နေပြည်တော်၊ မတ် ၆
ကိုယ့်ရဲ့အကျိုးအမြတ်တွေကို နိုင်ငံအတွက် ပြန်ပြီးမျှဝေခြင်းဖြင့် တာဝန်ယူကြဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပါတယ်။
“တာဝန်ဆိုတာ မလုပ်မဖြစ်လုပ်ရမယ့် ဝန်ထုတ်ဝန်ပိုးလို့ မစဉ်းစားဘဲနဲ့ တာဝန်ယူပိုင်ခွင့်ရတာကိုက အခွင့်အရေး၊ နိုင်ငံသားတစ်ယောက် ရသင့်တဲ့အခွင့်အရေး တစ်ခုဖြစ်တယ်” လို့ နေပြည်တော်ရှိ ကင်မ်ပင်စကီ ဟိုတယ် Kempinski Hotel မှာ ဒီကနေ့ မနက် ၉ နာရီက စတင်ပြုလုပ်နေတဲ့ အမျိုးသမီးလုပ်ငန်းရှင်များနဲ့ စကားဝိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောဆိုခဲ့တာ ဖြစ်ပါတယ်။
နိုင်ငံကို ပေးလိုက်ရတဲ့ အခွန်အခတွေဟာ နိုင်ငံအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်း ဖွံ့ဖြိုးရေးဆိုင်ရာကိစ္စတွေမှာ ခွဲဝေ သုံးစွဲရတာဖြစ်တယ်လို့လည်း ဒေါ်အောင်ဆန်းစုကြည်က ရှင်းပြတယ်။
“အခွင့်အရေး တောင်းပြီးတော့ တာဝန်ယူဖို့ကျတော့ အစိုးရအားလုံးလုပ် ဆိုတာဟာ ဒီမိုကရေစီစံနှုန်း စံထားတွေနဲ့ မကိုက်ညီပါဘူး” လို့လည်း အခမ်းအနားရဲ့ အဖွင့်မိန့်ခွန်းမှာ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က ထည့်သွင်းပြောခဲ့ပါသေးတယ်။
ဒါ့အပြင် နိုင်ငံရဲ့ငြိမ်းချမ်းရေး၊ တည်ငြိမ်တိုးတက်ရေးကိစ္စတွေမှာ ဘယ်လိုပံ့ပိုးပေးမလဲဆိုတာကိုလည်း စီးပွားရေးဘက်က ပုဂ္ဂိုလ်တွေ စဉ်းစားကြဖို့ အရေးတကြီး လိုအပ်နေတဲ့အကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ထောက်ပြခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အစိုးရလက်ထက် ၎င်းတို့ကိုယ်တိုင် ပထမဆုံး ရေးဆွဲတဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် အခွန်အကောက် လျာထားချက်မှာလည်း ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကထက် ကျပ် ၂၇၀ ဘီလီယံကျော် တိုးမြှင့်ကောက်ခံရရှိဖို့ မျှော်မှန်းထားတာ တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာနိုင်ငံမှာ အခုဆင်နွှဲရမယ့် တော်လှန်ရေးဟာ နိုင်ငံရေး၊ လူမှုရေးကိစ္စတွေ မဟုတ်ဘဲ စိတ်ဓာတ်တော်လှန်ရေးသာဖြစ်ကြောင်း သတိပေးသွားပါတယ်။
“စိတ်ဓာတ်ကို ပြောင်းနိုင်မှ လူမှုရေး၊ နိုင်ငံရေးကို ပြောင်းနိုင်မှာဖြစ်တယ်” လို့ ဒီကနေ့ အခမ်းအနားရဲ့ အဖွင့်မိန့် ခွန်းမှာ နိုင်ငံတော်အတိုင်ပင်ခံက ထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။
သတင်း – ဉာဏ်လှိုင်လင်း