အင်းစိန်ထောင်၌ အမျိုးသမီးများအတွက် တီဘီရောဂါကုဆေးခန်းနှင့် တိုးချဲ့ ဓာတ်ခွဲခန်း ဖွင့်လှစ်

မြန်မာနိုင်ငံ၏ အကြီးဆုံး အကျဉ်းထောင်ဖြစ်သည့် အင်းစိန်ဗဟိုအကျဉ်းထောင်တွင် ဆောက်လုပ်ပြီးစီးခဲ့သည့် အမျိုးသမီးများအတွက် တီဘီရောဂါကု ဆေးခန်းသစ်နှင့် တိုးချဲ့ဓာတ်ခွဲခန်းတို့ကို ဒီဇင်ဘာ ၈ ရက်နေ့တွင် ပြည်ထဲရေးဝန်ကြီးဌာနထံ လွှဲပြောင်းပေးအပ်ခဲ့သည်။

အဆိုပါဆေးခန်းများ တည်ဆောက်ရန် 3MDG ရန်ပုံငွေအဖွဲ့၏ အဓိက အလှူရှင်နိုင်ငံများဖြစ်သော ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့က ရန်ပုံငွေများ ထောက်ပံ့ပေးခဲ့ပြီး ကုလသမဂ္ဂ စီမံကိန်းများ ဝန်ဆောင်မှုရုံး (UNOPS) က ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။

တီဘီရောဂါကုဆေးခန်းနှင့် တိုးချဲ့ ဓာတ်ခွဲခန်းတို့က ထောင်အတွင်း အခြေခံ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဓာတ်ခွဲခန်းဆိုင်ရာ ဝန်ဆောင်မှုများနှင့်အတူ တီဘီရောဂါကို အထူးကုသပေးနိုင်မည်ဟု UNOPS ၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၎င်းအဆောက်အဦးများ၏ စုစုပေါင်း တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၂၁၁,၈၇၆ ဖြစ်သည်။

3MDG Fund က ငွေကြေးထောက်ပံ့သော အကျဉ်းထောင် ပြုပြင်မွမ်းမံမှုများတွင် အင်းစိန် ဗဟိုအကျဉ်းထောင်က တတိယမြောက်ထောင်ဖြစ်ကြောင်း 3MDG Fund ၏ Head of Strategy ဖြစ်သူ ဒေါက်တာသုလှိုင်မင်းကျော်က ပြောကြားသည်။

“ကချင်ပြည်နယ်၊ မြစ်ကြီးနားအကျဉ်းထောင်က ဆေးခန်းအဆောက်အဦးတွေကို ဒီနှစ် အစပိုင်းမှာပဲ ကျွန်တော်တို့ လွှဲပြောင်းပေးခဲ့ပါတယ်။ ဒုတိယကတော့ လားရှိုးအကျဉ်းထောင်မှာရှိတဲ့ ဆေးခန်းတွေ ဖြစ်ပါတယ်။ စက်တင်ဘာလထဲမှာ လွှဲပြောင်းပေးခဲ့ပါတယ်။ မန္တလေးအကျဉ်းထောင်မှာတော့ ဆောက်လုပ်နေဆဲ ဖြစ်ပါတယ်။ ဒီထောင်လေးခုမှာရှိတဲ့ ဆေးခန်း အဆောက်အဦးတွေရဲ့ စုစုပေါင်း ကုန်ကျစရိတ်က အမေရိကန်ဒေါ်လာ ၁ ဒဿမ ၂ သန်း ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်အဖွဲ့၏ အစီရင်ခံစာအရ အင်းစိန်အကျဉ်းထောင် အပါအဝင် တစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များတွင် အကျဉ်းသားဦးရေမှာ ဝင်ဆံ့နိုင်သည်ထက် ပိုမိုများပြားလျက်ရှိပြီး အကျဉ်းသားများအနက် ထက်ဝက်ခန့်မှာ မူးယစ်ဆေးဝါးနှင့် ဆက်နွယ်နေသည့် ပြစ်မှုများနှင့် ပြစ်ဒဏ်ကျခံနေသူများ ဖြစ်သည်ဟု UNOPS ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ မြန်မာနိုင်ငံရှိ အကျဉ်းထောင်များတွင် စုစုပေါင်း အကျဉ်းသားဦးရေ ၉ဝ,ဝဝဝ ခန့်ရှိကြောင်းလည်း ဖော်ပြထားသည်။

အကျဉ်းထောင်များအတွင်း အကျဉ်းသားဦးရေ ဝင်ဆံ့နိုင်သည်ထက် များပြားနေပါက ကူးစက်ရောဂါများဖြစ်သော တီဘီရောဂါ၊ အိတ်ချ်အိုင်ဗီ၊ အသည်းရောင်အသားဝါရောဂါနှင့် ဝမ်းပျက်ဝမ်းလျှော ရောဂါများ တစ်ဦးမှ တစ်ဦးထံ ကူးစက်နိုင်ချေ များပြားနိုင်သည်ဟု ဖော်ပြထားသည်။

အကျဉ်းထောင်များတွင် အိတ်ချ်အိုင်ဗီများက အဓိက ကျန်းမာရေးပြဿနာတစ်ရပ်ဖြစ်ပြီး အိတ်ချ်အိုင်ဗီနှင့် တီဘီ ယှဉ်တွဲဖြစ်ပွားခြင်းများလည်း ရှိနေသည်ဟုဆိုသည်။

၂ဝ၁၄ ခုနှစ်တွင် မြန်မာနိုင်ငံ၌ တီဘီရောဂါကြောင့် သေဆုံးသူဦးရေ ၃၂,ဝဝဝ ခန့် ရှိသည့်အနက် ၄,၁ဝဝ ခန့်မှာ အိတ်ချ်အိုင်ဗီနှင့် တီဘီရောဂါနှစ်မျိုး ယှဉ်တွဲဖြစ်ပွားမှုများကြောင့် သေဆုံးရခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် အိတ်ချ်အိုင်ဗီနှင့် တီဘီရောဂါ ဖြစ်ပွားမှုအပြင် ရောဂါနှစ်မျိုး ယှဉ်တွဲ ဖြစ်ပွားမှု များပြားကြောင်းကိုလည်း သတ်မှတ်ထားသည်။ UNAIDS ၏ ၂ဝ၁၇ ခုနှစ် ကိန်းဂဏန်းများအရ မြန်မာနိုင်ငံ အကျဉ်းထောင်များတွင် အိတ်ချ်အိုင်ဗီရောဂါ ဖြစ်ပွားမှုနှုန်းမှာ ၅ ဒသမ ၆ ရာခိုင်နှုန်း ရှိကြောင်း သိရသည်။

မြန်မာနိုင်ငံ၏ အကျဉ်းထောင် ၄၃ ခုနှင့် ကုန်ထုတ်စခန်း ၁၈ ခုတို့တွင် အမျိုးသားတီဘီရောဂါ တိုက်ဖျက်ရေး စီမံချက်ဖြင့် တီဘီရောဂါ စမ်းသပ်ရှာဖွေကုသမှုပေးသည့် လုပ်ငန်းများကို ၂ဝ၁၄ ခုနှစ်မှ စတင်ကာ 3MDG က ရန်ပုံငွေ ထောက်ပံ့ ကူညီပေးနေကြောင်း သိရသည်။ ၂ဝ၁၈ ခုနှစ်၊ ဇန်နဝါရီ မှ ဇွန်လအထိ အကျဉ်းထောင်များနှင့် ကုန်ထုတ်စခန်းများသို့ ၁၄ ကြိမ် သွားရောက်၍ တီဘီရောဂါရှာဖွေမှုပေါင်း ၆,၄ဝဝ ခန့် စစ်ဆေးပေးခဲ့ပြီး တီဘီလူနာသစ် ၁၅၁ ဦးကို ရှာဖွေတွေ့ရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူး (ရောဂါနှိမ်နင်းရေး) ဒေါက်တာစည်သူအောင်က တီဘီရောဂါ ထိန်းချုပ်ရေးအတွက် အကျဉ်းထောင်များတွင် ကျန်းမာရေးဆေးခန်းအဆောက်အဦးများ ဆောက်လုပ် ထောက်ပံ့ခြင်းအတွက် UNOPS နှင့် 3MDG ကို ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။

“အကျဉ်းထောင် ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ စံလုပ်ထုံးလုပ်နည်းများကို အကောင်အထည်ဖော်တဲ့နေရာမှာ အရေးအကြီးဆုံး အပိုင်းကတော့ ဝန်ကြီးဌာနနှစ်ခုဖြစ်တဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနနဲ့ ပြည်ထဲရေးဝန်ကြီးဌာန တို့အကြား ထိရောက်တဲ့ ညှိနှိုင်းဆောင်ရွက်မှုတွေ ရှိဖို့ဖြစ်ပါတယ်။ အကျဉ်းသားအသစ်များအတွက် အကြိုကျန်းမာရေး စစ်ဆေးမှုတွေ၊ ကုသစောင့်ရှောက်မှုတွေနဲ့ ထောင်က လွှတ်ပြီး နောက်ပိုင်းမှာလည်း ထိရောက်တဲ့ လွှဲပြောင်းကုသမှုတွေကို အကောင်အထည်ဖော်နိုင်ဖို့ လိုပါတယ်” ဟု ၎င်းကပြောသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar