အစိုးရနှင့် တပ်မတော်အကြား အပြန်အလှန် ဆွေးနွေးမှုများရှိဟု ဦးဇော်ဌေး ပြောကြား

သတင်းထုတ်ပြန်မှုတွေ မပြုလုပ်ပေမယ့် အစိုးရနဲ့ တပ်မတော်တို့အကြား ကိစ္စရပ်အလိုက် တွေ့ဆုံဆွေးနွေးမှုတွေ ရှိတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။

“ကျွန်တော်တု့ိ သတင်းမထုတ်တာဘဲ ရှိတယ်။ နှစ်ယောက်တည်း တွေ့တာတွေ ရှိတယ်” လို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့ တွေ့ဆုံမှုတွေကို ရည်ညွှန်းပြီး ဦးဇော်ဌေးက ပြောပါတယ်။

အောက်တိုဘာ ၅ ရက်နေ့က သမ္မတအိမ်တော်မှာ ပြုလုပ်တဲ့ နှစ်ပတ်တစ်ကြိမ် ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ သူက အဲဒီလို ပြောကြားခဲ့တာ ဖြစ်ပါတယ်။ တပ်မတော်နဲ့ အရပ်သားအစိုးရတို့အကြား ဆက်ဆံရေးယိုယွင်းနေတယ်ဆိုပြီး ပြင်ပမှာ သတင်းတွေ ထွက်ပေါ်နေမှုနဲ့ ပတ်သက်ပြီး သူက ဖြေကြားခဲ့တာပါ။

အဲဒီလို ခေါင်းဆောင်နှစ်ဦးတည်း တွေ့ဆုံမှုတွေအပြင် ကိစ္စရပ်အလိုက် အဖွဲ့ဝင်ကိုယ်စားလှယ်တွေ ပါဝင်တဲ့ တွေ့ဆုံဆွေးနွေးမှုတွေလည်း ရှိတယ်လို့ သူက ပြောပါတယ်။

“Issue အလိုက် ကျွန်တော်တို့တွေ့တဲ့ အချိန်တွေမှာ နှစ်ယောက်တည်း မဟုတ်ဘူး။ ကျန်တဲ့ ဘေးက အဖွဲ့ဝင်တွေ၊ ကိုယ်စားလှယ်တွေပါတယ်။ အနည်းစုပေါ့။ အဲဒီလို တွေ့ဆုံတာ ရှိတယ်” လို့ ဦးဇော်ဌေးက ပြောပါတယ်။

ရခိုင်ကိစ္စ၊ အပြည်ပြည်ဆိုင်ရာ ပြစ်မှုခုံရုံး(အိုင်စီစီ) ကိစ္စတွေနဲ့ ပတ်သက်ပြီး အစိုးရနဲ့ တပ်မတော်ကြားမှာ အပြန်အလှန် ဆွေးနွေးညှိနှိုင်းမှုတွေ ရှိတယ်လို့ သူကဆိုပါတယ်။

တွေ့ဆုံမှုတွေမှာ သမ္မတပါဝင်တဲ့ တွေ့ဆုံမှုတွေ ရှိသလို သမ္မတမပါဝင်ဘဲ ဒေါ်အောင်ဆန်းစုကြည်နှင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှစ်ယောက်တည်း တွေ့ဆုံမှုတွေလည်း ရှိတယ်လို့ သူကပြောပါတယ်။

အစိုးရက တရားဝင် သတင်းထုတ်ပြန်ခဲ့တဲ့ တွေ့ဆုံမှုဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းက ဖြစ်ပါတယ်။

ဒါဟာ လပေါင်းများစွာအတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် နိုင်ငံရဲ့ထိပ်တန်းခေါင်းဆောင်တွေ နေပြည်တော်မှာ ဇွန် ၈ ရက်နေ့ နံနက်ပိုင်းက မျက်နှာစုံညီ တွေ့ဆုံ ဆွေးနွေးခဲ့ကြတာလည်း ဖြစ်ပါတယ်။

အဲဒီ အစည်းအဝေးကို သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုသမ္မတတွေ၊ လွှတ်တော်ဥက္ကဋ္ဌတွေနဲ့ အခြားခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

အဲဒီမတိုင်မီ ပြီးခဲ့တဲ့လများစွာအတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ပထမဆုံးအကြိမ် အတူတူ ပြန်လည်တွေ့ဆုံရတာလည်း ဖြစ်ပါတယ်။

အစည်းအဝေးမှာ “ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR) နှင့် ကုလသမဂ္ဂ ဖွံ့ဖြိုးမှုအစီအစဉ် (UNDP)နှင့် နားလည်မှုစာချွန်လွှာ ရေးထိုးခဲ့သည့် အခြေအနေများ၊ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့စည်းမှု အခြေအနေများ၊ ရှန်ဂရီလာဒိုင်ယာလော့ခ်နှင့် ဆက်စပ်ကိစ္စရပ်များ၊ ရခိုင်ပြည်နယ်နှင့် နယ်စပ်လုံခြုံရေး ကိစ္စရပ်များ စသည်တို့ကို ဆွေးနွေးကြသည်” လို့ သမ္မတရုံး ထုတ်ပြန်ချက်ထဲမှာ ဖော်ပြခဲ့ပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar