ရန်ကုန်၊ မတ် ၂၀
ကုန်ဈေးနှုန်းကျဆင်းရေးအပါအဝင် တောင်းဆိုချက် ၁၀ ချက်ခန့်ကို ကြွေးကြော်ကာ လူ ၂၀၀ ခန့်က ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်တွင် ယနေ့နံနက်ပိုင်းက ဆန္ဒပြခဲ့ကြသည်။
၎င်းတို့ တောင်းဆိုသည့်အထဲတွင် တစ်ရက်လျှင် လုပ်အားခ ကျပ် ၈,၀၀၀ ရရှိရေး၊ ခရီးသွားလာရေး လွယ်ကူ ချောမွေ့စေရေးနှင့် စားဝတ်နေရေး ကျပ်တည်းမှု ဖြေရှင်းပေးစေရေး စသည်တို့ပါဝင်သလို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ) ပြင်ဆင်ပေးရေးလည်း ပါဝင်သည်။
ဆန္ဒပြပွဲကိုဦးဆောင်ခဲ့သူ ကိုရဲရင့်အောင်က “အခုအလုပ်သမားတွေက အနည်းဆုံးလုပ်ခလစာ တစ်ရက်ကို ၃,၆၀၀ ပဲရတာ။ အဲဒါက ဘယ်လိုမှ မလောက်ငှတာကို အားလုံးအသိပါ။ အဲဒီအချိန်မှာ ကုန်ဈေးနှုန်းက တက်လာတော့ ပိုဆိုးလာပါတယ်။ ဒါကြောင့် ဆန္ဒပြတာပါ”ဟု Frontier ကိုပြောသည်။
၎င်းသည် အင်းစိန်မြို့နယ်တွင်နေထိုင်၍ သန်လျင်မြို့ရှိ ဆောက်လုပ်ရေးပစ္စည်းဆိုင်တစ်ခုတွင် နေ့စဉ် သွားရောက် အလုပ်လုပ်ကိုင်နေရသူဖြစ်ပြီး YBS စနစ်ပြောင်းလဲပြီးနောက် ယခင်ထက် ကားနှစ်ဆင့် ပိုစီးလာရသဖြင့် ဝင်ငွေနှင့် မလုံလောက်တော့သဖြင့် ခရီးသွားလာရေး လွယ်ကူချောမွေ့စေရေးကိစ္စကိုပါ ထည့်သွင်းဆန္ဒပြခြင်းဖြစ်ကြောင်းလည်း ၎င်းကပြောသည်။
“ကျွန်တော်ရတာကမှ တစ်ရက် ၄,၀၀၀ ကနေ၊ ၅,၀၀၀ လောက်ပဲ။ အသွားအပြန် ကားခကတင် အတော်ကုန်နေတော့ ကျွန်တော့်လုပ်စာက ကျွန်တော့်တစ်ယောက်စာ စားလောက်ရုံပဲရှိတော့တယ်” ဟု ၎င်းကဆိုသည်။
ထို့ပြင် အမျိုးဘာသာသာသနာကို ကာကွယ်စောင့်ရှောက်ရေး၊ ပြည်ထောင်စုနိုင်ငံတော် တည်တံ့ခိုင်မြဲရေးကဲ့သို့သော မရှင်းလင်းသည့် အငြင်းပွားအချက်များလည်း ၎င်းတို့ ဆန္ဒပြပွဲ၏ ကြွေးကြော်သံများတွင် ပါဝင်သည်ကို တွေ့ရသည်။
ထိုကြွေးကြော်သံများနှင့် ပတ်သက်၍မူ ၎င်းက အသေးစိတ်ရှင်းလင်းပြောကြားရန် ငြင်းဆန်ခဲ့ပြီး ၂၁ ရာစုပင်လုံ ညီလာခံ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် တိုင်းရင်းသားလက်နက်ကိုင်အချို့၏ တောင်းဆိုမှုများနှင့် ပတ်သက်၍ ၎င်းအနေနှင့် သဘောထားမတိုက်ဆိုင်ကြောင်းသာ ပြောကြားခဲ့သည်။
အခြားတစ်ဖက်တွင်မူ ယင်းဆန္ဒပြပွဲတွင်ပါဝင်ခဲ့သည့် အမည်မဖော်လိုသူတစ်ဦးက ဆန္ဒပြပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဝင်များ ပါဝင်ကြောင်း၊ ၎င်းကိုယ်တိုင်လည်း ပါတီကဖြစ်ကြောင်း သတင်းထောက်အချို့ကို ပြောကြားခဲ့သည်။
သို့သော်မည်သည့်အတွက် ပြည်ခိုင်ဖြိုးပါတီဝင်များ ပူးပေါင်းပါဝင်သည်ကိုမူ ပြောပြရန် ၎င်းက ငြင်းဆန်ခဲ့သည်။
“(သူတို့က) ဟိုပါတီ၊ ဒီပါတီနဲ့ အားလုံးအဆင်ပြေအောင် နေပါတယ်။ တခြားသူတွေက ညာပြောမှာ စိုးလို့ ရှင်းပြတာ”ဟု Frontier က သီးသန့်ဖုန်းဖြင့် အတည်ပြုမေးမြန်းစဉ် ၎င်းက တုန့်ပြန်ပြောကြားခဲ့သည်။
ကိုရဲရင့်အောင်ကမူ အင်တာနက် လူမှုကွန်ယက်စာမျက်နှာတွင် ၎င်းတို့ဆန္ဒပြပွဲကို ပူးပေါင်းပါဝင်နိုင်ကြောင်း ဖိတ်ခေါ်ခဲ့သဖြင့် တခြားမြို့နယ်များမှ သူများလည်း လာရောက်ပူးပေါင်းခဲ့ရာ ပြည်ခိုင်ဖြိုးပါတီဝင်များလည်း ပါကောင်းပါဝင် နိုင်ကြောင်း၊ သို့သော် ပွဲကို ဦးဆောင်ခဲ့သည့် ၎င်းတို့မှာမူ မည်သည့် နိုင်ငံရေးပါတီကမှ မဟုတ်ကြောင်း ပြောကြားသည်။
သတင်း-ကျော်ဖုန်းကျော်
tzhinsein_protest3.jpg
title=