရန်အတွက် အမေရိကန်သို့ သွားရောက်မှုမပြုခြင်းဖြစ်သည်ဟု ပြောဆိုမှုများကိုမူ ၎င်းက ပယ်ချခဲ့သည်ဟုဆိုသည်။ မြန်မာနိုင်ငံအနေဖြင့် အဓိကအင်အားကြီး နိုင်ငံများအားလုံးနှင့် ဆက်ဆံရေးကောင်းမွန်စေရန် ဆောင်ရွက်နေသည်ဟု ၎င်းက ပြောကြားသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar