အမုန်းတရားများဖြင့် သွေးထိုးလှုံ့ဆော်မှုများကို အရေးယူရန် ပျက်ကွက်နေဟု အစိုးရကို ကိုဆွေဝင်း ဝေဖန်

ရန်ကုန်၊ မတ် ၈

အမုန်းတရားများဖြင့် သွေးထိုးလှုံ့ဆော်မှုများကို အရေးယူရန် ပျက်ကွက်နေပြီး သွေးထိုးလှုံဆော်သူများအကြောင်းကို ဖော်ထုတ်သူများကိုမူ ဖမ်းဆီးရန် ပြင်ဆင်နေသည့် အစိုးရ၏ လုပ်ရပ်ကို Myanmar Now သတင်းဌာန၏ သတင်းထောက်ချုပ် ကိုဆွေဝင်းက ဝေဖန်လိုက်သည်။

ရန်ကုန်မြို့လယ်ရှိ အင်းဝအပ်ချုပ်ဆိုင်တွင် အိမ်အကူ ကလေးသူငယ်များ ညှဉ်းပန်း နှိပ်စက်ခံရမှုကို လူ့အခွင့်အရေး ကော်မရှင်က လစ်လျှူရှုနမှု၊ ရဲဘက်စခန်းများတွင် အကျဉ်းသားကို ညှန်းပန်းနှိပ်စက်မှုများနှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥပဒေပညာရှင် ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံရမှုတို့နှင့် ပတ်သက်ပြီး ဖော်ထုတ်ရေးသားခဲ့သည့် ကိုဆွေဝင်းမှာ မူဆလင်များအား မုန်းတီးရေး အပါအဝင် အကဲဆတ်သည့် ဝေဖန်ချက်များ မကြာခဏပြုလုပ်နေသည့် ဦးဝီရသူကို ဝေဖန်မှုဖြင့် ယမန်နေ့ညက အမှုဖွင့် တိုင်ကြားခံခဲ့ရသည်။

ဦးဝီရသူကို အခြေအမြစ်မရှိသည့် စွပ်စွဲချက်များဖြင့် လူမှုကွန်ရက်တွင် ဝေဖန်ရေးသားခဲ့သည် ဆိုသည့် စွပ်စွဲချက်ဖြင့် ကိုဆွေဝင်းကို ဦးဝီရသူ၏ တပည့်ရင်းဆိုသူတစ်ဦးက မန္တလေးမြို့တွင် မတ် ၇ ရက်နေ့ ညက အမှုဖွင့်တိုင်ကြားလိုက်ခြင်း ဖြစ်သည်။

“ဒီတိုင်းပြည်မှာ တရားဥပဒေစိုးမိုးရေးဆိုတာ ဟာသအဆင့်ဘဲ ရှိသေးတယ်”ဟု ကိုဆွေဝင်းက ရန်ကုန်မြို့လယ်ရှိ Myanmar Now ရုံးခန်းတွင် ယနေ့ မွန်းလွဲပိုင်းက ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဝေဖန်လိုက်သည်။

၎င်းအား တိုင်ကြားရာတွင် အခြားသူများ သိရှိရန်ခက်ခဲသည့် နိုင်ငံသားစိစစ်ရေးနံပါတ်နှင့် မကြာသေးမီကက ပြောင်းရွှေ့နေထိုင်နေသည့် ၎င်း၏ အိမ်လိပ်စာကိုပါ အတိအကျ ထည့်သွင်းတိုင်ကြားခြင်းသည် အာဏာပိုင် အဖွဲ့အစည်းတခုခု၏ လက်ချက်ဖြစ်နိုင်သည်ဟု သင်္ကာမကင်းဖြစ်ရကြောင်းလည်း ကိုဆွေဝင်းက ပြောသည်။

“ဒီသတင်းအချက်အလက်(မှတ်ပုံတင်နဲ့လိပ်စာ)ဘယ်ကရလဲ။ ကျွန်တော် တိတိကျကျပြောမယ်။ ဒါပြည်ထဲရေးက မပေးဘဲ ဒီသတင်းအချက်အလက် ရစရာအကြောင်းမရှိဘူး။ အာဏာပိုင်အဖွဲ့အစည်းတခုခုက မပေးဘဲရစရာ အကြောင်းမရှိဘူး”ဟု ကိုဆွေဝင်းက ပြောသည်။

Ba Kaung အမည်ဖြင့် Facebook သုံးစွဲသူ ကိုဆွေဝင်းအား ဦးဝီရသူ၏ တပည့်အရင်းဟုဆိုသူ ဦးကျော်မျိုးရွှေက လာရောက် တိုင်ကြားသောကြောင့် ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆(ဃ) ဖြင့် အရေးယူရန် ပြင်ဆင်နေကြောင်း မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၇)နယ်မြေရဲ စခန်းမှ တာဝန်ကျအရာရှိတစ်ဦးက Frontier ကို အတည်ပြုပြောကြားထားသည်။

“အခြေခံဥပဒေ ပြင်လိုသူတွေကို မဘသ သတိပေး”ဆိုသည့် Myanmar Now က ရေးသားထားသော သတင်းကို Ba Kaung အမည်ဖြင့် Facebook သုံးစွဲသူ Myanmar Now သတင်းထောက်ချုပ် ကိုဆွေဝင်းက လူမှုကွန်ယက်တွင် မျှဝေခြင်းနှင့် ပတ်သတ်ပြီး အရေးယူပေးရန်ဟု တိုင်ကြားချက်တွင် ပါဝင်ကြောင်း ၎င်းရဲအရာရှိက ပြောကြားသည်။

ကိုဆွေဝင်းက “အခြေခံဥပဒေ ပြင်လိုသူတွေကို မဘသ သတိပေး”ဆိုသည့် Myanmar Now က ရေးသားထားသော သတင်းကို “ဝီရသူ ပါရာဇိကကျပြီး ရဟန်းဘဝ နိဌိတံသွားပြီဖြစ်ကြောင်း သိရပါတယ်။ ပါရာဇိက အခုမှကျတာတော့ မဟုတ်လောက်ဘူး”ဟု ထပ်ဆင့်ရေးသား မျှဝေခဲ့ခြင်းကို တရားစွဲဆိုသူများက ထည့်သွင်း တိုင်ကြားခဲ့သည်ဟု ဆိုသည်။

အဆိုပါသတင်းသည်”ဒီပွဲမှာတော့ အနာဂတ် မြန်မာ့သာသနာအတွက် စိုးရိမ်မှုတွေ ကင်းပျောက်သွားလို့ စိတ်သက်သာရာတော့ ရလိုက်တယ်၊ ကြည်လင်းကို ကျေးဇူးတင်တယ်၊ အောင်ဝင်းဇော်ကို ကျေးဇူးတင်တယ်၊ အောင်ဝင်းခိုင်ကို ကျေးဇူးတင်တယ်၊ ဇေယျာဖြိုးကို ကျေးဇူးတင်တယ်” ဟု ရှေ့နေကြီး ဦးကိုနီအား လုပ်ကြံသတ်ဖြတ်မှုဖြင့် ဖမ်းဆီးခံထားရသူ သုံးဦးအား ရည်ညွှန်းရေးသားထားသည့် ဦးဝီရသူ၏ ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် Facebook ပေါ်မှ ရေးသားချက်ကို ပြန်လည်ကိုးကား ရေးသားထားခြင်း ဖြစ်သည်။

ကိုဆွေဝင်းက ဦးဝီရသူ၏ ရာဇဝတ်မှုကို အားပေးသည့် လုပ်ရပ်များကို ထောက်ပြဝေဖန်ခဲ့ပြီး အစိုးရ၏နှုတ်ဆိတ်နေမှုအပေါ်လည်း မေးခွန်းထုတ်ခဲ့သည်။

“ရာဇဝတ်မှုတစ်ခုကို ဘယ်သူဘဲ ကျူးလွန်ကျူးလွန်၊ ဘယ်သူဘဲလုပ်လုပ်၊ ဒါကိုအားပေးအားမြှောက် ဘယ်နိုင်ငံမှ လုပ်လို့ မရဘူး”ဟု ကိုဆွေဝင်းက ဝေဖန်ခဲ့သည်။

ဦးဝီရသူကဘက်က တောင်းပန်ရန် ကမ်းလှမ်းမှုကို ကိုဆွေဝင်းက ပယ်ချလိုက်ပြီး လူသတ်ဝါဒကို အားပေးသည့် ဦးဝီရသူကို တောင်းပန်ရန် အကြောင်းအရင်းမရှိဟုလည်း တုန့်ပြန်ခဲ့သည်။

“(ဦးဝီရသူဟာ) တစ်ကြိမ်တစ်ခါတည်းဘဲ အမုန်းတရားတွေ ပြောနေတာမဟုတ်ဘူး။ အမြဲတမ်းပဲ တောက်လျှောက် တနိုင်ငံလုံးကိုပတ်ပြီး မီးမွေးနေတဲ့ပုဂ္ဂိုလ်၊ ဒါတွေဟာ အားလုံးအသိဘဲ” ဟု ကိုဆွေဝင်းက ဆိုသည်။

အသက် ၄၁ နှစ်အရွယ် တရားလိုအမျိုးသားက ကိုဆွေဝင်း၏ လူမှုကွန်ယက်တွင် ရေးသားထားမှုများကို ဦးဝီရသူထံ သွားရောက်လျောက်ထားရာ ခုနစ်ရက်အတွင်း လာရောက်မတောင်းပန်ပါက အမှုဖွင့်မည်ဟု ဦးဝီရသူက ၎င်း၏ Facebook မှတစ်ဆင့် ကြေညာခဲ့ပြီးနောက် လာရောက် မတောင်းပန်သဖြင့် အမှုဖွင့်ခဲ့ခြင်းဖြစ်သည်ဟု Frontier က ဖတ်ခွင့်ရခဲ့သော မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ အမှတ်(၇)နယ်မြေရဲစခန်းသို့ တိုင်ကြားစာထဲတွင် ရေးသားထားသည်။

သတင်း-ထွန်းခိုင်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar