အမေရိကန်က မြန်မာနိုင်ငံနှင့်အတူ ဆက်လက်ရပ်တည် ထောက်ခံသွားမည်

အိုလီဗာ ဆလိုး

ရခိုင်ပြည်နယ်အရေး ကိုင်တွယ်မှုနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုများရှိနေသော်လည်း အမေရိကန်အနေဖြင့် မြန်မာနိုင်ငံအား ဆက်လက် ထောက်ခံသွားမည်ဖြစ်ကာ အမေရိကန် လုပ်ငန်းများကိုလည်း မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံရန် တိုက်တွန်းသွားမည်ဟု အိမ်ဖြူတော် အဆင့်မြင့် တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံသို့ သုံးရက်ကြာရောက်ရှိခဲ့သည့် အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ အာရှရေးရာ အကြီးတန်း ဒါရိုက်တာ မက်ပေါ့တင်းဂျာသည် ဇွန် ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၌ သတင်းထောက်များနှင့် ေ တွ့ဆုံရာတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။ ၎င်းသည် ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် ဇွန် ၁၅ ရက်နေ့က တွေ့ဆုံခဲ့သလို စစ်ဘက်နှင့် လူမှုအဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များနှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။

“ရေရှည်မှာတော့ ဒီမှာ ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ခြင်းအားဖြင့် မြန်မာနိုင်ငံအပေါ် ယုံကြည်မှုတွေ တိုးမြင့်လာပြီးတော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်စေမှာ ဖြစ်ပါတယ်။ အဲဒီကနေ အဆုံးသတ်မှာ ခွဲခြားဆက်ဆံမှုတွေ လျော့ပါးစေမယ်၊ မြန်မာနိုင်ငံက အုပ်စုကွဲတွေအားလုံး ခံစားနေရမှုတွေကို လျော့ပါး သက်သာစေမှာ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

သမ္မတထရမ့်ဦးဆောင်သည့် အမေရိကန် အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် မြန်မာနိုင်ငံအပေါ် ကျယ်ပြန့်သည့် စီးပွားရေး ပိတ်ဆို့မှု ဆောင်ရွက်ရန် စဉ်းစားနေခြင်းမရှိဟု ၎င်းကပြောသည်။ သို့သော် ရခိုင်ပြည်နယ်မြောက်ပိုင်း၌ “လူမဆန်မှုအချို့အတွက် တာဝန်ရှိတယ်ဆိုတဲ့ သက်သေ အထောက်အထားတွေ ပြသနေတယ်လို့ ကျွန်တော်တို့ ယုံကြည်ထားတဲ့ တစ်ဦးတစ်ယောက်ချင်းစီကို ဦးတည်တဲ့” ပိတ်ဆို့ အရေးယူမှုများ ဆောင်ရွက်ရန် ကြည့်ရှုနေသည်ဟု ၎င်းကပြောသည်။

ကွန်ဂရက်လွှတ်တော်အဖွဲ့ဝင်အချို့ကမူ “ပိုမို ဒဏ်ခတ်မှုများအတွက်” စဉ်းစားနေသည်ဟု ၎င်းက ဆက်လက် ပြောကြားသော်လည်း အသေးစိတ် ပြောကြားခြင်းမရှိပေ။

ပြီးခဲ့သည့် သြဂုတ်လက စတင်ကာ စစ်တပ်က ဆောင်ရွက်ခဲ့သည့် ကြမ်းတမ်းသည့် စစ်ဆင်ရေးများကြောင့် ရိုဟင်ဂျာများဟု ခေါ်ဆိုကြသည့် မူဆလင်အများစုပါဝင်သော ခန့်မှန်းခြေလူပေါင်း ၇၀၀,၀၀၀ ခန့်မှာ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာပြီး ဘင်္ဂလားဒေရှ့်သို့ ထွက်ပြေးခဲ့ကြသည်။ Arakan Rohingya Salvation Army ဟူခေါ်သည့် အာဆာအဖွဲ့က ဒေသတွင်းရှိ စစ်တပ်နှင့် ရဲတပ်ဖွဲ့စခန်းများကို တိုက်ခိုက်ခဲ့ပြီးနောက် စစ်ဆင်ရေးများ စတင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါစစ်ဆင်ရေးများကို “လူမျိုးစုအလိုက် ရှင်းလင်းမှု” မြောက်သည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း Rex Tillerson က ပြီးခဲ့သည့်နိုဝင်ဘာလတွင် ပြောကြားခဲ့သည်။

ဒီမိုကရက်တစ် အဖွဲ့အစည်းများအတွက်အပြင် ပဋိပက္ခများ လျော့နည်းစေရန်နှင့် ကျန်းမာရေးနှင့် တရားစီရင်ရေး လုပ်ငန်းများအတွက် ဘဏ္ဍာငွေ ထောက်ပံ့ပေးနေခြင်းများက မြန်မာနိုင်ငံနှင့်အတူ အမေရိကန်က ရပ်တည်လိုသည်ဆိုသည့်အချက်အတွက် သက်သေပင်ဖြစ်သည်ဟု Pottinger က ပြောကြားသည်။ ယခုလာရောက်သည့်ခရီးစဉ်နှင့် တိုက်ဆိုင်ကာ ဖြန့်ချိလိုက်သည့် သတင်းထုတ်ပြန်ချက်တွင် အမေရိကန် ပြည်ထောင်စုက “ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေးနှင့် မြန်မာနိုင်ငံ သာယာဝပြောရေး”တို့အတွက် ပြီးခဲ့သည့်နှစ်က အမေရိကန်ဒေါ်လာသန်း ၁၂၀ ပံ့ပိုးပေးခဲ့သည်ဟု ဖော်ပြထားသည်။

ဝါရှင်တန်အနေဖြင့် မြန်မာနိုင်ငံမှ ကိစ္စအများအပြားအတွက် စိုးရိမ်ပူပန်နေသည်ဟု Pottinger က ပြောကြားသည်။ ထိုအထဲတွင် ရခိုင်အကြပ်အတည်း၊ အထူးသဖြင့် ကချင်နှင့် ရှမ်းပြည်နယ်များ ပါဝင်သည့် မြန်မာနိုင်ငံ မြောက်ပိုင်းမှ တိုက်ခိုက်မှုများအပြင် မူးယစ်ဆေးဝါ ထုတ်လုပ်မှုနှင့် ဖြန့်ဖြူးနေမှုများ ပါဝင်သည်။

“ဆင်းရဲမွဲတေမှုနဲ့ ခွဲခြားဆက်ဆံမှုပြဿနာတွေက ရခိုင်ပြည်နယ်မှာရှိတဲ့ လူသားအားလုံးအပေါ် သက်ရောက်မှု ရှိနေတယ်ဆိုတာကို ကျွန်တော်တို့ အသိအမှတ်ပြုပါတယ်” ဟု ၎င်းကပြောသည်။

“ဖွံ့ဖြိုးတိုးတက်မှုနဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့တွေဟာ လူအဖွဲ့အစည်း အားလုံးအတွက် ဖြစ်ဖို့ဆိုတာကို သေချာအောင် ကျွန်တော်တို့ ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ဒါတွေဟာ နေရပ်စွန့်ခွာရတဲ့ ရိုဟင်ဂျာတွေအတွက်တင်မကပဲ တိုင်းရင်းသားရခိုင်တွေနဲ့ အခြားသူတွေအတွက်ပါ ဖြစ်ရမှာ ဖြစ်ပါတယ်” ဟု၎င်းကပြောသည်။

ဖြစ်ပွားခဲ့သည့် “လူမဆန်မှုများအတွက်” တာဝန်ယူမှု အတိုင်းအတာအား တောင်းဆိုခြင်းအားဖြင့် အကြပ်အတည်းအား ဖြေရှင်းနိုင်အောင် အမေရိကန်က မြန်မာနိုင်ငံအား ကူညီနိုင်လိမ့်မည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ထို့ပြင် လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့များနှင့် စီးပွားရေးဖွံ့ဖြိုးမှုအတွက် ထောက်ပံ့ပေးသွားမည်ဟုဆိုသည်။

“ဒီမိုကရေစီစနစ်အတွက် အဓိက တိုင်းတာချက်တွေက လူမျိုးစုအရဖြစ်စေ၊ ဘာသာရေးအရဖြစ်စေ လူနည်းစုဖြစ်နေသူတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ပေးမှုနဲ့ တရားမျှတမှုကို စီမံပေးနိုင်တဲ့ အတိုင်းအတာ ဖြစ်ပါတယ်” ဟု Pottinger က ပြောသည်။

၎င်းသည် စင်ကာပူနိုင်ငံတွင် ပြုလုပ်ခဲ့သည့် သမ္မတဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်တို့၏ ထိပ်သီးဆွေးနွေးပွဲအား တက်ရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ လာရောက်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံနှင့် မြောက်ကိုရီယားတို့အကြား နီးကပ်သည့် ဆက်သွယ်မှုများရှိနေသည်ဟု မှတ်ယူထားကြပြီး နေပြည်တော်အနေဖြင့် ပြုံယန်းနှင့် ဆက်သွယ်မှုအား ဖြတ်တောက်သွားရေးအတွက် တိုက်တွန်းရန် အမေရိကန်က ကြိုးပမ်းနေသည်။

ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ခဲ့ပြီးဖြစ်သော်လည်း မြောက်ကိုရီးယားအပေါ် ချမှတ်ထားသည့် စီးပွားရေးအရ ဖိအားပေးထားမှုများကို ဖယ်ရှားပစ်ရန် အမေရိကန်အနေဖြင့် ဆန္ဒမရှိသေးဟု Pottinger က ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်ထံ ထရမ့်က မကြာသေးမီက ပေးပို့ခဲ့သည့် စာကိုလည်း ၎င်းက ရည်ညွှန်း ပြောကြားခဲ့သည်။ မြောက်ကိုရီးယားအုပ်ချုပ်သူများ၏ လက်နက်အစီအစဉ်များအတွက် ဘဏ္ဍာငွေရရှိစေရန် ကူညီပေးနေသည့် မြောက်ကိုရီးယားများကို နှင်ထုတ်ခဲ့ခြင်းအတွက် မြန်မာအစိုးရကို ကျေးဇူးတင်ရှိကြောင်း အဆိုပါစာထဲတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံရှိ မြောက်ကိုရီးယားသံရုံးတွင် ဒုတိယအတွင်းဝန်အဖြစ် လုပ်ကိုင်နေသည်ဟူသည့် Kim Chol Nam အား မြန်မာအစိုးရက ပြီးခဲ့သည့်နှစ်က တိုင်းပြည်တွင်းမှ ထွက်ခွာသွားစေခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar