အမေရိကန်စင်တာအား နေရာသစ်တွင် စတင်ဖွင့်လှစ်

မြန်မာနိုင်ငံ၏ အကြီးဆုံး စာကြည့်တိုက်များအနက် တစ်ခုဖြစ်သည့် အမေရိကန်စင်ကာ ရန်ကုန်မြို့၊ အင်းယားလမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းထောင့်တွင် မတ် ၂၁ ရက်နေ့က စတင်ကာ ပြောင်းလဲ ဖွင့်လှစ်လိုက်သည်။

“အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေး၊ သာယာဝပြောရေးနဲ့ လူ့အခွင့်အရေးအတွက် သန္နိဋ္ဌာန်ချထားသလို၊ အမေရိကန်စင်တာကလည်း အဲဒီလိုသန္နိဋ္ဌာန်မျိုးကို ကာလရှည်ကြာကတည်းက ရှိထားခဲ့ပါတယ်။ လွန်ခဲ့တဲ့ ဆယ်စုနှစ် ခုနစ်ခုက မြန်မာပြည်သူတွေ လာရောက်ခဲ့ကြသလိုပဲ၊ ဆက်လက်ပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် လေ့လာသင်ယူဖို့၊ အင်္ဂလိပ်စာ လေ့လာဖို့၊ အတတ်ပညာတွေအတွက် နည်းပညာအသစ်တွေ လေ့လာဖို့နဲ့ အမေရိကန် ပြည်ထောင်စုမှာ ပညာသင်ယူတာမျိုးလို အခွင့်အလမ်းတွေ ရရှိချိတ်ဆက်နိုင်ဖို့အတွက် အမေရိကန်စင်တာ အသစ်ကြီးဆီကိုလည်း လာရောက်ကြမယ်လို့ မျှော်လင့်ပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး စကော့မာစီရယ်လ်က သတင်းထုတ်ပြန်ချက်တွင် ပြောကြားထားသည်။

“အမေရိကန်အစိုးရသည် ကမ္ဘာတစ်ဝန်းရှိ အခြားသော အမေရိကန်စင်တာများထက် ရန်ကုန်အမေရိကန်စင်တာအတွက် ဘဏ္ဍာငွေကို အများဆုံးသုံးစွဲထားပြီး၊ အမေရိကန်-မြန်မာ ဆက်ဆံရေးနှင့် နှစ်နိုင်ငံပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှုကိုလည်း ထင်ဟပ်ပြသ နေပါသည်” ဟု အမေရိကန်သံရုံး၏ သတင်းထုတ်ပြန်တွင် ဖော်ပြထားသည်။

အမေရိကန်စင်ကာကို အမေရိကန်ပြန်ကြားရေးဌာန စာကြည့်တိုက်အနေဖြင့် ရန်ကုန်မြို့လယ်ရှီ ယခင်ဗြိတိသျှဘဏ် အဆောက်အအုံတစ်ခုတွင် လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ က ပထမဆုံး စတင်ဖွင့်လှစ်ခဲ့သည်ဟု သိရသည်။

အမေရိကန်စင်တာ အသစ်သည် မြန်မာနိုင်ငံရှိ နောက်ဆုံးပေါ်နည်းပညာများနှင့် ဖြည့်ဆည်းထားသော အကြီးဆုံး စာကြည့်တိုက်များအနက် တစ်ခုအနေဖြင့် စာအုပ်ပေါင်း ၁၂,၀၀၀ ကျော်၊ ကွန်ပျူတာလက်တွေ့ခန်းတစ်ခုနှင့် အင်္ဂလိပ်စာ သင်တန်းများနှင့် အခြားသော လေ့ကျင့် သင်တန်းများအတွက် နောက်ဆုံးပေါ်နည်းပညာများ ပံ့ပိုးပေးထားပြီး၊ ဟောပြောပွဲအတွက် ခန်းမတစ်ခု၊ ကဖေးဆိုင်နှင့် အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ယူလိုသူ မည်သူအတွက်မဆို အမေရိကန် ပညာရေးဆိုင်ရာ အခမဲ့ တိုင်ပင်ဆွေးနွေးခြင်း ဝန်ဆောင်မှုကိုလည်း ရရှိနိုင်မည်ဖြစ်သည်။

စာကြည့်တိုက်အား တနင်္လာနေ့မှ စနေနေ့အထိ နံနက် ၉ နာရီမှ ညနေ ၄ နာရီအထိ ဖွင့်လှစ်ထားပြီး စာကြည့်တိုက် အသင်းဝင် ၁၇,၀၀၀ ကျော်ရှိကြောင်းလည်း သိရသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar