အစိုးရ ဝန်ထမ်းများ၏ လစာအတွက် ကမ္ဘာ့ဘဏ်မှ ငွေချေးရန် စီစဉ်

နေပြည်တော်၊ သြဂုတ် ၉

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက လက်ရှိသုံးစွဲနေသော အစိုးရဝန်ထမ်းလစာများကို ကမ္ဘာ့ဘဏ်မှ ချေးငွေရယူ၍ ပေးချေခွင့်ပြုရန် ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြည်ထောင်စုလွှတ်တော်ထံ ယနေ့ တင်ပြလိုက်သည်။

မြန်မာနိုင်ငံ ငွေရေးကြေးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆောင်ရွက်ရန်အတွက် ကမ္ဘာ့ဘဏ်ထံမှ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ချေးယူရေးနှင့် စပ်လျဉ်းပြီး ယနေ့ ကျင်းပသည့် လွှတ်တော် အစည်းအဝေးသို့ ရှင်းလင်းတင်ပြစဉ် ထိုကိစ္စမှာ အကြောင်းအရာ တစ်ခုအဖြစ်ပါဝင်လာခြင်းဖြစ်သည်။

“စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ဘတ်ဂျက်ထဲမှာ နိုင်ငံတော်က ကျခံနေရတဲ့ အခြေအနေကို အထောက်အကူပြုတဲ့အနေနဲ့ အမေရိကန် ဒေါ်လာ သန်း ၆၀ ကို သုံးစွဲမှာဖြစ်ပါတယ်” ဟု ဦးမောင်မောင်ဝင်းကပြောသည်။

အဆိုပါ ဒေါ်လာ သန်း ၆၀ ကို ဝန်ကြီးဌာန၏ ဘတ်ဂျက်သုံးစွဲမှုတွင်ပါဝင်သော လုပ်ငန်းတိုးချဲ့ရန် သာမန် အသုံးစရိတ်၊ လက်ရှိသုံးစွဲ နေသော ဝန်ထမ်းလစာ၊ စရိတ်၊ ချီးမြှင့်ငွေ၊ ပင်စင် စသည်တို့အတွက် သုံးစွဲသွားရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ပြည်ထောင်စု လွှတ်တော်ထံမှ ခွင့်ပြုချက် တောင်းခံလာခြင်းဖြစ်သည်။

ထို့အတူ နိုင်ငံပိုင်ဘဏ်များ ပြုပြင်ပြောင်းလဲတည်ဆောက်ရန် ပြင်ဆင်ခြင်းအတွက် ဒေါ်လာခုနစ်သန်း၊ အသေးစား ငွေရေးကြေးရေးနှင့် အာမခံလုပ်ငန်းကဏ္ဍ ကြီးကြပ်ကွပ်ကဲမှု အဆင့်မြှင်တင်ခြင်းနှင့် နည်းပညာ အထောက်အကူပြုစနစ် တည်ဆောက်ရန်အတွက် ဒေါ်လာ ငါးသန်း၊ အဆိုပါ ဝန်ကြီးဌာန ဝန်ထမ်းများ၏ အရည်အသွေး မြှင့်တင်ခြင်းအတွက် ဒေါ်လာ သုံးသန်း၊ စုစုပေါင်း ဒေါ်လာ ၇၅ သန်းကို စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနအား သုံးစွဲခွင့်ပြုရန် တင်ပြခြင်းဖြစ်သည်။

ကမ္ဘာ့ဘဏ်က ချေးယူမည့် ငွေပမာဏစုစုပေါင်း၏ လက်ကျန် ၂၅ သန်းကိုမူ မြန်မာနိုင်ငံတော်ဗဟိုဘဏ်က သုံးစွဲရန် ပြည်ထောင်စုအစိုးရအဖွဲ့က လျာထားသည်။ ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဒေါ်ခင်စောဦးက “လုပ်ငန်းစီမံကိန်းလေးခုကို အကောင်အထည်ဖော် ဆောင်ရွက်ဖို့ဖြစ်ပါတယ်” ဟု ပြည်ထောင်စုလွှတော်တွင် ရှင်းလင်းပြောကြားသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးနှင့် ငွေရေးကြေးရေးလုပ်ငန်းဆိုင်ရာ သင်တန်းကျောင်း ဖွင့်လှစ်ရေးအတွက် ဒေါ်လာ ခြောက်သန်း၊ နည်းပညာအထောက်အကူပြုစနစ် တည်ထောင်ခြင်း၊ လူသားအရင်းအမြစ်ဖွံ့ဖြိုးရေး အဖွဲ့အစည်းဆိုင်ရာ ဖွံ့ဖြိုးမှုအစီအစဉ်ရေးဆွဲခြင်းနှင့် ငွေကြေးစီမံခန့်ခွဲခြင်းလုပ်ငန်းစဉ် အဆင့်မြှင့်တင်ရန် ဒေါ်လာ နှစ်သန်း၊ ငွေပေးချေမှုစနစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေါ်လာ ၁၅ သန်း၊ ဝန်ထမ်းများ အရည်အသွေးမြှင့်တင်ခြင်းအတွက် ဒေါ်လာ နှစ်သန်း၊ စုစုပေါင်း ဒေါ်လာ ၂၅ သန်း သုံးစွဲရန် စီစဉ်ထားသည်။

ထိုကဲ့သို့ ချေးယူရခြင်းမှာ တရားဝင်ငွေကြေးဝန်ဆောင်မှုကို အရွယ်ရောက်ပြီးသူ ၃၀ ရာခိုင်နှုန်းသာ ရရှိခံစားနိုင်ခြင်း၊ သုံးစွဲနိုင်သည့် ပြည်သူဦးရေ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ ဆင်းရဲမှုလျှော့ချရေး၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ချေးငွေနှင့် ငွေကြေးဝန်ဆောင်မှု အကန့်အသတ်များ ရှိနေခြင်းတို့ကြောင့် ဖြစ်သည်ဟု သက်ဆိုင်ရာ အဖွဲ့အစည်းများက အကြောင်းပြထားသည်။

ထို့အတူ ငွေကြေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေခြင်းဖြင့် နိုင်ငံ၏ စီးပွားရေး စွမ်းဆောင်နိုင်မှု မြင့်မားလာစေနိုင်ခြင်း၊ ယှဉ်ပြိုင်နိုင်စွမ်းရှိပြီး ဈေးကွက်ကို အခြေပြုသည့် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုကဏ္ဍပေါ်ထွန်းလာခြင်းဖြင့် စီးပွားရေးတည်ငြိမ်မှုနှင့် ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ပြုစေခြင်း၊ အားလုံး ပါဝင်ဆောင်ရွက်နိုင်မည့် ငွေရေးကြေးရေးကဏ္ဍ ဝန်ဆောင်မှုအစီအစဉ်အတွက် အထောက်အပံ ပြုနိုင်ခြင်းတို့ ရရှိနိုင်မည်ဟုလည်း ဆိုထားသည်။

စီမံကိန်းများအောင်မြင်စေရန် အကောင်အထည်ဖော်မှု ကြီးကြပ်ရေးကော်မတီ ဖွဲ့စည်းမည်ဖြစ်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့ နီးကပ်စွာ ပူးပေါင်းဆောင်ရွက်သွားမည်ဟုလည်း လာရောက်ရှင်းလင်းသည့် ဌာနအကြီးအကဲ နှစ်ဦးက ပြည်ထောင်စုလွှတ်တော်တွင် ပြောကြားသည်။

ကမ္ဘာ့ဘဏ်မှ ရယူမည့် အဆိုပါ ချေးငွေသည် အတိုးမဲ့ဖြစ်သော်လည်း ဝန်ဆောင်ခအဖြစ် စုစုပေါင်းပမာဏ၏ ၀ ဒသမ ၇၅ ရာခိုင်နှုန်းကို နှစ်စဉ် ပေးသွင်းရန် မြန်မာနိုင်ငံက တာဝန်ရှိမည်ဖြစ်သည်။ ချေးငွေကာလ သတ်မှတ်ချက်မှာ သက်တမ်းမှာ ၃၈ နှစ်ဖြစ်ပြီး ၃၂ နှစ်အတွင်း ပြန်ဆပ်ရန် သတ်မှတ်ထားသည်။ သို့သော် ဆိုင်းငံ့ကာလ ခြောက်နှစ်ကိုလည်း ကမ္ဘာ့ဘဏ်က ခံစားခွင့်ပြုထားသည်။

အဆိုပါကိစ္စကို လာမည့်ရက်သတ္တပတ်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ဆွေးနွေးဖွယ်ရှိသည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar