National League for Democracy supporters celebrate in front of the party's head office in Yangon on election night. (Hkun Lat | Frontier)
နိုဝင်ဘာ၈ရက် ရွေးကောက်ပွဲကျင်းပပြီးချိန် ညနေပိုင်းတွင် ထောက်ခံသူများသည် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဌာနချုပ်အနီး စုဝေးခဲ့ကြသည်။ (ခွန်လတ် | ဖရွန်းတီးယားမြန်မာ)

အင်န်အယ်လ်ဒီပါတီကို အောင်ပွဲသို့ ထပ်မံတွန်းပို့ခဲ့သော အကြောင်းတရားများ

ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထုယုံကြည်မှု၊ အခြေခံအဆောက်အအုံဖွံ့ဖြိုးတိုးတက်မှု၊ လူမှုကွန်ရက်ကို စနစ်တကျအသုံးချခဲ့မှုနှင့် ယခင်ရှုံးနိမ့်ခဲ့သည့်နေရာများတွင် စည်းရုံးရေးပိုမိုလုပ်ဆောင်ခြင်းကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ယခုနှစ်ရွေးကောက်ပွဲတွင် ၂၀၁၅ကထက် ပိုမိုသာလွန်သည့် ရလဒ်ဖြင့် အနိုင်ရရှိခဲ့သည်။ ထပ်မံ၍ ပြတ်ပြတ်သားသား အနိုင်မရနိုင်ဟူသော ကြိုတင်ခန့်မှန်းချက်များ မှားယွင်းကြောင်းလည်း ပါတီက သက်သေထူနိုင်ခဲ့သည်။

အိအိတိုးလွင် ရေးသားသည်။

၂၀၁၅ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်လူထုသည် အင်န်အယ်လ်ဒီပါတီကို ဆယ်စုနှစ်များစွာအတွင်း ပထမဆုံးအကြိမ်ပုံအောမဲထည့်ခွင့် ပြန်လည်ရရှိခဲ့သည်။ ပြည်ထောင်စုလွှတ်တော်တွင် အင်န်အင်လ်ဒီပါတီက အမတ်၃၉၀နေရာယူနိုင်ခဲ့ပြီး လွှတ်တော်မဲဆန္ဒနယ်စုစုပေါင်း၏ ၈၀ ရာခိုင်နှုန်းနီးပါးတွင် အနိုင်ရရှိခဲ့သည်။

အင်န်အယ်လ်ဒီပါတီသည် လွန်ခဲ့သောငါးနှစ်က အောင်မြင်မှုမျိုး ၂၀၂၀ပြည့်နှစ်တွင် ထပ်မံရရှိရန် ခဲယဉ်းလိမ့်ဟု နိုင်ငံရေးလေ့လာသူ အတော်များများက ကြိုတင်ဟောကိန်းထုတ်ခဲ့သည်။ 

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးမှသည် စီးပွားရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များမှာ အင်န်အယ်လ်ဒီအစိုးရအတွက် စိန်ခေါ်မှုများဖြစ်ခဲ့သည်။ ထို့ပြင် အချင်းချင်းပေါင်းစည်းလိုက်ကြသည့် တိုင်းရင်းသားနိုင်ငံရေးပါတီများ ပိုမိုအားကောင်းလာသဖြင့် ယခင်ကထက် ပိုမိုအနိုင်ရမည်ဟု လေ့လာသူများက မျှော်လင့်ခဲ့ကြသည်။

သို့သော် နိုဝင်ဘာ၈ရက်၊ ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီသည် ထပ်မံ၍ တောင်ပြိုကမ်းပြိုအနိုင်ရရုံမက ၂၀၁၅ကထက် ပိုမိုသာလွန်သည့်ရလဒ်များရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့ပါဝင်သည့် ပြည်ထောင်စုလွှတ်တော်တွင် ရွေးကောက်ခံအမတ်နေရာ ၄၇၆နေရာအနက် ၃၉၆နေရာကို အင်န်အယ်လ်ဒီပါတီက အနိုင်ရရှိခဲ့သည်။ ထိုရလဒ်အရ အင်န်အယ်လ်ဒီပါတီသည်  ၂၀၂၁၊​ မတ်တွင် နိုင်ငံတော်သမ္မတကို ရွေးချယ်တင်မြှောက်နိုင်ရုံမက၊ အစိုးရဖွဲ့နိုင်ခွင့်ကိုပါ တစ်ပါတည်းရရှိသွားပြီဖြစ်သည်။

အင်န်အယ်လ်ဒီ၏ အဓိကပြိုင်ဘက် ပြည်ခိုင်ဖြိုးပါတီသည် ၂၀၁၅တွင် ၄၁နေရာနိုင်ခဲ့သော်လည်း ယခုနှစ်တွင် ၃၃နေရာသာ အနိုင်ရခဲ့သည်။ တိုင်းရင်းသားလူနည်းစုပါတီများကမူ စုစုပေါင်း၄၇နေရာ အနိုင်ရခဲ့ပြီး ၂၀၁၅တွင်ရရှိခဲ့သည့်  ၅၆နေရာနှင့်ယှဉ်ပါက လွှတ်တော်တွင်းကိုယ်စားပြုနိုင်မှု လျော့နည်းသွားသည်။ အထူးသဖြင့် ရခိုင်အမျိုးသားပါတီအနိုင်ရဖွယ်ရှိသည့် ရခိုင်ပြည်နယ်ရှိ မဲဆန္ဒနယ်၁၆နေရာတွင် လုံခြုံရေးအကြောင်းပြချက်ဖြင့် ရွေးကောက်ပွဲမကျင်းပရန် ဆုံးဖြတ်ခြင်းသည် လွှတ်တော်အတွင်း တိုင်းရင်းသားများ၏ ကိုယ်စားပြုမှုကို လျော့ကျစေခဲ့သည်။

နိုဝင်ဘာ၈ရက် ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီကို အောင်မြင်မှုအကြီးအကျယ်ရနိုင်စေခဲ့သည့် အဓိကအချက်များက မည်သည်တို့ဖြစ်မည်နည်း။ ပါတီကို ထပ်မံအောင်ပွဲခံနိုင်ရန် တွန်းပို့လိုက်သည့် အကြောင်းရင်းများ ရှိခဲ့ပါသလား။ ထိုအကြောင်းရင်းများကို လေ့လာရန် ဖရွန်းတီးယားမြန်မာက မြန်မာ့နိုင်ငံရေးလေ့လာသူများအပါအဝင် အင်န်အယ်လ်ဒီပါတီတာဝန်ရှိသူများ၊ ပါတီနှင့်နီးစပ်သူများကို မေးမြန်း၍ အဖြေရှာခဲ့သည်။

နိုဝင်ဘာ၈ရက်က နေပြည်တော်တွင် ဆန္ဒမဲပေးအပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို မြင်တွေ့ရစဉ်။ (သက်အောင် | အေအက်ဖ်ပီ)

တပ်မတော်ခေါင်းဆောင်က လူထုကို မဲရုံဆီတွန်းပို့ပေးခဲ့သလား

မဲပေးသူဦးရေမြင့်မားခြင်းသည် အင်န်အယ်လ်ဒီပါတီ၏ခိုင်မာပြတ်သားသော အောင်မြင်မှုအတွက် အရေးကြီးသည့် လက္ခဏာတစ်ခုဖြစ်သည်။ ကိုဗစ်-၁၉ကန့်သတ်ချက်များကြောင့်လည်းကောင်း၊ အင်န်အယ်လ်ဒီအစိုးရ၏‌ စွမ်းဆောင်ရည်ကို အားမရ၍လည်းကောင်း မဲပေးသူလျော့နည်းနိုင်သည်ဟု လေ့လာသူအချို့က သုံးသပ်ခဲ့ကြသည်။

သို့သော် ယခုနှစ်ရွေးကောက်ပွဲတွင် မဲပေးသူဦးရေသည် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူဦးရေ ၃၇သန်း၏ ၇၀ရာခိုင်နှုန်းကျော် (၂၆သန်းခန့်)ရှိခဲ့ရာ ၆၉ရာခိုင်နှုန်းသာရှိခဲ့သည့် ၂၀၁၅ကထက် မဲပေးသူပိုမိုများပြားခဲ့သည်။ နိုဝင်ဘာ၈ရက်တွင် မဲရုံများတွင် မဲပေးရန်တန်းစီစောင့်ဆိုင်းသူများကို ဖရွန်းတီးယားမြန်မာက မေးမြန်းခဲ့ရာ အများစုက ၎င်းတို့၏နိုင်ငံသားအခွင့်အရေးဖြစ်သော မဲပေးပိုင်ခွင့်ကို ကျင့်သုံးလိုသောဆန္ဒသည် ရောဂါပိုးကူးစက်ခံရမည်ကို စိုးရိမ်ပူပန်မှုထက် သာလွန်ကြောင်းပြောခဲ့ကြသည်။

မဲပေးသူဦးရေ စံချိန်တင်သည်အထိရှိအောင် မည်သည့်အရာက လှုံ့ဆော်ခဲ့ပါသနည်း။ ထင်မြင်ယူဆချက်များ ကွဲပြားသော်လည်း အချို့လေ့လာသူများက ရွေးကောက်ပွဲမတိုင်မီ တပ်မတော်နှင့် ပြိုင်ဘက်ပါတီများ၏ ထုတ်ပြန်ပြောဆိုမှုများသည် ရွေးကောက်ပွဲတွင် မဖြစ်မနေမဲပေးရန် မဲဆန္ဒရှင်များ၏ ဆုံးဖြတ်ချက်ကို ပိုမိုခိုင်မာစေခဲ့သည်ဟု သုံးသပ်ကြသည်။ တစ်ပြိုင်တည်းမှာပင် မဲဆန္ဒရှင်များသည် အင်န်အယ်လ်ဒီပါတီကို ပုံအောမဲထည့်လိုက်ခြင်းဖြင့် စစ်တပ်နှင့် စစ်တပ်လိုလားသောပါတီများအား မထောက်ခံကြောင်းကိုလည်း ရှင်းလင်းစွာပြလိုက်သည်ဟု လေ့လာသူများက ဆိုသည်။

နိုဝင်ဘာ၂ရက်တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရွေးကောက်ပွဲစီမံခန့်ခွဲမှုနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အင်န်အယ်လ်ဒီအစိုးရကို ဝေဖန်သည့်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ မီဒီယာအင်တာဗျူးတစ်ခုတွင်လည်း ကျင်းပရန်ရှိသည့် ရွေးကောက်ပွဲမှထွက်ပေါ်လာသည့် မဲရလဒ်ကို လက်ခံလိုခြင်းမရှိသည့် ဆန္ဒသဘောထားကိုလည်း ထုတ်ဖော်ပြောကြားခဲ့သည်။

ထို့ပြင် အဆိုပါပြောဆိုမှုအပေါ် အခြေခံ၍ နိုင်ငံတော်သမ္မတရုံးနှင့်လည်း အပြန်အလှန် ထုတ်ပြန်ပြောဆိုမှုများကြောင့် အများပြည်သူအကြား နိုင်ငံတည်ငြိမ်ရေးနှင့် ပတ်သက်၍ စိုးရိမ်မှုဖြစ်ပေါ်စေခဲ့သည်။ တစ်ချိန်တည်းမှာပင် ၂၀၁၉၊ မေ ကတည်းက ထွက်ပြေးတိမ်းရှောင်နေခဲ့သည့် အမျိုးသားရေးဝါဒီဆရာတော် အရှင်ဝီရသူသည် ရုတ်တရက်ပြန်လည်ထွက်ပေါ်လာပြီး ရဲတပ်ဖွဲ့ထံ အဖမ်းခံခဲ့သည်။

ရန်ကုန်အခြေစိုက် သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့ (Sandhi Governance Institute) အုပ်ချုပ်မှုဒါရိုက်တာ ဦး ခိုင်ဝင်းက တပ်မတော်ခေါင်းဆောင်၏ပြောဆိုချက်နှင့် အမျိုးသားရေးဝါဒီဆရာတော် လူမြင်ကွင်းသို့ ပြန်လည်ထွက်ပေါ်လာခြင်းသည် အင်န်အယ်လ်ဒီပါတီ တောင်ပြိုကမ်းပြို အနိုင်ရရှိရန် အကြောင်းရင်းတစ်ရပ်ဖြစ်လိမ့်မည်ဟု ယူဆသည်။

ရန်ကုန်အခြေစိုက် တမ္ပဒီပအင်စတီကျုဒါရိုက်တာဦးခင်ဇော်ဝင်းကမူ ပြည်သူများက အတိတ်က ခါးသီးသော စစ်အုပ်ချုပ်ရေးအတွေ့အကြုံများကြောင့် အင်န်အယ်လ်ဒီပါတီကို ထပ်မံမဲပေးခြင်းဖြစ်နိုင်သည်ဟု သုံးသပ်သည်။

“အဓိကအချက်က လူတွေကစစ်အုပ်ချုပ်ရေးကို မပြန်ချင်ကြဘူး။ ပြည်သူတွေဟာ စစ်တပ်နဲ့ ဆက်နွယ်နေတဲ့ ပါတီတွေကိုမယုံဘူး”ဟု ၎င်းကပြောသည်။

ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်မဲဆန္ဒနယ်(၁)တွင် အနိုင်ရရှိခဲ့သည့် ဦးပြုံးချိုက နိုဝင်ဘာ၈ရက်တွင် နံနက်အစောပိုင်းကတည်းက လူအများအပြား မဲရုံသို့မဲပေးရန် တက်ကြွစွာ စုဝေးရောက်ရှိလာခြင်းကို အံ့အားသင့်မိကြောင်း ပြောကြားခဲ့သည်။

“အစိုးရရဲ့ ငါးနှစ်တာကာလတွင်း လုပ်ဆောင်ချက်တွေနဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားတဲ့ လူထုရဲ့ယုံကြည်မှုကြောင့် လူထုကပါတီကို ထပ်ပြီးမဲထည့်ခဲ့တယ်၊ ဆုံးဖြတ်လိုက်တယ်လို့ထင်ပါတယ်”ဟု ဦးပြုံးချိုကပြောသည်။

မဲလာပေးသူများရှိပါ့မလား ဆိုသည့်အချက်ကို သံသယဖြစ်ခဲ့သော်လည်း အင်န်အယ်လ်ဒီပါတီအနိုင်ရနိုင်မည်ဟု သူက ယုံကြည်ခဲ့ပြီးဖြစ်သည်။

“လူတွေက သူတို့အိမ်မှာပါတီအလံလွှင့်ထူ လိုက်ကတည်းက ပြည်သူတွေရဲ့ထောက်ခံမှု အခြေအနေကို  ကျွန်တော်သိလိုက်ပြီလေ”ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်ရှိ လမ်းမကြီးတစ်ခုနံဘေး စက်ဘီးစီးနေသည့် ဒေသခံနှစ်ဦးကို မြင်တွေ့ရစဉ်။ (ရဲအောင်သူ | အေအက်ဖ်ပီ)

အခြေခံအဆောက်အဦး ဖွံ့ဖြိုးတိုးတက်မှု

၂၀၁၅ရွေးကောက်ပွဲကြေညာစာတမ်းတွင် အင်န်အယ်လ်ဒီပါတီက အရေးကြီးသည့် ကတိကဝတ်လေးခုကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်း ကြေညာခဲ့သည်။ တိုင်းရင်းသားအရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး အေးချမ်းလုံခြုံစွာ လက်တွဲနေထိုင်ရေးကို အာမခံချက်ပေးနိုင်မည့် ဖွဲ့စည်းပုံအခြေခံဥပဒေတစ်ရပ် ပေါ်ထွန်းရေး၊ ပြည်သူလူထုအား တရားမျှတစွာ အကာအကွယ်ပေးနိုင်မည့် အုပ်ချုပ်မှုစနစ်တစ်ရပ်ပေါ်ပေါက်လာရေးနှင့် လွတ်လပ်လုံခြုံစွာ ဖွံ့ဖြိုးတိုးတက်ရေးတို့ဖြစ်သည်။

အင်န်အယ်လ်ဒီအစိုးရသည် တိုင်းရင်းသားအရေး၊ ငြိမ်းချမ်းရေးနှင့် အခြေခံဥပဒေပြင်ဆင်ရေးတို့တွင်‌ အောင်မြင်မှုမရခဲ့သော်လည်း အရေးပါသည့်အုပ်ချုပ်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်နိုင်ခဲ့သည်ဟု သမ္မတဟောင်းဦးသိန်းစိန်လက်ထက်တွင် ပြန်ကြားရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးရဲထွဋ်က သုံးသပ်သည်။

အထူးသဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးနှင့် တပ်မတော်က သွယ်ဝိုက်ကွပ်ကဲသည့် ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို အရပ်သားအစိုးရဦးဆောင်သော ပြည်ထောင်စုအစိုးရအဖွဲ့ရုံး၏ အုပ်ချုပ်မှုအောက်သို့ ပြောင်းလဲသွတ်သွင်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“လူထုအမြင်ကတော့ အောင်မြင်မှုမရသေးပေမဲ့ ပြီးခဲ့တဲ့ငါးနှစ်အတွင်း လုပ်ဆောင်မှုတွေက  ဦးတည်ချက်မှန်ကန်တယ်။ ဒါကိုဆက်လုပ်ဆောင်သင့်တယ်လို့ ယူဆပုံရပါတယ်။ ဒါကြောင့် အင်န်အယ်လ်ဒီကိုအများစုက ထပ်ပြီးမဲထည့်ပေးလိုက်တာလို့ ထင်ပါတယ်”ဟု ဦးရဲထွဋ်ကပြောသည်။

တပ်မတော်တွင် ဒုတိယဗိုလ်မှူးကြီးအဆင့်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဦးရဲထွဋ်သည် သမ္မတဦးသိန်းစိန်၏ သက်တမ်းကို ထင်ဟပ်စေသည့် “မြန်မာ့နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနှင့် လက်လွတ်ဆုံးရှုံးခဲ့ရသော အခွင့်အလမ်းများ -(၂၀၁၀-၂၀၁၆)” စာအုပ်ကို အင်္ဂလိပ်ဘာသာဖြင့် ရေးသားခဲ့သည်။

အင်န်အယ်လ်ဒီပါတီသည် ၂၀၁၅ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့သည့်နေရာများ၌ ဖွံ့ဖြိုးရေးလုပ်ငန်းများကို ဒေသခံများနှင့် ပူးပေါင်းဆောင်ရွက်ရန်အာရုံစိုက်လုပ်ဆောင်ခဲ့ခြင်းနှင့် လူနေမှု အဆင့်အတန်းမြင့်မားစေရန် လုပ်ဆောင်ခဲ့ခြင်းတို့ကြောင့် ယင်းဒေသများတွင် ပါတီ၏ဩဇာသက်ရောက်မှုမြင့်တက်ခဲ့ကြောင်း ဦးရဲထွဋ်က သုံးသပ်သည်။

“ဖွံ့ဖြိုးရေးလုပ်ပေးရုံတစ်ခုတည်းနဲ့တော့ လူထုကိုစည်းရုံးဖို့မရဘူး။ အောက်ခြေမှာရှိတဲ့ ဝန်ထမ်းတွေနဲ့ လူထုကြား နီးနီးကပ်ကပ်ပူးပေါင်း ဆောင်ရွက်ခဲ့တာမျိုးတွေကို လုပ်ဆောင်နိုင်ခဲ့တယ်လို့ ထင်တယ်။ ဒါတွေက သိပ်ပြီးထင်ထင်ရှားရှား ရှိနေတာမျိုးမဟုတ်ပေမဲ့ ရွေးကောက်ပွဲကို အတိုင်းအတာ တစ်ခုအထိ သက်ရောက်မှုရှိတာတော့အမှန်ပဲ။ သေသေချာချာပြောနိုင်ဖို့ဆိုရင်တော့ သုတေသနတွေ လုပ်ပြီးမှ ပြောနိုင်လိမ့်မယ်”ဟု ဦးရဲထွဋ်ကပြောသည်။

သန္ဓိအုပ်ချုပ်စီမံမှုအဖွဲ့က ဦးခိုင်ဝင်းကလည်း ထိုအချက်ကို သဘောတူသည်။ ၎င်းအနေဖြင့် ကျေးလက်ဒေသများသို့ သုတသနပြုရန်နှင့် သင်တန်းပေးရန် ကျေးလက်ဒေသများသို့ သွားရောက်ရာတွင် မြို့အများစုတွင် အခြေခံအဆောက်အဦး ယခင်ကထက် ပိုမိုဖွံ့ဖြိုး တိုးတက်လာသည်ကို မြင်တွေ့ရကြောင်း ၎င်းကဆိုသည်။

ကျေးလက်ဒေသနေ မဲဆန္ဒရှင်များအတွက် အခြေခံလိုအပ်ချက်များဖြစ်သော လမ်းပန်းဆက်သွယ်ရေး ပိုမိုကောင်းမွန်လာခြင်း၊ စာသင်ကျောင်းများ၊​ ဆေးပေးခန်းများရှိလာခြင်းကြောင့် အာဏာရပါတီ၏ လုပ်ဆောင်ချက်များကို လူထုက အသိအမှတ်ပြုပုံရသည်ဟု သူကဆိုသည်။

ထို့ပြင် အခြေခံလူတန်းစားများသည် ငြိမ်းချမ်းရေးနှင့်ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး စသည့် ကိစ္စရပ်များထက် ၎င်းတို့နေ့စဉ်ကြုံတွေ့နေရသည့် အခြေအနေများကို အခြေခံ၍ ဆုံးဖြတ်လေ့ရှိသည်ဟု ဦးခိုင်ဝင်းကဆိုသည်။

အင်န်အယ်လ်ဒီအစိုးရလက်ထက်တွင် အခြေခံအဆောက်အဦး၊ လျှပ်စစ်ဓာတ်အားရရှိမှုစသည့် ကဏ္ဍများတွင် တိုးတက်မှုရှိခဲ့ပြီး သက်ကြီးရွယ်အိုနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီးများကို ထောက်ပံ့မှုများ တိုးမြှင့်ပေးခဲ့ခြင်းက မဲဆန္ဒရှင်များကို ကျေနပ်စေခဲ့ပုံရသည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူများကဆိုသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်တွင် ယှဉ်ပြိုင်၍ အနိုင်ရရှိခဲ့သူဒေါ်ခင်စန်းလှိုင်က အင်န်အယ်လ်ဒီပါတီ ထပ်မံ၍ အပြတ်အသတ်အနိုင်ရခြင်းသည် အံ့အားသင့်စရာ မဟုတ်ဟုဆိုသည်။

“အင်န်အယ်လ်ဒီအစိုးရလက်ထက်မှာ သယ်ယူပို့ဆောင်ရေးတိုးတက်လာမှုကိုကြည့်ရင် အရှင်းသားတွေ့နိုင်တယ်။ အရင်ကမရောက်ဖူးတဲ့နေရာတွေ၊ သွားဖို့ခက်တဲ့နေရာတွေအထိ ကျွန်မတို့သွားလာနိုင်တယ်။ နောက်ကျေးရွာတွေမှာ လျှပ်စစ်မီးနဲ့ရေရအောင် ကျွန်မတို့လုပ်ပေးနိုင်ခဲ့တယ်”ဟု ဒေါ်ခင်စန်းလှိုင်ကပြောသည်။

မဲဆွယ်စည်းရုံးရာတွင် အသုံးပြုရန် ဇူလိုင်က ဖွင့်လှစ်ခဲ့သော ဒေါ်အောင်ဆန်းစုကြည်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာသည် လက်ရှိအချိန်တွင် Follower ပရိသတ် ၁ဒသမ၄သန်းကျော် ရှိပြီဖြစ်သည်။

လူမှုကွန်ရက်ကို ဗျူဟာကျကျအသုံးပြုမှု

ရွေးကောက်ပွဲအောင်နိုင်ရေးနည်းဗျူဟာတစ်ခုအဖြစ် ပါတီတွင်း လူမှုကွန်ရက် (ဖေ့စ်ဘွတ်ခ်)အသုံးပြုမှုတိုးမြှင့်ခြင်းနှင့် ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့်မှ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအဆင့်အထိ မဲဆွယ်ကာလအတွင်း အွန်လိုင်းကို စနစ်တကျသုံးစွဲနိုင်ရန် စီမံချက်ချခဲ့သည်ဟု ပါတီတာဝန်ရှိသူများကပြောသည်။

၂၀၁၇မှစ၍ အင်န်အယ်လ်ဒီပါတီ ဗဟိုပြန်ကြားရေးကော်မတီသည် ပြည်နယ်နှင့်တိုင်းဒေသကြီး၊ ခရိုင်နှင့်မြို့နယ်အဆင့်တွင် ပြန်ကြားရေးကော်မတီများကိုဖွဲ့စည်းခဲ့သည်။ ထို့ပြင် အဆိုပါပြန်ကြားရေးကော်မတီများကို ဖေ့စ်ဘွတ်ခ်စာမျက်နှာများ (၃၈၉ခု) ဖွင့်လှစ်စေကာ ၎င်းတို့၏ လှုပ်ရှားမှုများကို လူထုသိနိုင်ရန် ဖြန့်ဝေစေခဲ့သည်။

ဖေ့စ်ဘွတ်ခ်စာမျက်နှာများကို စနစ်တကျသုံးစွဲရန် ဒေသအသီးသီးက ပြန်ကြားရေးကော်မတီဝင်များကို သတင်းရေးသားခြင်း၊ ဗီဒီယိုနှင့်ဓာတ်ပုံများဖန်တီးခြင်းစသည့် အတတ်ပညာများကို ပြင်ပကျွမ်းကျင်သူများ၏ အကူအညီဖြင့် ရက်တိုသင်တန်းများ ဖွင့်လှစ်‌သင်ကြားစေခဲ့သည်။

ရွေးကောက်ပွဲအကြိုကာလတွင် ဗဟိုပြန်ကြားရေးနှင့်ဗဟိုသုတေသနကော်မတီတို့ ပူးပေါင်းပြီး  ဗဟိုအောင်နိုင်ရေးကော်မတီအောက်တွင် “ဗဟိုအွန်လိုင်းအောင်နိုင်‌ရေးကော်မတီ”ကို ဖွဲ့စည်းခဲ့သည်။ အဖွဲ့ဝင်၁၅ဦးပါဝင်သည့် ယင်းကော်မတီသည် ချမှတ်ထားသော ပါတီအောင်နိုင်ရေးအစီအစဉ်များကို အွန်လိုင်းမှတစ်ဆင့်ထိရောက်စွာ ဆောင်ရွက်နိုင်ရန် ဦးစားပေးလုပ်ဆောင်ခဲ့သည်။

ထို့ပြင် မဲဆန္ဒနယ်မြေများမှ မဲဆန္ဒရှင်ပြည်သူလူထုနှင့် ထိတွေ့ဆက်သွယ်ရာတွင် အသုံးပြုရန် ကိုယ်ပိုင်လူမှုကွန်ရက်စာမျက်နှာများ ဖွင့်လှစ်ရန် ပါတီကကိုယ်စားလှယ်လောင်းများအား ညွှန်ကြားခဲ့သည်။

ပါတီကဖွင့်လှစ်ထားသည့် တရားဝင်စာမျက်နှာများနှင့် ကိုယ်စားလှယ်လောင်းများ၏ အကောင့်များကို အကောင်တုများနှင့် အွန်လိုင်းတိုက်ခိုက်မှုများမှ ကြိုတင်ကာကွယ်ရန် မြန်မာနိုင်ငံဆိုင်ရာ ဖေ့စ်ဘွတ်ခ်အဖွဲ့ကို တရားဝင်အကြောင်းကြားခဲ့သည်ဟု ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုးက ပြောသည်။

“ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်က ပြည်သူတွေကို သတင်းအချက်အလက်ပေးနိုင်ဖို့ပဲ။ ဖေ့စ်ဘွတ်ခ် စာမျက်နှာတွေကတစ်ဆင့် ပါတီရဲ့ လုပ်ဆောင်မှုတွေကို အချိန်နဲ့တစ်ပြေးညီ ထုတ်ပြန်အသိပေးနိုင်ခဲ့တယ်”ဟု ဦးကြည်တိုးကပြောသည်။

ဗဟိုပြန်ကြားရေးကော်မတီဝင်များသည် ပါတီ၏ဖေ့စ်ဘွတ်ခ်စာမျက်နှာများတွင် အုပ်ချုပ်စီမံခန့်ခွဲသူ (အက်ဒ်မင် – Admin)များအဖြစ် ဝင်ရောက်တာဝန်ယူခဲ့သည်။ အဓိက ရည်ရွယ်ချက်မှာ ပါတီစည်းမျဉ်းနှင့် ဆန့်ကျင်သည့် ရေးသားချက်များ၊ တည်ဆဲဥပဒေနှင့် မကိုက်ညီသည့်ပို့စ်များတွေ့ရှိပါက အချိန်တိုအတွင်း ဖြုတ်ချရန်ဖြစ်သည်။ သို့သော် ကိုယ်စားလှယ်လောင်းများ၏ အကောင့်များကို ဗဟိုပြန်ကြားရေးကော်မတီက ဝင်ရောက်စွက်ဖက်ခြင်းမရှိဘဲ လွတ်လပ်စွာ အသုံးပြုခွင့်ပေးထားသည်။

လူမှုကွန်ရက်စာမျက်နှာများကို စီမံခန့်ခွဲခြင်းနှင့်ပတ်သက်၍ ပါတီကထုတ်ပြန်ထားသည့် တင်းကျပ်သော စည်းကမ်းတစ်ခုမှာ ပါတီ၏တရားဝင် လူမှုကွန်ရက်စာမျက်နှာများနှင့် ကိုယ်စားလှယ်လောင်းများအားလုံး၏ စာမျက်နှာ(သို့မဟုတ်) အကောင့်များတွင် ရေးသားချက်များကို Boost (ငွေကြေးအသုံးပြု၍ ပိုမိုလူသိများအောင် ကြော်ငြာခြင်း) မလုပ်ရန် တားမြစ်ချက်ဖြစ်သည်။

ပါတီ၏ အွန်လိုင်းအသုံးချမဲဆွယ်စည်းရုံးမှုသည် ကိုဗစ်-၁၉ရောဂါကြောင့် နေအိမ်တွင်သာ နေထိုင်စေရေးအစီအစဉ်တွင် အကျုံးဝင်ပြီး မြေပြင်မဲဆွယ်စည်းရုံးမှု တားမြစ်ထားသည့် မဲဆန္ဒနယ်များက ၎င်းတို့လို အမတ်လောင်းများအတွက် အနိုင်ရရန်အထောက်အကူဖြစ်ခဲ့သည်ဟု  ဦးပြုံးချိုက ဆိုသည်။

“ကျွန်တော်ဆို နှစ်ရက်လောက်ပဲ မဲဆွယ်လိုက်ရတယ်။ နောက်ပိုင်းကန့်သတ်ချက်ကြောင့် ဆက်မလုပ်ရတော့ အွန်လိုင်းပေါ်က စည်းရုံးရေးကို တော်တော်အားထားတယ်။ ဒီအချက်က ရွေးကောက်ပွဲမှာ တော်တော်လေး အရေးပါခဲ့တယ်”ဟု ၎င်းကပြောသည်။

သို့သော်မဲဆန္ဒရှင်များထံသို့ သတင်းအချက်ပေးနိုင်သည့် အထိရောက်ဆုံးစာမျက်နှာမှာ “Chair NLD” (ဥက္ကဋ္ဌ – အင်န်အယ်လ်ဒီ) စာမျက်နှာဖြစ်သည်။ ဇူလိုင်လနှောင်းပိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် မဲဆွယ်စည်းရုံးရာတွင်အသုံးပြုရန် စတင်ဖွင့်လှစ်ခဲ့သော အဆိုပါစာမျက်နှာတွင် လက်ရှိအချိန်ထိ Follower ပရိသတ် ၁ဒသမ၄သန်းကျော်ရှိနေသည်။

လူမှုကွန်ရက်ကို စတင်အသုံးပြုရန် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ဆုံးဖြတ်ချက်သည် “အွန်လိုင်းကမ်ပိန်းအပေါ်ကြီးမားသောအကျိုးသက်ရောက်မှုရှိသည်”ဟု ဦးကြည်တိုးကပြောသည်။ “Chair NLD” စာမျက်နှာတွင် တင်ပြသည့်အကြောင်းအရာများတွင် ဒေါ်အောင်ဆန်းစုကြည်၏ စိတ်ကူးစိတ်သန်းများပါဝင်ကြောင်း သူကဆိုသည်။

“အစ်မ(ဒေါ်အောင်ဆန်းစုကြည်)က မဲဆွယ်ကာလတွေမှာ ပါတီရုံးကို နေ့တိုင်း ညနေ ၄နာရီ လောက်ဆိုလာပြီ။  ၆ နာရီအထိ နေလေ့ရှိတယ်။ Chair NLD ရဲ့ အဓိကပဲ့ကိုင်ရှင်က အစ်မပဲ။ တင်တဲ့ပိုစ့်အားလုံးကို အစ်မကိုယ်တိုင်ပဲရေးခဲ့တာ။ ရိုက်ခဲ့တဲ့ အစီအစဉ်တွေလည်း သူ့ရဲ့ အိုင်ဒီယာတွေပဲ။ လူရွေးတာကအစ အားလုံးအစ်မပဲလုပ်ခဲ့တာ”ဟု ဦးကြည်တိုးကပြောသည်။

၎င်းက ပါတီ၏ လုပ်ရှားမှုများဖြစ်သည့် ဓာတ်ပုံ၊ ရုပ်သံတင်ဆက်မှုနှင့် ရွေးကောက်ပွဲအောင်နိုင်ရေးသီချင်းများကိုသာ ကြီးကြပ်ပေးခဲ့သည်ဟု ဦးကြည်တိုးကပြောသည်။

“အစ်မက အရမ်းအလုပ်လုပ်နိုင်တယ်။ စိတ်ဝင်တစားနဲ့ကိုလုပ်တာ။ တော်တော်လည်း ပင်ပန်းခဲ့တယ်” ဟု ဦးကြည်တိုးကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ပါတီ၏ ဒီမိုကရေစီလှုပ်ရှားမှုကာလအတွင်း ၎င်းတို့၏ အတွေ့အကြုံများနှင့်ပတ်သက်၍ ဝါရင့်ပါတီခေါင်းဆောင်များနှင့် စကားလက်ဆုံကျသည့် “NLD ခရီးရှည်”ဟု အမည်ပေးထားသည့် ရုပ်သံအစီအစဉ်ကို ရိုက်ကူးခဲ့သည်။

ထိုအစီအစဉ်သည် လူကြည့်များသည့် အစီအစဉ်တစ်ခုဖြစ်ခဲ့ပြီး ဆွေးနွေးပွဲအတွင်းက ပြောဆိုခဲ့သည့်အကြောင်းအရာများကို စာအုပ်တစ်အုပ်အဖြစ် ပုံနှိပ်ထုတ်ဝေခဲ့ရသည်အထိ လူကြိုက်များခဲ့သည်။

“NLD ခရီးရှည်”အစီအစဉ်သည် ယခုနှစ်တွင် ပထမဆုံးအကြိမ်မဲပေးမည့် လူငယ်များအား နှစ်သုံးဆယ်ကာလအတွင်း ဖြတ်သန်းခဲ့ရသည့် ပါတီ၏သမိုင်းကြောင်းကို သိရှိစေရန် ရည်ရွယ်ခဲ့ခြင်းဖြစ်သည်ဟု ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ဆိုသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားလှယ်လောင်းများ၏ ပုံများပါဝင်သော မဲဆွယ်စည်းရုံးရေးကြော်ငြာဆိုင်းဘုတ်တစ်ခုကို ရန်ကုန်တိုင်းဒေသကြီးအတွင်း စက်တင်ဘာ၈ရက်က စိုက်ထူရန် ပြင်ဆင်နေကြစဉ်။ အဆိုပါနေ့သည် ရွေးကောက်ပွဲတရားဝင်မဲဆွယ်စည်းရုံးရေးများ စတင်သည့်နေ့ရက်လည်းဖြစ်သည်။ (စိုင်းအောင်မိန်း | အေအက်ဖ်ပီ)

မြေပြင်က စည်းရုံးရေး

ကိုဗစ်-၁၉ကပ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးဆိုင်ရာစည်းမျဉ်းများကြောင့် မြေပြင်တွင် မဲဆွယ်စည်းရုံးလှုပ်ရှားမှုများလုပ်ဆောင်ရန် နိုင်ငံရေးပါတီများတွင် အကန့်အသတ်ရှိခဲ့သည်။ သို့သော် အင်န်အယ်လ်ဒီပါတီသည် မဲဆွယ်စည်းရုံးမှုများလုပ်ဆောင်ရန် လျစ်လျူမရှုခဲ့ပေ။

ဇွန်တွင် ပါတီက အောင်နိုင်ရေးကော်မတီများကို ပြည်နယ်နှင့်တိုင်းဒေသကြီးမှ ရပ်ကွက်နှင့်ကျေးရွာအုပ်စုအဆင့်အထိ စနစ်တကျဖွဲ့စည်းခဲ့ပြီး မဲဆွယ်စည်းရုံးမှုများကို ထိရောက်စွာဆောင်ရွက်နိုင်ခဲ့သည်ဟု ဒေါက်တာမျိုးညွန့်ကဆိုသည်။

ပြည်နယ်နှင့်တိုင်းဒေသကြီးအဆင့် အောင်နိုင်ရေးကော်မတီများတွင် အဖွဲ့ဝင်ဦးရေကို ဒေသအခြေအနေအလိုက် ဖွဲ့စည်းခဲ့ပြီး ကော်မတီတစ်ခုလျှင် အနည်းဆုံးရှစ်ဦးမှ အများဆုံး ၁၅ ဦးအထိ ပါဝင်သည်။ ပါတီကို ထောက်ခံသူ၊ ရပ်ရွာက ယုံကြည်အားထားသူ၊ ဒေသခံများ၏ ဘာသာစကား၊ ယဉ်ကျေးမှုနှင့် အကျွမ်းတဝင်ရှိသူများကို ကော်မတီဝင်အဖြစ်ဦးစားပေးရွေးချယ်ခဲ့သည်။

“အောင်နိုင်ရေး ကော်မတီဖွဲ့တဲ့အခါ  ထူးခြားချက်ကပါတီဝင်မဟုတ်တဲ့သူတွေပါ ထည့်ထားတယ်။ ရွေးကောက်ပွဲက စိန်ခေါ်မှုများမယ်လို့ ယူဆတဲ့အတွက် အရေးကြီးတဲ့အဖွဲ့တွေမှာ ဥပဒေအကြံပေးတစ်ဦးနဲ့ စာရင်းကိုင်ကျွမ်းကျင်သူ တစ်ယောက်ထည့်ထားတယ်။ အဓိကအချက်က ကိစ္စတစ်ခုကြုံလာတဲ့အခါ ဥပဒေအရ အကြံပေးလမ်းညွှန်တာတွေ လုပ်နိုင်ပါတယ်။ ရွေးကောက်ပွဲ အောင်နိုင်ရေးကော်မတီတွေက ရလဒ်ကောင်းတွေရဖို့အတွက် မြေပြင်မှာ ကြိုးစားလုပ်ဆောင်နိုင်ခဲ့တယ်”ဟု ဒေါက်တာမျိုးညွန့်က ပြောသည်။

အင်န်အယ်လ်ဒီပါတီ၏ ချင်းပြည်နယ်ရွေးကောက်ပွဲအောင်နိုင်ရေးကော်မတီကို ပြည်နယ် စည်ပင်သာယာရေး၊ လျှပ်စစ်နှင့် စက်မှုလက်မှုဝန်ကြီးဟောင်း ဆလိုင်းအိုက်ဇက်ခင်က ဦးဆောင်ခဲ့သည်။ ထို့ပြင် မြို့နယ်ကိုးခုက ကိုယ်စားလှယ်တစ်ဦးစီပါဝင်သည့် အဆိုပါကော်မတီတွင် ဒေသခံများအကြား လူသိများထင်ရှားသည့် ချင်းအမျိုးသား ဒေါက်တာဆာဆာကိုလည်း ပါဝင်စေခဲ့သည်။

ရွေးကောက်ပွဲကျင်းပပြီး၍ မဲရလဒ်များကြေညာသောအခါ အင်န်အယ်လ်ဒီပါတီက ချင်းပြည်နယ်တွင် မဲဆန္ဒနယ်စုစုပေါင်း ၃၉နေရာအနက် ၃၆နေရာတွင် အနိုင်ရရှိခဲ့သည်။ မဲဆန္ဒနယ် ၂၈နေရာတွင်သာ အနိုင်ရရှိခဲ့သည့် ၂၀၁၅ကထက်စာလျှင် မဲဆန္ဒနယ်ရှစ်ခုတွင် ထပ်တိုးအနိုင်ရရှိလာခြင်းဖြစ်သည်။

ကိုယ်စားလှယ်လောင်းများ၏ မြေပြင်တွင် လူထုနှင့်တွေ့ဆုံ၍ မဲဆွယ်စည်းရုံးခြင်း၊ ပါတီအပေါ် လူထုက ထောက်ခံအားပေးလာအောင် မြို့နယ်အဆင့် အောင်နိုင်ရေးကော်မတီများက စိတ်အားထက်သန်စွာ ကူညီလှုံ့ဆော်စေခြင်းနှင့် ဖေ့စ်ဘွတ်ခ်အသုံးပြု၍ အွန်လိုင်းမှတစ်ဆင့် သတင်းအချက်အလက်နှင့် ကိုယ်စားလှယ်လောင်းများ၏ လုပ်ဆောင်ချက်များဖြန့်ဝေခြင်း စသည့် မဲဆွယ်စည်းရုံးရေး နည်းဗျူဟာသုံးခုကို ချမှတ်ခဲ့သည်ဟု ဆလိုင်းအိုက်ဇက်ခင်ကဆိုသည်။

“မြို့နယ်ကိုးခုကို ရောက်အောင်သွားတယ်။ ပိုပြီးအနိုင်ရဖို့ ခက်တဲ့နေရာတွေမှာ သေချာပြန်ပြီးတော့ အစီအစဉ်ဆွဲရတယ်။ ပြည်နယ်အောင်နိုင်ရေးကော်မတီအဖွဲ့ဝင်တွေက တစ်ပတ်နှစ်ကြိမ် Zoom (အွန်လိုင်းရုပ်သံအစည်းအဝေးများအတွက် အသုံးပြုသည့် ကွန်ပြူတာဆော့ဖ်ဝဲ)ကနေ အစည်းအဝေး လုပ်တယ်။ အဲဒီမှာ မြို့နယ်အသီးသီးကတက်လာတဲ့ ပြဿနာတွေကို ဖြေရှင်းတာမျိုးလုပ်တယ်”ဟု ဆလိုင်းအိုက်ဇက်ခင်ကပြောသည်။

“နှစ်ပေါင်းများစွာ ပစ်ပယ်ခံထားရတော့ ပြည်သူတွေရဲ့ မျှော်လင့်ချက်ကတော့များတယ်။ မြို့အားလုံးတစ်ပြေးညီ တစ်ချိန်တည်း ဖွံ့ဖြိုးစေချင်တာပေါ့။ အစိုးရအပေါ် အားမရတာတွေရှိတယ်။ ကျွန်တော်ကတော့ အမှန်အတိုင်းပဲပြောပြတယ်။ လိုအပ်ချက်တွေရှိတာမှန်တယ်။ ဒါပေမဲ့ ချင်းပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုက သိသာတယ်”ဟု ၎င်းကပြောသည်။

လွန်ခဲ့သည့် ငါးနှစ်တာကာလအတွင်း ပြည်နယ်အတွင်းရှိ အချို့ဒေသများတွင် ဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့ခြင်းမရှိသော်လည်း လာမည့်ငါးနှစ်တာကာလတွင် ဒေသခံများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် အင်န်အယ်လ်ဒီကို ထပ်မံမဲထည့်ဖို့ တိုက်တွန်းခဲ့သည်ဟု သူကဆိုသည်။

လွန်ခဲ့သည် ငါးနှစ်တာကာလအတွင်း  ပြည်ထောင်စုအစိုးရက ချင်းပြည်နယ်အတွက် အသုံးစရိတ်ကို ၂၀၁၅မတိုင်ခင်ကာလနှင့် နှိုင်းယှဉ်ပါက ခြောက်ဆခန့်ပိုမိုသုံးစွဲခဲ့ပြီး ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက ချင်းပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမြဲစိတ်ဝင်တစားရှိခဲ့သည်ဟု ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။ ရွေးကောက်ပွဲမတိုင်မီ လေ့လာအကဲဖြတ်မှုသုံးကြိမ်ပြုလုပ်ခဲ့ပြီး လိုအပ်သည့်အောင်နိုင်ရေး နည်းဗျူဟာများချမှတ်ခဲ့သည်ဟုလည်း ၎င်းကဆိုသည်။

“ပါတီရဲ့ ဦးဆောင်မှုက ရှင်းလင်းတယ်။ ဘယ်သူဦးဆောင်နေလဲဆိုတာကို ရှင်းရှင်းလင်းလင်းရှိတယ်။ ကျွန်တော့်ရဲ့ ခေါင်းဆောင်ကတော့ ဘယ်သူပါ။ ကျွန်တော့်ကို သူခိုင်းပါတာလို့ ရှင်းရှင်းပြောနိုင်တယ်။ တစ်ချို့ပါတီတွေမှာက ခေါင်းဆောင်မှု မရှင်းလင်းဘူး။ တကယ်ပဲဥက္ကဋ္ဌကဦးဆောင်နေတာ ဟုတ်၊ မဟုတ် သေချာဘူး။ နောက်တစ်ချက်က ပါတီအကြောင်းရှင်းပြရတဲ့အခါ ခိုင်ခိုင်မာမာရှိတယ်။ စွန့်လွှတ်အနစ်နာခံခဲ့ရတဲ့ ပါတီသမိုင်းကြောင်း၊ ဖြတ်သန်းလာတဲ့အတွေ့အကြုံတွေကို  ခိုင်ခိုင်မာမာ ပြောနိုင်တယ်။ လူတွေက ဒီအပေါ်မှာ စိတ်ဝင်စားကြတယ်လို့ ကျွန်တော်ထင်တယ်”ဟု ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

သို့သော် ဖရွန်းတီးယားမြန်မာက မေးမြန်းခဲ့သည့် အခြားသတင်းရင်းမြစ်များကဲ့သို့ပင် ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍက ပါတီ၏ရွေးကောက်ပွဲအနိုင်ရရှိမှုတွင် အဓိကကျနေဆဲ ဖြစ်သည်ဟု ၎င်းက ဆိုသည်။

“အောင်မြင်မှုရဲ့ အဓိကအချက်ကတော့ လူထုရဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာထားတဲ့ ယုံကြည်မှုပဲ”ဟု ဆလိုင်းအိုက်ဇက်ခင်က ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အပေါ်ထားသည့် လူထု၏ ယုံကြည်မှုသည် ပါတီအောင်နိုင်ရေးအတွက် အဓိကကျခဲ့သည်ဟု ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်ကလည်း မှတ်ချက်ပြုသည်။

“အဓိကအချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခေါင်းဆောင်မှုကို လူထုကဆက်ပြီး ယုံကြည်နေသေးတာပေါ့။ ၂၀၂၀နောက်ပိုင်းမှာ‌ နိုင်ငံရေးပါတီအနေနဲ့ ပြောရမယ်ဆို အင်န်အယ်လ်ဒီက အရွယ်ရောက်ဖို့ အချိန်တန်ပြီ။ ပုဂ္ဂိုလ်တစ်ဦးတည်းကို အခြေပြုမဲ့အစား ပါတီတွင်း ဒီမိုကရေစီနဲ့ ခိုင်မာတဲ့နိုင်ငံရေးအဖွဲ့အစည်း ဖြစ်အောင်လုပ်ဖို့လိုမယ်။ ဒီအောင်မြင်မှုပဲ သာယာနေလို့ မရတော့ဘူး”ဟု ဦးရဲထွဋ်ကပြောသည်။

အောက်တိုဘာ၂၅ရက်က ပျော်ဘွယ်မြို့အတွင်း လှည့်လည်သွားလာနေသော အင်န်အယ်လ်ဒီပါတီ၏ မဲဆွယ်ယာဉ်တန်းကို မြင်တွေ့ရစဉ်။ (ဓာတ်ပုံ | ပေးပို့)

ပစ်မှတ်ထားသည့်နေရာများ

ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါ၊ ပါတီ၏သမိုင်းကြောင်းနှင့် ရွေးကောက်ပွဲအောင်နိုင်ရေး နည်းဗျူဟာများကြောင့်သာမက အင်န်အယ်လ်ဒီသည် ချမ်းသာကြွယ်ဝသည့် ပါတီထောက်ခံသူများ၏ ပံ့ပိုးကူညီမှုကြောင့်လည်း ရွေးကောက်ပွဲတွင် အချို့မဲဆန္ဒနယ်များ၌ အနိုင်ရရှိခဲ့သည်ဟု ဆိုနိုင်သည်။

ယင်းသို့ ပံ့ပိုးကူညီသူများအနက် ဦးကျော်မျိုးနိုင်အမည်ရှိ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးလည်း ပါဝင်သည်။ ဦးကျော်မျိုးနိုင်သည် ၂၀၀၅တွင် “ဩရထရိတ်ဒင်းကုမ္ပဏီလီမိတက်” စတင်တည်ထောင်ခဲ့ပြီး ထိုင်းနိုင်ငံမှတစ်ဆင့် ထင်းအစားထိုးရေနံဓာတ်ငွေ့ရည် (LPG) များကို မြန်မာနိုင်ငံအတွင်းသို့ တင်သွင်းဖြန်ချိခဲ့သည်။ ၎င်းသည် အခြားအင်န်အယ်လ်ဒီပါတီကို ဝန်းရံထောက်ခံသူများနှင့်အတူ နှောင်ကြိုးမဲ့ဝန်းရံသူများအဖွဲ့ (Union State Success – National League for Democracy, USS-NLD) ကို တည်ထောင်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးတောင်ပိုင်းရှိ မိတ္ထီလာမြို့နယ်တစ်ဝိုက်တွင် အခြေစိုက်လှုပ်ရှားခဲ့သည်။

အထူးသဖြင့် မိတ္ထီလာသည် ၂၀၁၃က လူမျိုးရေးပဋိပက္ခများဖြစ်ပွားခဲ့ရာ ဒေသဖြစ်သည့်အပြင် ၂၀၁၅ရွေးကောက်ပွဲကာလက လူမျိုးရေးနှင့် ဘာသာရေးအကြောင်းပြမဲဆွယ်မှုများကြောင့် အင်န်အယ်လ်ဒီပါတီက ရှုံးနိမ့်၍ ပြည်ခိုင်ဖြိုးက အောင်ပွဲခံခဲ့သည့် ဒေသလည်းဖြစ်သည်။

မဲဆွယ်စည်းရုံးရေးကာလတွင် နှောင်ကြိုးမဲ့ဝန်းရံသူများအဖွဲ့က တစ်စီးလုံးကို ပါတီအမှတ်တံဆိပ်များဖြင့် အလှဆင်ထားပြီး “Vote NLD 2020”ဟူသည့် စာသားများ ရိုက်နှိပ်ထားသော မော်တော်ယာဉ်ကြီးတစ်စီးဖြင့် မိတ္ထီလာနှင့် အနီးတစ်ဝိုက် ဒေသများသို့ သွားရောက်လှည့်လည်၍ အင်န်အယ်လ်ဒီပါတီကို မဲပေးရန် ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်းရုံးလှုံ့ဆော်ပေးခဲ့သည်။

မြေပြင်ကွင်းဆင်း၍ မဲဆွယ်ရာတွင် ၎င်းတို့အဖွဲ့ကို အားဖြည့်ကူညီသူ အဖွဲ့ဝင်၄၀၀ဝန်းကျင်ရှိသည်​။ USS-NLD အမည်ဖြင့် ဖွင့်လှစ်ထားသော ဖေ့စ်ဘွတ်စာမျက်နှာတွင်မူ Follower ပရိသတ် ၉၉,၀၀၀ကျော် ရှိနေသည်။

“မိတ္ထီလာမှာအခြေစိုက်ထားပေမဲ့ ဖေ့စ်ဘွတ်ခ်မှာ စာမျက်နှာဖွင့်ပြီး တခြားမြို့ကဝန်းရံသူတွေက ဖိတ်တဲ့အတွက် ကျွန်တော်တို့ သွားရောက်ကူညီပေးခဲ့တာတွေရှိတယ်”ဟု ဦးကျော်မျိုးနိုင်က ဖရွန်းတီးယားမြန်မာကို နိုဝင်ဘာ၁၇ရက်တွင်ပြောကြားခဲ့သည်။

ထိုသို့ လှည့်လည်ရာတွင် ကိုဗစ်-၁၉ စည်းကမ်းချက်များအတိုင်း သတ်မှတ်လူဦးရေထက်မပိုစေဘဲ သွားရောက်ခဲ့သည်ဟု သူကဆိုသည်။

“၂၀၁၅မှာရှုံးတယ်ဆိုတာက ဘာသာရေးမှိုင်းနဲ့ အကြောက်တရားကြောင့်ရှုံးတာ။ ကျွန်တော်တို့ရော၊ ဒေသခံတွေရဲ့ သဘောထားကတော့ အစိုးရနဲ့ရွေးကောက်ခံ ကိုယ်စားလှယ်တစ်သားတည်း ဖြစ်စေချင်တာ။ ဒါကြောင့် လွန်ခဲ့တဲ့လေး နှစ်လောက်ကတည်းက မိတ္ထီလာမြို့မှာ အင်န်အယ်လ်ဒီ နိုင်အောင်လုပ်မယ်လို့ ကျွန်တော်ပြောခဲ့ဖူးတယ်”ဟု ဦးကျော်မျိုးနိုင်ကပြောသည်။

ဦးကျော်မျိုးနိုင်သည် လူအများနှင့်တွေ့ဆုံ၍ နိုင်ငံရေးအသိပညာဝေမျှခြင်း အစီအစဉ်ကို ၂၀၁၅ရွေးကောက်ပွဲအပြီးတွင် စတင်ခဲ့သည်။ မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၃၈၀တွင် ကိုယ်ပိုင်ငွေကြေးအသုံးပြု၍ ဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

“အင်န်အယ်လ်ဒီအားနည်းတဲ့ နေရာ၊ ကြောက်နေတဲ့ရွာတွေကို အတင်းတိုးဝင်ပြီး တစ်ဦးတည်း အလှူအတန်းတွေလုပ်တယ်။ အဖွဲ့ချုပ်ရဲ့ ဒီမိုကရေစီစံနှုန်းနဲ့ သဘောတရားတွေ၊ အကြောက်တရားတွေကင်းအောင် ဟောပြောလှုံ့ဆော်ခဲ့တယ်”ဟု သူကပြောသည်။

ထိုလုပ်ဆောင်ချက်များသည် ပါတီဝင်တစ်ဦးအနေဖြင့် လုပ်ဆောင်ခဲ့ခြင်းမဟုတ်ဘဲ မိမိတစ်ဦးတည်း၏ ဆန္ဒအရဆောင်ရွက်ခဲ့သည်ဟု ဦးကျော်မျိုးနိုင်ကဆိုသည်။ သို့သော် လှူဒါန်းမှုများ၊ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ ဆောင်ရွက်သည့်အခါ ပါတီမြို့နယ်ကော်မတီအဖွဲ့များကို ဖိတ်ကြားလေ့ရှိသည်ဟု ၎င်းကဆိုသည်။

“အလှူရှင်တစ်ယောက်အနေနဲ့ အောင်မြင်မှုရတဲ့အခါ  ပါတီကိုတွဲခေါ်တာက သူတို့ရဲ့ပုံရိပ်နဲ့ ကျွန်တော်နဲ့ တစ်ထပ်တည်းရှိတယ်ဆိုတာကိုပြတာ”ဟု သူကပြောသည်။

ဦးကျော်မျိုးနိုင်လုပ်ဆောင်သည့် ဖွံ့ဖြိုးရေးလုပ်ငန်းများတွင် ကျေးရွာများတွင် သောက်သုံးရေဖူလုံစွာ ရရှိရေးအတွက် စက်ရေတွင်းများတူးခြင်းနှင့် မိုကျရေလှောင်ကန်များ ပြင်ဆင်ခြင်း၊ အသစ်တည်ဆောက်ခြင်း စသည်တို့ပါဝင်သည်။ ထို့ပြင်ကျေးရွာများက လိုအပ်ချက်ရှိပါကလည်း ပါတီကတစ်ဆင့် ၎င်းတို့ကို ဆက်သွယ်ရန် သတင်းစကားပါးထားကြောင်းလည်း ဦးကျော်မျိုးနိုင်က ဆိုသည်။

“ရွေးကောက်ပွဲမတိုင်ခင် မိတ္ထီလာမြို့က ၇၀ရာခိုင်နှုန်းနိုင်ခြေရှိနေပြီလို့ တင်တာလျှောက်ပြောတာ မဟုတ်ဘူး။ ကျွန်တော်က လူထုနဲ့အမြဲထိတွေ့နေတော့ အခြေအနေကို ခန့်မှန်းလို့ရတယ်”ဟု ဦးကျော်မျိုးနိုင်ကပြောသည်။

မိတ္ထီလာသည် မန္တလေးတိုင်းဒေသကြီးတောင်ပိုင်းရှိ “ပြည်ခိုင်ဖြိုးမြို့လေးမြို့”ဟု အမည်တွင်သည့် မြို့များအနက် တစ်ခုအပါအဝင်ဖြစ်သည်။ ၂၀၁၅ရွေးကောက်ပွဲတွင် အင်န်အယ်လ်ဒီပါတီက မိတ္ထီလာ၊ ပျော်ဘွယ်၊ ရမည်းသင်းနှင့် သာစည်မြို့နယ်များတွင် မရှုမလှရှုံးနိမ့်ခဲ့သဖြင့် ယင်းသို့အမည်တွင်ခြင်းဖြစ်သည်။ သို့သော် ယခုနှစ်ရွေးကောက်ပွဲတွင်မူ အင်န်အယ်လ်ဒီပါတီက ယင်းမြို့နယ်များရှိ မဲဆန္ဒနယ်အားလုံးတွင် အနိုင်ရခဲ့သည်။

“မိတ္ထီလာမှာဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်တွေက လူတွေကိုကြောက်ရွံ့မှုတွေဖြစ်စေခဲ့ပေမဲ့ နိုင်ငံရေးအသိအမြင် မြှင့်တင်ဖို့၊ အမှားအမှန် ခွဲခြားတတ်ဖို့ လှူဒါန်းမှူတွေလုပ်ရင်း ပြောပေးနိုင်ခဲ့တယ်” ဟု ဦးကျော်မျိုးနိုင်ကပြောသည်။

မိတ္ထီလာအပါအဝင် ယခင်အင်န်အယ်လ်ဒီရှုံးနိမ့်ခဲ့သည့် နေရာများတွင် အနိုင်ရခဲ့ခြင်းမှာ လူထု၏ မြင့်မားလာသည့် နိုင်ငံရေးအသိရေချိန်ကြောင့်ဟု သူကသုံးသပ်သည်။

မိတ္ထီလာမြို့ခံတစ်ယောက် မဟုတ်သည့်တိုင် အင်န်အယ်လ်ဒီပါတီ အောင်နိုင်ရေးတွင် ငွေအင်အား၊ လူအင်အားဖြင့် တက်ကြွစွာပါဝင်ဆောင်ရွက်ပေးခဲ့သည့် အကြောင်းရင်းကို မေးမြန်းရာတွင် ၎င်း၏ အဓိကရည်ရွယ်ချက်မှာ ဒီမိုကရေစီစနစ်ကိုထောက်ခံအားပေးရန်ဖြစ်သည်ဟု ဦးကျော်မျိုးနိုင်က တုံ့ပြန်သည်။

“၁၉၈၈ အရေးခင်းမှာ ဒုတိယနှစ်ကျောင်းသား တစ်ယောက်အနေနဲ့ ပါဝင်လှုပ်ရှားခဲ့တယ်။ နောက်ပိုင်း စီးပွားရေးဘက်ကို ရောက်သွားပြီး အတိုင်းအတာတစ်ခုအထိ အောင်မြင်လာတော့လည်း ကိုယ်တတ်နိုင်တဲ့အချိန်မှာ ဒီမိုကရေစီအတွက် ဝန်းရံပေးတာပါ။ ပါတီထက် လူထုနဲ့ဒီမိုကရေစီအတွက် ဝင်ကူညီပေးတာပါ”ဟု ၎င်းကပြောသည်။

အင်န်အယ်လ်ဒီပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ၂၀၂၀ရွေးကောက်ပွဲရလဒ်သည် ၎င်းတို့၏ ကြိုတင်မျှော်မှန်းချက်နှင့် ထပ်တူကျခဲ့သည်ဟုဆိုသည်။

“၂၀၁၅ကလောက် မနိုင်ဘူးဆိုတာ အပြင်ကခန့်မှန်းချက်တွေပါ။ ကျွန်တော်တို့ကတော့ အစိုးရ ဖွဲ့နိုင်တဲ့အထိ နိုင်မယ်ဆိုတာကို အမြဲပြောခဲ့တာပါ။ ၂၀၂၀ရွေးကောက်ပွဲမှာ ပြည်သူကို ပါတီက စည်းရုံးရတာထက် ပြည်သူက ပြည်သူကို စည်းရုံးပေးခဲ့တာကြောင့် ပြည်သူတွေရဲ့ အောင်ပွဲလည်းဖြစ်တယ်”ဟု ၎င်းကပြောသည်။

အင်န်အယ်လ်ဒီပါတီ၏ အောင်ပွဲတွင် တက်ကြွစွာပါဝင်လှုပ်ရှားခဲ့သူများသည် ၎င်းတို့၏ လုပ်ဆောင်မှုများကို ဂုဏ်ယူစွာပြောဆိုကြသည့်တိုင် ပါတီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်အပေါ် လူထု၏ယုံကြည်ချစ်ခင်မှုကသာ အောင်နိုင်ရေး၏ အဓိကအကြောင်းရင်းဖြစ်ကြောင်း ၎င်းတို့က တစ်ညီတစ်ညွတ်တည်းဆိုသည်။

“လူထုက ကျွန်မတို့ ခေါင်းဆောင်ကို တစ်ခဲနက်ချစ်ခင်အားပေးကြတယ်။ ယုံကြည်ပေးကြတယ်။ ဒါက ကျွန်မတို့ပါတီ အပြတ်အသတ်အနိုင်ရဖို့အတွက် အကြီးမားဆုံးအထောက်အပံ့ပဲ”ဟု ဒေါ်ခင်စန်းလှိုင်က အခိုင်အမာဆိုသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar