အင်္ဂလိပ်စာကို နိုင်ငံခြားဘာသာအဖြစ်ထက်ပို၍ လေ့လာသင်ယူဖို့

မြန်မာနိုင်ငံတွင် အင်္ဂလိပ်စာကို နိုင်ငံခြားဘာသာစကား၊ အငှားဘာသာစကားအဖြစ် အစဉ်အလာအားဖြင့် ရှုမြင်ထားကြသည်။ သို့သော်လည်း အင်္ဂလိပ်စာကို မြန်မာအင်္ဂလိပ်စာဟုခေါ်သော ကမ္ဘာ့ဘာသာစကား တစ်ခုဖြစ်လာအောင် တီထွင်ဖန်တီးပိုင်ဆိုင်သူအဖြစ် သူတို့ကိုယ်သူတို့ သဘောထားလာအောင် လေ့လာသင်ယူသူတို့အား ပြောင်းလဲပေးရန် လိုအပ်ပေသည်။

အီဝမ် ကင်မရွန် ရေးသားသည်။

အင်္ဂလိပ်ဘာသာစကားကို “ကမ္ဘာသုံးဘာသာစကား” ဟု ပြောလိုက်သောအခါ အတိအကျအားဖြင့် မည်သည့်သဘောကို ဆောင်ပါသနည်း။ ထို“ကမ္ဘာသုံးဘာသာစကား” သည် အားလုံးအတွက် သုံးနိုင်အောင် တီထွင်ဖန်တီးထားသော ဘာသာစကား ဖြစ်လာပြီဟု ဆိုနိုင်ပါမည်လား။ သို့မဟုတ် ဗြိတိသျှအင်္ဂလိပ်စာနှင့် အမေရိကန်အင်္ဂလိပ်စာသည်  ကမ္ဘာသုံးဖြစ်လာပြီဟုဆိုပါက ပို၍ မှန်ကန်သည်ဟု ဆိုနိုင်ပါမည်လား။ အမှန်စင်စစ် အဖြေမှာ ယင်းနှစ်ခု၏ အကြားတွင်ရှိသည်။

မြန်မာနိုင်ငံသည် အင်္ဂလိပ်ဘာသာစကားကို တသမတ်တည်း လေ့လာသင်ယူမှု မရှိခဲ့သော်လည်း ယနေ့ခေတ်တွင် အရူးအမူး လိုက်စားလာသော ဘာသာစကား ဖြစ်လာသည်။ ယခုရာစုနှစ်ထဲသို့ ဝင်ရောက်လာချိန်မှစ၍ ပုဂ္ဂလိက အင်္ဂလိပ်စာသင်ကျောင်းများ ထွန်းကားလာခြင်းက ဤအချက်ကို သက်သေပြလျက်ရှိသည်။

သို့ရာတွင် အင်္ဂလိပ်ဘာသာစကားဖြင့် စာအုပ်ထုတ်ဝေမှု များပြားခြင်း၊ အင်္ဂလိပ်ဘာသာစကားကို အသုံးပြုသူ အရေအတွက် များပြားလာခြင်းနှင့် အင်္ဂလိပ်ဘာသာ ဆိုင်းဘုတ်များနှင့် ကျူရှင်သင်တန်းကျောင်းများ အလျှိုလျှို ပေါ်နေသည့်တိုင်အောင် ကိုယ်ပိုင်သုံးဘာသာစကားထက် သူတပါးထံမှ ငှားရမ်းသုံးသော ဘာသာစကားအဖြစ် တည်ရှိနေပြီး အင်္ဂလိပ်ဘာသာစကားသည် မြန်မာပိုင် ဘာသာစကားမဟုတ် ဟူသောအသိက ဆက်လက်ကျန်ရှိနေဆဲဖြစ်သည်။

ဘာသာစကား ဆင့်ကဲဖြစ်စဉ်နှင့်  ကျွန်တော်တို့၏ ဝေါဟာရထဲသို့ စကားလုံးသစ်များ ဝင်ရောက်လာခြင်းသည် နိုင်ငံရေးသဘောအရ အသိရှိရှိဖြင့် ဖန်တီးယူသော အပြုအမူမျိုးမဟုတ်ဘဲ လက်တွေ့ဘဝမှ ဝင်ရောက်လာခြင်းမျိုးဖြစ်သည်။ “သနပ်ခါးလိမ်းသည်” ကို “wearing thanaka”  ဟုပြောလျှင် ရပါလျက် အဘယ့်ကြောင့် “She is wearing a paste of Murraya spp on her cheeks” ဟုပြောပါမည်နည်း။

ဘာသာစကားအားလုံးနည်းတူ အင်္ဂလိပ်ဘာသာစကားသည် ရင်းမြစ်အမျိုးမျိုးမှ စကားလုံးသစ်များကို ရယူလျက် စဉ်ဆက်မပြတ် ဆင့်ကဲဖြစ်ပေါ်လျက်ရှိသည်။ အင်္ဂလိပ်ဘာသာစကားအတွက် မြန်မာဘာသာစကားက ပေးအပ်ထားသော လက်ဆောင်မွန် အများအပြားရှိရာ ခြင်းလုံး၊ လွှတ်တော်၊ သနပ်ခါး၊ ဆရာ၊ ဆရာမ၊ ဘုန်းကြီး၊ သခင်၊ အငြိမ့်၊ ပွဲ၊ ဇာတ်၊ နတ်၊ လုံချည်၊ ထမိန်၊ ပုဆိုး၊ ခေါင်းပေါင်း၊ ပိတောက်၊ ကံ့ကော်၊ အနာ၊ အိုးစည်၊ လက်ဖက်၊ ခေါက်ဆွဲနှင့် ဘုရားစသည်တို့ ပါဝင်သည်။

လက်ဖက်ရည်ဖိုး tea money ၊ ဖန်စီဆိုင် fancy shop ၊ ထန်းရည်ကိုခေါ်ဆိုသည့် စကိုင်းဘီယာ sky beer ၊ လိုင်းကား linecar နှင့် ဆိုက်ကား sidecar စသည့် ဒေသသုံး အီဒီယံနာမ်ပေါင်းများကိုလည်း တွေ့ရသည်။ ယင်းကဲ့သို့သော စကားလုံးများအနက် အနည်းငယ်မျှကိုသာ အင်္ဂလိပ် အဘိဓာန်များတွင် တွေ့ရသည်။

သို့ရာတွင် ယင်းစကားလုံးအများစုမှာ လက်တွေ့လောကတွင် သုံးစွဲနေသော စကားလုံးများဖြစ်ပြီး အင်္ဂလိပ်ဘာသာစကားဖြင့် ပြောဆိုရာတွင် မကြာခဏ အသုံးပြုလေ့ရှိသည်။ တနည်းအားဖြင့် အင်္ဂလိပ်ဘာသာစကားဖြင့် ထုတ်ဝေသော စာအုပ်စာတမ်းများ၌ တွေ့ရတတ်သည်။ ထိုစကားလုံးများကို မြန်မာနိုင်ငံ၌သာမက အခြားနိုင်ငံများတွင်လည်း အသုံးပြုကြသည်။ ဥပမာအားဖြင့် UK Observer တွင် အစားအစာများကို ဖော်ပြရာ၌ “ညနေခင်းတွင် မုန့်ဟင်းခါး၊ လက်ဖက်သုပ်နှင့် ခေါက်ဆွဲတို့ကို ပျော်ရွှင်စွာ သုံးစွဲနိုင်” ကြောင်း ဖော်ပြထားသည်ကိုပင် တွေ့ရသည်။

သို့ရာတွင် ယင်းစကားလုံးများကို အမေရိကန်နှင့် ဗြိတိန်တို့ သြဇာလွှမ်းမိုးထားသော အင်္ဂလိပ်ဘာသာ စာသင်သားများအတွက် ပြဋ္ဌာန်းစာအုပ်များတွင် တွေ့ရမည်မထင်ပါ။ အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်နိုင်ငံတို့တွင် ပုံနှိပ်သော ထိုစာအုပ်များသည် “စံပြုအင်္ဂလိပ်စာ” အဖြစ်သက်သက်သာမက၊ ထိုနိုင်ငံများ၏ ယဉ်ကျေးမှုစံနှုန်းများအဖြစ် ထုတ်ဝေခြင်းလည်းဖြစ်သည်။ (သို့ရာတွင် မြန်မာနိုင်ငံ၌မူ ဒေသဆိုင်ရာအတွက် ရည်ရွယ်ရေးသားထားသော အင်္ဂလိပ်ပြဋ္ဌာန်းစာအုပ်များကို ထုတ်ဝေနေသည့် အက်ဂျူကေးရှား Educasia နှင့် မုခ်ဦး Mote Oo ကဲ့သို့ အဖွဲ့အစည်းများက ယင်းလွှမ်းမိုးမှုကို စိန်ခေါ်လျက်ရှိသည်။)

အင်္ဂလိပ်စာကို “မိခင်ဘာသာစကား” အဖြစ်သုံးသော ဆရာများမှာ “မိခင်ဘာသာမဟုတ်သူ” များထက် ပိုတော်သည်ဟု သတ်မှတ်ခံရကာ ပညာရေးတွင် ဘုရားတစ်ဆူ ဂူတစ်လုံးသဖွယ် အလေးပေးခံရပြီး မြန်မာနိုင်ငံ စာသင်ခန်းများတွင် အမြဲလွှမ်းမိုးလျက်ရှိသည်။  မြန်မာနိုင်ငံတွင် ရုပ်ပိုင်းဆိုင်ရာအတွက်သာမက စိတ်ပိုင်းဆိုင်ရာအတွက်ပါ “မိခင်ဘာသာစကားသုံး” အင်္ဂလိပ်စာဆရာများကို ပြည်တွင်းဆရာများထက်ပိုမို၍ လစာအများကြီးပေးလေ့ရှိသည်။

အမေရိကန်ပြည်ထောင်စု၏ အစိုးရထောက်ပံ့မှု အစီအစဉ်ဖြင့် ယမန်နှစ်က မြန်မာနိုင်ငံသို့ ရောက်ရှိလာသော Peace Corps ကိုကြည့်ပါ။ ယင်းအစီအစဉ်အရ နိုင်ငံတော်ကျောင်းများ၌ ရက်သတ္တပတ် ၁၀ ပတ်သာ လေ့ကျင့်ပေးထားသော အမေရိကန်ဆရာများကို အင်္ဂလိပ်စာပြ ပြည်တွင်းဆရာများနှင့်တွဲ၍ ပူးတွဲဆရာအဖြစ် နေရာချထားပေးခြင်း ဖြစ်သည်။ စေတနာ့ဝန်ထမ်းဆရာများ၏ ရိုးသားမှုကို သံသယဖြစ်ဖွယ်မရှိပါ။

အစီအစဉ်အရ ယဉ်ကျေးမှုဆိုင်ရာ သင်ခန်းစာများကို ပေးနိုင်မည်မှာ သေချာပါသည်။ သို့ရာတွင် သူတို့ထက် လုပ်သက်နှစ် များစွာနုသော “မိခင်ဘာသာစကားပြောသူ” ၏ “ကူညီမှု” ဖြင့် ဆောင်ရွက်ရမည့် အမြဲတမ်းခန့်ဆရာနှင့် တွေ့သောအခါ သူတို့က ကျောင်းသားများအား မည်သည့်အချက်အလက်များ သင်ပြပေးမည်ကို ကျွန်တော်တို့ သိလိုလှသည်။

အင်္ဂလိပ်ဘာသာ သင်ကြားမှုကို အများအားဖြင့် မိခင်ဘာသာဖြင့် သင်ကြားမှု၊ သို့မဟုတ် မိခင်ဘာသာ မဟုတ်သော ဘာသာစကားဖြင့် သင်ကြားမှုဟူ၍ နှစ်မျိုးနှစ်စား ခွဲခြားဆောင်ရွက်တတ်သည်။ သို့သော်လည်း ကျောင်းသားတစ်ဦးကို “မိခင်ဘာသာစကား ပြောသူကဲ့သို့ပြောတတ်” အောင် သင်ကြားပေးရန် ရည်မှန်းထားသောပုံစံမှာ မည်သည့်အခါမှ အောင်မြင်အောင် မဆောင်ရွက်နိုင်သည့်ပုံစံဖြစ်သည်။ ဘာသာဗေဒပညာရှင် ဒေးဗစ်ဂရက်ဒေါ၏ စကားဖြင့်ပြောရပါက ဤပုံစံသည် “ကျောင်းသားတစ်ယောက်၏ သဘောတရားရေးအရ မူလရှိပြီးသား အနေအထားကို ဘာသာစကား သင်ယူမှု၌ လူစိမ်းအဖြစ်နှင့် ကျရံှုးမှုအဖြစ်” ကျောင်းသားတစ်ဦးအား သတ်မှတ်လိုက်ခြင်း ဖြစ်ပေသည်။

ဆိုကြပါစို့။ မြန်မာအင်္ဂလိပ်စာ Myanmar English သည် အိန္ဒိယအင်္ဂလိပ်စာ Indian English ၊ သို့မဟုတ် ဗြိတိသျှအင်္ဂလိပ်စာ British English တို့ ဖွံ့ဖြိုးလာသကဲ့သို့ ဖွံ့ဖြိုးလာခြင်းမရှိပေ။ သို့ရာတွင် ထိုသို့ဖြစ်ရန်လည်း မလိုအပ်ပေ။ မြန်မာအင်္ဂလိပ်စာကို အသိအမှတ်ပြုခြင်းသည် ဘာသာစကားသစ် တစ်ခုလုံးကို ဖန်တီးခြင်းမျိုး မဟုတ်ဘဲ အင်္ဂလိပ်စာဆိုသည်မှာ မည်သို့ဖြစ်သည်၊ မည်ကဲ့သို့ စွမ်းဆောင်နိုင်သည်ဟူသော အင်္ဂလိပ်စာ၏ နယ်ပယ်ကို ချဲ့ထွင်ခြင်းဖြစ်သည်။ ပညာရေးတွင် အင်္ဂလိပ်စာကို ကိုယ်ပိုင်ဖြစ်အောင် ဆောင်ရွက်နိုင်သော ပြည်တွင်းဆရာများ ပေါ်ပေါက်ရေးမှာ ပညာရေးအမြင် ပြောင်းလဲမှုအတွက် ဆောင်ရွက်ရာတွင် ပထမခြေလှမ်း တစ်ရပ်ဖြစ်ပေသည်။

အခြားအရေးပါသောအချက်မှာ အင်္ဂလိပ်စာ သင်ရိုးညွှန်းတမ်း ပြောင်းလဲရေးဖြစ်သည်။ Wuthering Heights ကိုပြဋ္ဌာန်းခြင်းသည် ကောင်းပါသည်။ သို့ရာတွင် ပါ့စကယ် ခူးသွယ် Pascal Khoo Thwe ၏ From the Land of Green Ghosts ၊ သို့မဟုတ် မသိင်္ဂီ Ma Thanegi ၏ Nor Iron Bars a Cage တို့ကို အင်္ဂလိပ်စာပေသင်တန်း၌ ဖြည့်စွက်ချက်တစ်ခုအဖြစ် ထည့်သွင်းခြင်းဖြင့် စာသင်သားများအား အင်္ဂလိပ်စာ အသုံးပြုသော စံပြပုံစံကို ကျယ်ကျယ်ပြန့်ပြန့် ပေးသင့်သည်။

အင်္ဂလိပ်စာသည် နိုင်ငံခြားဘာသာ၊ အငှားဘာသာ ဖြစ်သည်ဟူသောအမြင်မှ ကမ္ဘာ့ဘာသာစကားနှင့် ပြည်တွင်းသုံး ဘာသာစကား နှစ်ခုစလုံးဖြစ်သည်ဟူသော အမြင်ကိုပြောင်းလဲကာ ဘာသာစကားကို သုံးစွဲလိုသူတိုင်းက တီထွင်ဖန်တီးပြီး ကိုယ်ပိုင်သဖွယ် အသုံးပြုနိုင်သည်အထိ အင်္ဂလိပ်စာနှင့်ပတ်သက်သည့် ကျွန်တော်တို့၏အမြင်ကို ပြောင်းလဲပစ်ရန် အချိန်တန်ပါပြီ။

ယင်းသို့ဆောင်ရွက်ခြင်းဖြင့် မြန်မာအင်္ဂလိပ်စာ လေ့လာသူများသည် “မိခင်ဘာသာစကား သုံးစွဲသူမဟုတ်” ဟူသော အမြင့်တန်းသတ်မှတ်ချက်ဖြင့် နှိပ်စက်မထားဘဲ ဘာသာစကား တီထွင်ဖန်တီး၍ ရောင်ပြန်ဟပ်ပေးနိုင်သူအဖြစ် မြင်လာအောင် စွမ်းအင်များ ဖြည့်ဆည်းပေးရမည်ဖြစ်သည်။ သို့ဖြင့် သူတို့သည် ဒုတိယတန်းစား အင်္ဂလိပ်စာ အသုံးပြုသူများ မဟုတ်တော့ဘဲ ကမ္ဘာ့ဘာသာစကား တစ်ခုအတွက် ဆရာများနှင့် ဆရာမများ sayars and sayarmas ဖြစ်လာနိုင်ပေသည်။

ဉာဏ်တင် ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – ကချင်ပြည်နယ်၊ လိုင်ဇာရှိ အထက်တန်းကျောင်း တစ်ကျောင်းမှ စာသင်ခန်းတစ်ခုတွင် ဆရာမတစ်ဦး သင်ကြားနေစဉ်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.