ပညာရေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများ၊ ပညာရေးလမ်းကြောင်းများနှင့် ပညာရေးဝန်ဆောင်မှုများ၊ ပညာရေး အသိပညာများကို ကျောင်းသားလူငယ်များနှင့် အများပြည်သူများ ထိထိရောက်ရောက် ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန် ရည်ရွယ်ချက်ဖြင့် အပြည်ပြည်ဆိုင်ရာ ပညာရေးပြပွဲကို ဇွန် ၉ ရက်မှ ၁၁ ရက်နေ့အထိ ရန်ကုန်မြို့၊ တပ်မတော်ခန်းမတွင် ပြသလျက်ရှိသည်။
အဆိုပါပြပွဲကို Dagon Exhibition Ltd. က စီစဉ်ကျင်းပခြင်းဖြစ်ကာ ကုမ္ပဏီ ၅၀ က ပြခန်း ၉၀ ခန်းတွင် ပါဝင်ပြသနေသည်ဟု သိရသည်။ ပြခန်းများတွင် ပြည်တွင်းပြည်ပမှ တက္ကသိုလ်နှင့် ကောလိပ်များ၊ ပြည်တွင်းမှ ပုဂ္ဂလိက ပညာရေး သင်တန်းကျောင်းများ၊ စီးပွားရေးနှင့် စီမံခန့်ခွဲမှုသင်တန်းကျောင်းများ၊ အိုင်တီသင်တန်းကျောင်းများ၊ နိုင်ငံခြားဘာသာနှင့် နိုင်ငံခြားတက္ကသိုလ်ကျောင်းများ၊ အင်ဂျင်နီယာနှင့် ဆေးပညာဆိုင်ရာသင်တန်းကျောင်းများ၊ လေကြောင်းပညာရပ်ဆိုင်ရာ သင်တန်းကျောင်းများအပြင် ပညာရေးဝန်ဆောင်မှုများနှင့် စာအုပ်၊ စာပေအမျိုးမျိုးတို့ ပါဝင်ပြသနေသည်ဟုသိရသည်။
ပြပွဲကို နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ပြသနေပြီး ဥရောပသမဂ္ဂမှ ပေးအပ်မည့် ပညာသင်ဆုအကြောင်းနှင့် ပတ်သက်သည့် ဆွေးနွေးဟောပြောပွဲများ၊ ဥရောပသမဂ္ဂနှင့် ပတ်သက်သည့် ဉာဏ်စမ်းပဟေဋ္ဌိများ၊ ဥရောပသမဂ္ဂမှ အထူးလက်ဆောင်များပေးအပ်မည့် အစီအစဉ်များလည်း ပါဝင်မည်ဖြစ်သည်။ ထို့ပြင် ပညာရှင်များကလည်း နေ့စဉ်ပညာရပ်အလိုက် ဆွေးနွေးဟောပြောမှုများ ပြုလုပ်သွားမည်ဟု သိရသည်။