အစိုးရသစ် တစ်နှစ်တာ အောင်မြင်မှု မအောင်မြင်မှုများ

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီအစိုးရရဲ့ အကြီးမားဆုံး အောင်မြင်မှုကတော့ တပ်မတော် စစ်ခေါင်းဆောင်တွေနဲ့ တိုင်းပြည်အာဏာကို ခွဲဝေ အုပ်ချုပ်နိုင်ခြင်းပါ။ ဒါပေမဲ့ စီးပွားရေးကဏ္ဍ အောင်မြင်တိုးတက်ဖို့ ကျားကုပ်ကျားခဲ ကြိုးပမ်းရဦးမှာ ဖြစ်ပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ဧပြီလ ၁ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ တာဝန်ယူတာ သက်တမ်း တစ်နှစ် ရှိခဲ့ပါပြီ။

ရွေးကောက်ပွဲ ပြီးကာစ ၂၀၁၅ ခုနှစ်အကုန် ကာလတုန်းက အင်န်အယ်လ်ဒီ အစိုးရ ပေါ်ပေါက်လာပါ့မလား ဆိုပြီး စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်ခဲ့ကြဖူးပေမဲ့ ဒီကနေ့ တစ်နှစ်တာကာလကိုတောင် ဖြတ်သန်းနိုင်ခဲ့ပါပြီ။ အင်န်အယ်လ်ဒီပါတီ ထိပ်တန်းခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဦးဝင်းထိန်ကတော့ အင်န်အယ်လ်ဒီ အစိုးရ တစ်နှစ်တာကာလ ရပ်တည်နေနိုင်တာကိုက အောင်မြင်မှုကြီးတစ်ရပ်လို့ ပြောပါတယ်။

သူ ဆိုလိုတာက တပ်မတော်ရဲ့ အရိပ်လွှမ်းမိုးမှု မကင်းသေးတဲ့၊ စစ်အာဏာရှင်စနစ် လုံးလုံး ပြန်မလာတော့ပါဘူးလို့ အာမ မခံနိုင်သေးတဲ့ ဒီကနေ့လို ကာလမျိုးမှာ ပြည်သူလူထု ရွေးကောက်တင်မြှောက်လိုက်တဲ့ အစိုးရတစ်ရပ် တစ်နှစ်တာကာလကို ဖြတ်သန်းနိုင်တာကိုက အောင်မြင်မှု တစ်ခုလို့ သတ်မှတ်ပြောဆိုပုံရပါတယ်။

တစ်နှစ်တာကာလ အင်န်အယ်လ်ဒီအစိုးရ ဘာတွေ အောင်မြင်မှု ရခဲ့သလဲ၊ ဘယ်နေရာတွေမှာတော့ မအောင်မမြင် ဖြစ်နေသလဲ၊ အခုလိုပဲ တိုင်းပြည်ကို ဆက်ပြီး စီမံအုပ်ချုပ်သွားနိုင်ဦးမလားဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီအစိုးရရဲ့ အကြီးမားဆုံး အောင်မြင်မှုကတော့ တပ်မတော် စစ်ခေါင်းဆောင်တွေနဲ့ တိုင်းပြည်အာဏာကို ခွဲဝေ အုပ်ချုပ်နိုင်ခြင်းပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ တသီးတခြား ရပ်တည်နေတဲ့ တပ်မတော်ဟာ လွှတ်တော်အသီးသီးမှာ ၂၅ ရာခိုင်နှုန်း နေရာယူထားရုံမက ဒုသမ္မတ တစ်နေရာ၊ ကာကွယ်ရေး၊ ပြည်ထဲရေးနဲ့ နယ်စပ်ရေးစတဲ့ ဝန်ကြီးဌာန သုံးနေရာ ရယူထားပါတယ်။

အုပ်ချုပ်ရေး အာဏာပိုင် အဆင့်ဆင့်ဟာ တပ်မတော် စစ်ဗိုလ်ချုပ် တစ်ယောက်က ဦးဆောင်တဲ့ ပြည်ထဲရေး ဝန်ကြီးဌာန လက်အောက်မှာ ရှိလေတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီဟာ အစိုးရအာဏာကို ရပေမဲ့ တိုင်းပြည်ကို တကယ်အုပ်ချုပ်မှာက တပ်မတော်ကပါပဲ ဆိုတဲ့ ဝေဖန်မှုမျိုးတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဒီလို အခြေအနေအောက်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်စစ်ခေါင်းဆောင်တွေနဲ့ အပေးအယူ အညှိအနှိုင်း၊ စေ့စပ်မှုတွေလုပ်ပြီး တိုင်းပြည်ကို အာဏာခွဲဝေ အုပ်ချုပ်နိုင်တာကိုတော့ အောင်မြင်မှုတစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီအစိုးရ အောင်မြင်မှုအရဆုံး နယ်ပယ်ကတော့ နိုင်ငံတကာ ဆက်ဆံရေးနယ်ပယ်ဆိုပြီး အားလုံးက အသိအမှတ်ပြုကြပါတယ်။ နှစ်ပေါင်းများစွာ နိုင်ငံအပေါ် ဖိစီးနေတဲ့ အမေရိကန်၊ ဥရောပနဲ့ အနောက်နိုင်ငံတွေရဲ့ စီးပွားရေးအရ အရေးယူဒဏ်ခတ် ပိတ်ဆို့မှု လုပ်ထားတာကို ရုပ်သိမ်းသွားအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာ့အင်အားကြီး အမေရိကန် ပြည်ထောင်စု၊ စီးပွားရေး၊ စစ်ရေး အင်အားကြီးမားလာတဲ့ အိမ်နီးချင်းတရုတ်နဲ့ ဂျပန်အပါအဝင် နိုင်ငံတကာ ဆက်ဆံရေးကိုလည်း အကောင်းဆုံး အနေအထားဖြစ်အောင် တည်ဆောက်နိုင်ခဲ့တဲ့အတွက် သူ့ကို ချီးကျူးကြပါတယ်။

နောက်ထပ် အရေးကြီးတဲ့ အောင်မြင်မှုကတော့ လူ့အခွင့်အရေး အဆင့်အတန်း တိုးတက်လာတာပါ။ ရခိုင်ပြည်နယ်၊ ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ စစ်ပွဲတွေကြောင့် လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ နိုင်ငံတကာ အသိုင်းအဝိုင်းက စွပ်စွဲနေတဲ့တိုင် တစ်တိုင်းပြည်လုံး အတိုင်းအတာနဲ့ကတော့ သိသိသာသာ တိုးတက်လာတာ တွေ့နိုင်ပါတယ်။

လုပ်ခလစာ တိုးတက်မှုနှုန်း နှေးကွေးနေပြီး ငွေဖောင်းပွမှုနှုန်းနဲ့ ကုန်ဈေးနှုန်း မြင့်တက်မှုက ပိုမြန်ဆန် မြင့်မားလေတော့ သာမန်ပြည်သူတွေကိုလည်း အခက်အခဲ အကြီးအကျယ် တွေ့စေပါတယ်။ အဂတိလိုက်စား၊ အပေးအယူလုပ်တဲ့ အနေအထားနဲ့ပဲ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ စီးပွားရေး လုပ်ငန်းရှင် သူဌေးကြီးတွေကလည်း အင်န်အယ်လ်ဒီ အစိုးရသစ်လက်ထက်မှာ ဘယ်နည်းဘယ်ပုံ စီးပွားရေး လုပ်ရမလဲ၊ လမ်းစ ရှာမတွေ့သေးဘဲ တဝဲလည်လည် ဖြစ်နေတာကလည်း စီးပွားရေးကို နှေးကွေးစေပါတယ်။

ပြည်သူလူထုဟာ အရင် ခေတ်အဆက်ဆက်တုန်းကလို အာဏာပိုင်မျိုးစုံကို အကြောင်းမဲ့ ကြောက်ရွံ့နေရတဲ့ အနေအထား ကုန်ဆုံးသွားခဲ့ပြီ ဖြစ်ပါတယ်။ ပြောရဲဆိုရဲ ရှိလာကြပြီး အာဏာပိုင်တချို့ရဲ့ မလျော်ကန်တဲ့ အပြုအမူမျိုးကိုလည်း ရင်ဆိုင်ဖို့ ဝန်မလေးတော့ပါဘူး။

အထူးခြားဆုံးကတော့ “ နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် လုံခြုံမှုကို ကာကွယ်ပေးရေး ဥပဒေ” လိုမျိုးကို အတည်ပြုပေးလိုက်နိုင်တာလည်း သမိုင်းဝင် ဖြစ်ရပ်ပါပဲ။ အရင်ခေတ်တလျှောက်လုံး ပြဋ္ဌာန်းခဲ့တဲ့ ဥပဒေတွေမှန်သမျှ ပြည်သူတွေကို ဟိုဟာမလုပ်နဲ့ ဒီဟာ မလုပ်နဲ့၊ ကျူးလွန်ရင် ထောင်ဒဏ် ငွေဒဏ် ဘယ်လောက်ချမယ်ဆိုပြီး စည်းနှောင်တဲ့ ဥပဒေတွေ ဖြစ်ခဲ့ပြီး အခု ဥပဒေကတော့ အာဏာပိုင်တွေကို ပြည်သူလူထုရဲ့ လူ့အခွင့်အရေး မချိုးဖောက်ရ၊ ချိုးဖောက်ရင် ထောင်ဒဏ် ဘယ်လောက်၊ ငွေဒဏ်ဘယ်လောက်ချမယ် ဆိုပြီး စည်းနှောင်တာမျိုး ဖြစ်နေလို့ပါပဲ။ ဒါ့အပြင် တခြားအောင်မြင်မှုတွေ ရှိပေမဲ့လည်း ဒီအချက်တွေကတော့ အဓိက အောင်မြင်မှုတွေလို့ ခေါ်ဆိုနိုင်ပါတယ်။

အင်န်အယ်လ်ဒီ အစိုးရရဲ့ အဓိက မအောင်မမြင် ဖြစ်ရတာကတော့ စီးပွားရေး ကဏ္ဍမှာပါ။ စီးပွားရေး အရေးယူပိတ်ဆို့မှု ဆိုင်ရှင် ရုပ်သိမ်းသွားပေမဲ့ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်မလာသေးသလို အလုပ်အကိုင် အခွင့်အလမ်းတွေလည်း များများစားစား မဖန်တီးပေးနိုင်သေးပါဘူး။ ဒီအတွက် ပြည်ပထွက် အလုပ်လုပ်ကိုင်သူ အရေအတွက်လည်း မြင့်တက်နေဆဲပါ။

လုပ်ခလစာ တိုးတက်မှုနှုန်း နှေးကွေးနေပြီး ငွေဖောင်းပွမှုနှုန်းနဲ့ ကုန်ဈေးနှုန်း မြင့်တက်မှုက ပိုမြန်ဆန် မြင့်မားလေတော့ သာမန်ပြည်သူတွေကိုလည်း အခက်အခဲ အကြီးအကျယ် တွေ့စေပါတယ်။ အဂတိလိုက်စား၊ အပေးအယူလုပ်တဲ့ အနေအထားနဲ့ပဲ ရင်းနှီးကျွမ်းဝင်ခဲ့တဲ့ စီးပွားရေး လုပ်ငန်းရှင် သူဌေးကြီးတွေကလည်း အင်န်အယ်လ်ဒီ အစိုးရသစ်လက်ထက်မှာ ဘယ်နည်းဘယ်ပုံ စီးပွားရေး လုပ်ရမလဲ၊ လမ်းစ ရှာမတွေ့သေးဘဲ တဝဲလည်လည် ဖြစ်နေတာကလည်း စီးပွားရေးကို နှေးကွေးစေပါတယ်။

ဒါပေမဲ့ အင်န်အယ်လ်ဒီ ခေါင်းဆောင် ဦးဝင်းထိန်ကတော့ တစ်နှစ်တာကာလအတွင်း ကောင်းမွန်တဲ့ ရင်းနှီးမြှုပ်နှံမှု ဥပဒေ မရှိလို့ အခုလို ဖြစ်ရတာ၊ ခုဆို အဲဒီဥပဒေ ပြဋ္ဌာန်းပြီးပြီ၊ ဒါကြောင့် ၂၀၁၇-၁၈ ခုနှစ်ဟာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု စပြီးမြင်ရမယ့် နှစ်ဖြစ်လိမ့်မယ်လို့ ဟောကိန်းထုတ်နေပါတယ်။ ဒါပေမဲ့ သိပ်ပြီး လွယ်ကူလိမ့်မယ်လို့တော့ မမျှော်မှန်းနိုင်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအာဏာရလာကတည်းက လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး ရအောင်တည်ဆောက်မယ် ဆိုပြီး ပြောလည်းပြော၊ ထိပ်တန်း ဦးစားပေး တာဝန်တစ်ရပ်အနေနဲ့ သဘောထားပြီး လုပ်လည်းလုပ်ပါတယ်။ဒါပေမဲ့လည်း အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်က ရပြီးသား အောင်မြင်မှုတွေထက်ပိုတဲ့ နောက်ထပ် ရလဒ် မရှိသေးပါဘူး။

လက်နက်ကိုင် အင်အားကြီးတဲ့ ဝ နဲ့ ကချင်တပ်ဖွဲ့တွေကတောင် လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ကိုင်စွဲထားတဲ့ NCA လမ်းကြောင်းကို လက်မခံကြောင်းပြောပြီး စိန်ခေါ်မှုအသစ်တွေ လုပ်နေပါပြီ။ အလားတူ ရခိုင်ပြည်နယ်က ပဋိပက္ခ ပြဿနာ ကိုင်တွယ်ရာမှာလည်း အတိုက်အခံပြုမှုတွေ အများကြီးကြုံရပြီး ရှေ့ကို သိပ်မတိုးနိုင်သေးပါဘူး။ဒီကြားထဲ ဒေသခံ မူဆလင် အကြမ်းဖက်သမားတွေက နယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်းတွေကို ဝင်ရောက်တိုက်ခိုက် သတ်ဖြတ်ခဲ့ကြတဲ့အတွက် အခြေအနေ ပိုလို့တောင် ဆိုးသွားစေခဲ့ပါသေးတယ်။

ဒါ့အပြင် အစိုးရသစ်ဟာ နဂိုက ကြွေးကြော်ထားတဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးလို၊ တရားဥပဒေ စိုးမိုးရေးလို၊ တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်အောင် ပြုပြင်ရေးလို ကိစ္စမျိုးတွေမှာလည်း သိသာတဲ့ အောင်မြင်မှုရအောင် မစွမ်းဆောင်ပြနိုင်သေးပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် အင်န်အယ်လ်ဒီ အစိုးရဟာ တစ်နှစ်တာကာလကို အောင်အောင်မြင်မြင် ဖြတ်သန်းပြီးခဲ့ပါပြီ။ ရှေ့ရှောက် အောင်မြင်မှု ဘယ်လောက် ရမလဲ ဆိုတာကတော့ တပ်မတော်နဲ့ ဘယ်လောက် အဆင်ပြေပြေ ဆက်ဆံရေးမျိုး တည်ဆောက်နိုင်မလဲ၊ လွှတ်တော်နဲ့ အစိုးရအဖွဲ့ ဘယ်လောက် အရည်အချင်း ရှိသလဲဆိုတဲ့ အချက်တွေအပေါ်မှာ တည်မှီနေမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar