အစိုးရသစ်အတွက် အရေးအကြီးဆုံး စိန်ခေါ်မှု သုံးခု

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ၂၀၁၅ ဒီဇင်ဘာ ၂ ရက်က နေပြည်တော်၌ တွေ့ဆုံနွေးအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - ဖြိုးဟိန်းကျော်/အေအက်ဖ်ပီ

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့အား ၂၀၁၅ ဒီဇင်ဘာ ၂ ရက်က နေပြည်တော်၌ တွေ့ဆုံနွေးအပြီး တွေ့ရစဉ်။ ဓာတ်ပုံ – ဖြိုးဟိန်းကျော်/အေအက်ဖ်ပီ

 အင်န်အယ်လ်ဒီ အစိုးရဟာ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုတွေ၊ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လုပ်ငန်းစဉ်တွေ အောင်မြင်ဖို့ရာ စိန်ခေါ်မှု သုံးခုကို မလွဲမသွေ ရင်ဆိုင်ရဖို့ရှိပြီး အဲသည် စိမ်ခေါ်မှုအားလုံးဟာလည်း တပ်မတော်နဲ့ လက်တွဲဆောင်ရွက်မှုတွေနဲ့ ဆက်စပ်နေကြောင်း တင်ပြလိုက်ရပါတယ်

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ မတ်လ ၃၀ ရက် နေ့လယ် ၁၁ နာရီ ၄၅ မိနစ် အချိန်ကစ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ အဖွဲ့သစ်ဟာ တိုင်းပြည်ရဲ့ တာဝန်တွေကို လွဲှပြောင်းရယူလိုက်ပါပြီ။

သမိုင်းဝင် ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ပထမအဆင့်ကို အောင်အောင်မြင်မြင် ချောချောမွေ့မွေ့ ဖြတ်သန်းနိုင်ခဲ့တယ်လို့ ပြောနိုင်ပြီ ဖြစ်ပါတယ်။ အင်န်အယ်လ်ဒီဟာ အစိုးရအဖွဲ့ကို ချုပ်ကိုင်နိုင်ရုံမက လွှတ်တော်မှာလည်း အမတ်အများစုက လွှမ်းမိုးထားတာမို့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ ညီရင် ဘယ်ကိစ္စကိုမဆို လွယ်လွယ်ကူကူ ဥပဒေပြုလို့ ရနိုင်ပြီ ဖြစ်ပါတယ်။

အင်န်အယ်လ်ဒီမှာ အားကောင်းတဲ့ လွှတ်တော်နဲ့ အစိုးရအဖွဲ့ ရှိသွားပြီလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့လည်း ဖွဲ့စည်းပုံအရ တိုင်းပြည်မှာ လက်နက်ကိုင်တပ်ဖွဲ့ဟာ သူ့ဖာသာသူ သီးခြား ရပ်တည်တဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် တည်ရှိနေပါသေးတယ်။

လွှတ်တော်အသီးသီးမှာ အမတ် ၂၅ ရာခိုင်နှုန်း နေရာယူထားဆဲဖြစ်ပြီး အရေးပါတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး နဲ့ နယ်စပ်ရေးလို ဝန်ကြီးဌာန သုံးခုကိုလည်း ချုပ်ကိုင်ထားပါတယ်။ ဒီလို အခြေအနေအောက်မှာ အင်န်အယ်လ်ဒီ အစိုးရသစ်အနေနဲ့ တိုင်းပြည်က လိုအပ်နေတဲ့ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စတွေကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ပါ့မလား၊ ဘယ်လို စိန်ခေါ်မှုတွေ ရှိနေမလဲ ဆိုတာ ဒီတစ်ပတ် ဆွေးနွေးတင်ပြသွားပါ့မယ်။

အင်န်အယ်လ်ဒီ အစိုးရအဖွဲ့အတွက် အဓိက လိုအပ်ချက်ဟာ တိုင်းပြည်ကို တည်တည်ငြိမ်ငြိမ်နဲ့ စီမံခန့်ခွဲ အုပ်ချုပ်ခွင့်ရဖို့ ဖြစ်ပြီး စစ်အာဏာသိမ်းတာမျိုးလို နောက်ပြန်လှည့်တဲ့ အခြေအနေ ပြန်ရောက်မသွားစေဖို့ပါ။

ဒီလို အန္တရာယ်မျိုး ရှိနေသေးသလားလို့ မေးရင် ရှိနေသေးတယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဒါကြောင့် အင်န်အယ်လ်ဒီ အတွက် အရေးအကြီးဆုံးသော စိန်ခေါ်ချက်ဟာ တပ်မတော် စစ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေးကောင်းဖို့၊ အသွင်ကူးပြောင်းရေးမှာ တပ်မတော် ပါဝင် ပူးပေါင်းလာအောင် စည်းရုံးနိုင်ဖို့ ဖြစ်ပါတယ်။

ရွေးကောက်ပွဲ မတိုင်ခင်နဲ့ ရွေးကောက်ပွဲအပြီး အင်န်အယ်လ်ဒီနဲ့ ပြည်သူတွေအကြား ဖြစ်ပေါ်ခဲ့တဲ့ စိုးရိမ်ပူပန်မှု တစ်ခုကတော့ အင်န်အယ်လ်ဒီသာ အနိုင်ရရင် အဲဒီ ရလဒ်ကို တပ်မတော်ဘက်က အသိအမှတ်ပြုပါ့မလား၊ အသွင်ကူးပြောင်းရေးကို ပါဝင်ပူးပေါင်း ဆောင်ရွက်မလား ဆိုတာပါ။

အကြောင်းကတော့ အရင် စစ်အစိုးရ အဆက်ဆက် ဒီလို အခြေအနေမျိုးကို တစ်ကြိမ်မှ လက်သင့်မခံခဲ့ကြလို့ပါ။ ကြားကာလမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်တို့အကြား အဖုအထစ်လေးတွေလည်း ရှိခဲ့ပါသေးတယ်။ ဒေါ်အောင်ဆန်းစုကြည်က သမ္မတ ဖြစ်ရေး၊ ဖွဲ့စည်းပုံပါ ပုဒ်မ ၅၉(စ) ကို ယာယီ ဆိုင်းငံ့ထားရေး တပ်ချုပ်က လက်မခံခဲ့သလို၊ တပ်ချုပ်ဘက်က တောင်းဆိုတဲ့ ရန်ကုန်၊ ရှမ်း၊ ကချင်နဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်တွေအဖြစ် တပ်မတော်အရာရှိတွေကို ခန့်အပ်ပေးဖို့ ကိစ္စ ဒေါ်စုက ငြင်းပယ်ခဲ့တဲ့ ကိစ္စပါ။

ဒါ့အပြင် သမ္မတ ရွေးချယ်ရေးကိစ္စ၊ ဖွဲ့စည်းပုံ ခုံရုံး အဖွဲ့ဝင် ခန့်အပ်ရေး ကိစ္စလိုမျိုးတွေမှာလည်း လွှတ်တော်ထဲ အင်န်အယ်လ်ဒီ နဲ့ တပ်မတော်သား အမတ်တွေ သဘောထားကွဲလွဲ၊ ထိခဲ့ ငြိခဲ့တာတွေလည်း ရှိခဲ့ပါသေးတယ်။ နောက်ထပ်လည်း ဒါမျိုး ဖြစ်ပေါ်လာနိုင်စရာတွေ ရှိနေပါသေးတယ်။

လက်ရှိ အခြေအနေမျိုး တပ်မတော် စစ်ခေါင်းဆောင်တွေကိုယ်တိုင် မကြုံဖူးကြသလို ကြီးပွားချမ်းသာနေကြတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ သူတို့ အဆက်အနွှယ် အသိုင်းအဝိုင်း တွေကလည်း ဒီအခြေအနေကို ကျေနပ်ကြမှာ မဟုတ်လို့ပါပဲ။ အဲဒီလူတွေဟာ တပ်မတော် စစ်ခေါင်းဆောင်တွေကို နောက်ကြောင်းပြန်လှည့်ဖို့ အမြဲတန်း အားပေး အားမြှောက် သွေးထိုးလှုံ့ဆော်နေမှာကတော့ မလွဲပါဘူး။

ပြီးခဲ့တဲ့ မတ်လ ၂၇ ရက် တပ်မတော်နေ့မှာတောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က နိုင်ငံ ဒီမိုကရေစီကို ဖော်ဆောင်ရာမှာ အဓိက နှောင့်ယှက်ဟန့်တားမှု နှစ်ခုရှိတဲ့အကြောင်း၊ တစ်ခုကတော့ လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေကို လေးစားလိုက်နာမှု အားနည်းခြင်းနဲ့ လက်နက်ကိုင်သောင်းကျန်းမှု ရှိနေခြင်းပဲ ဖြစ်တဲ့အကြောင်း၊ ဒီအခြေအနေဟာ ပရမ်းပတာ ဒီမိုကရေစီကို ဦးတည်သွားစေနိုင်ကြောင်း ဆိုပြီး ပြောခဲ့ပါသေးတယ်။

ပြောရရင် မြန်မာနိုင်ငံဟာ အဆင်မပြေရင် နောက်ကြောင်းပြန်လှည့်သွားနိုင်တဲ့ အခြေအနေ ရှိနေပါသေးတယ်။ အကြောင်းကတော့ လက်ရှိ အခြေအနေမျိုး တပ်မတော် စစ်ခေါင်းဆောင်တွေကိုယ်တိုင် မကြုံဖူးကြသလို ကြီးပွားချမ်းသာနေကြတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေနဲ့ သူတို့ အဆက်အနွှယ် အသိုင်းအဝိုင်း တွေကလည်း ဒီအခြေအနေကို ကျေနပ်ကြမှာ မဟုတ်လို့ပါပဲ။ အဲဒီလူတွေဟာ တပ်မတော် စစ်ခေါင်းဆောင်တွေကို နောက်ကြောင်းပြန်လှည့်ဖို့ အမြဲတန်း အားပေး အားမြှောက် သွေးထိုးလှုံ့ဆော်နေမှာကတော့ မလွဲပါဘူး။

ဒါကြောင့် အင်န်အယ်လ်ဒီဟာ တပ်မတော်နဲ့ ဆက်ဆံရေး ကောင်းမွန်ရေး၊ တစ်နည်း အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးကို ခိုင်မာတဲ့ ပေါ်လစီ တစ်ရပ် ချမှတ်ပြီး အကောင်အထည်ဖော်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ တပ်မတော် စစ်ခေါင်းဆောင်တွေနဲ့ ဆက်ဆံရေး အဆင်မပြေရင် အင်န်အယ်လ်ဒီဟာ တိုင်းပြည်နဲ့ ပြည်သူတွေအတွက် ဘာအလုပ်မှ ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်ပါဘူး။

နောက်ထပ် အရေးကြီး စိန်ခေါ်မှုကတော့ တိုင်းပြည်ကို စီးပွားဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ဖို့ ဖြစ်ပြီး အဲဒီ အကျိုးရလဒ်တွေကို သန်းပေါင်းများစွာသော အောက်ခြေ ပြည်သူလူထုကြီး ခံစားနိုင်အောင် ဆောင်ကျဉ်းပေးနိုင်ဖို့ ဖြစ်ပါတယ်။

နိုင်ငံတကာ အတွေ့အကြုံအရ အောင်မြင်တဲ့ အသွင်ကူးပြောင်းရေး အစိုးရတွေဟာ စီးပွားရေးကို အောင်မြင်အောင် ဆောင်ကျဉ်းပေးနိုင်တာ တွေ့ရပါတယ်။ တိုင်းပြည် စီးပွားရေးကောင်းအောင် မလုပ်နိုင်ရင်၊ စီးပွားရေးရဲ့ အသီးအပွင့်ကို အောက်ခြေ ပြည်သူလူထု မခံစားရရင် တည်ငြိမ်မှု ပျက်ပြားပြီး နောက်ကြောင်းပြန်လှည့်ချင်သူတွေ အကြိုက်တွေ့သွားစေနိုင်လို့ ဖြစ်ပါတယ်။

တတိယ စိန်ခေါ်မှုကတော့ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းရေးနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေးပါ။ လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းအောင် မတည်ဆောက်နိုင်ရင်၊ ငြိမ်းချမ်းရေးကို အရယူ မပေးနိုင်ရင် တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ရာမှာလည်း အခက်အခဲ အများကြီး ကြုံရနိုင်လို့ ဖြစ်ပါတယ်။ ဒီနေရာမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီဟာ တပ်မတော် စစ်ခေါင်းဆောင်တွေကိုရော၊ လက်နက်ကိုင် တိုင်းရင်းသား စစ်ဘုရင်တွေကိုပါ တစ်ပြိုင်နက်တည်း စည်းရုံးဆွဲဆောင်ကြရမှာ ဖြစ်ပါတယ်။

နှစ်ပေါင်း ၇၀ နီးပါးကြာခဲ့ပြီဖြစ်တဲ့ ပြည်တွင်းစစ်၊ ရာစုနှစ်နဲ့ချီ ဖြစ်ပေါ်ခဲ့တဲ့ သွေးကွဲမှု၊ သယံဇာတ ခွဲဝေမှု၊ ကိုယ်ကျိုးစီးပွား စတဲ့ ပြဿနာပေါင်းစုံ ရောယှက်နေတဲ့ ပြည်တွင်းစစ်နွံထဲက ထွက်ဖို့ရာ လွယ်ကူတဲ့ အလုပ်မဟုတ်ပါဘူး။ ဒီ စိန်ခေါ်မှုကို မဖြေရှင်းနိုင်ရင်လည်း နောက်ကြောင်း ပြန်လှည့်သွားနိုင်တဲ့ အန္တရာယ် တစ်ချိန်မဟုတ် တစ်ချိန်မှာ ပြန်ပြီး ပေါ်ပေါက်လာနိုင်ပါတယ်။

ခြုံပြီးပြောရရင် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အတွက် နိမ့်ကျပျက်စီးနေတဲ့ နိုင်ငံကနေ စိန်ခေါ်မှုပေါင်းများစွာ စောင့်ကြိုနေပါတယ်။ ဒီအထဲမှာမှ တင်ပြခဲ့တဲ့ စိန်ခေါ်မှု သုံးခုကတော့ အရေးအကြီးဆုံး ဖြစ်ပြီး အင်န်အယ်လ်ဒီ အနေနဲ့ မလွဲမသွေ ရင်ဆိုင်ကျော်ဖြတ်ရမှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar