အခြေခံပညာကျောင်းများတွင် တော်သင့်ညံ့အလိုက် အတန်းမခွဲတော့

နေပြည်တော်

မကြာခင် ကျောင်းအပ်လက်ခံတော့မယ့် ၂၀၁၇-၁၈ အခြေခံပညာသင်နှစ်ကစပြီး တော်၊ သင့်၊ ညံ့ အလိုက် အတန်းခွဲတာတွေ လုပ်မှာမဟုတ်တော့ဘူးလို့ ပညာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ပြောကြားပါတယ်။

နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာနမှာ ဧပြီ ၂၆ ရက်နေ့က ပြုလုပ်တဲ့ အစိုးရရဲ့ ပထမတစ်နှစ်တာကာလအတွင်း ပြုပြင်ဆောင်ရွက်ခဲ့မှုများနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူက အခုလို ထည့်သွင်း အသိပေးလိုက်တာပါ။

ဒါနဲ့ပတ်သက်ပြီး Frontier က မေးမြန်းရာမှာတော့ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက “တော်၊ သင့်၊ ညံ့အစား A၊ B၊ C,D နဲ့ပဲခွဲမယ်ဆိုတာ အခြေခံဥပဒေအရ၊ နောက်ပြီးတော့ နိုင်ငံတကာမှာ ကျင့်သုံးနေတဲ့ ခွဲခြားဆက်ဆံတာမဖြစ်ဖို့၊ အဲဒီတော့ ကလေးကို မှတ်တမ်းပဲယူထားတယ်” လို့ ပြန်ဖြေပါတယ်။

ဒီလိုပြောင်းလဲရတာဟာ တော်သူ၊ ညံ့သူ ကျောင်းသား ကျောင်းသူ အချင်းချင်းကြားမှာ ပူးပေါင်းဆောင်ရွက်တတ်တဲ့၊ မျှဝေတတ်တဲ့၊ လက်တွဲခေါ်ယူတတ်တဲ့ အလေ့အထထွန်းကားလာအောင် ဆောင်ရွက်တာဖြစ်တယ်လို့ ပညာရေးဝန်ကြီးဌာန တာဝန်ရှိသူတွေက ပြောကြပါတယ်။

“အရင်လို မိမိကလေးကို A တန်းထားချင်လို့ လုပ်ရတာမျိုး မရှိတော့ဘူး။ အတန်းခွဲဘယ်လောက်ပဲရှိပါစေ တော်တယ်လို့ သတ်မှတ်ခြင်းခံရသူလည်းပါမယ်။ ညံ့တယ်လို့ သတ်မှတ်ခြင်းခံရသူလည်းပါမယ်”လို့ ဦးဝင်းမော်ထွန်းကတော့ ဆိုပါတယ်။

အတန်းခွဲခြင်းအပေါ် ဘယ်လိုစီမံခန့်ခွဲမှာလဲလို့ Frontier က ဆက်လက်မေးမြန်းရာမှာတော့ “ပညာရေးဝန်ကြီးဌာနကတော့ မူပဲပေးလိုက်တာ။ အတန်းခွဲတာက အိမ်နံပါတ်တွေလိုပါပဲ။ အိမ် ၁၀ လုံးရှိလို့ ၁ ကနေ ၁၀ ဖြစ်တာပါ။ အိမ်နံပါတ် ၁ သည် ၁၀ ထက်ပိုကောင်းတယ်ဆိုတာမရှိပါဘူး”လို့ ဒုတိယဝန်ကြီးက ပြန်ရှင်းပါတယ်။

ဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးရဲ့ ရှင်းလင်းချက်အရ ဒီကိစ္စအပါအဝင် အစိုးရသစ်ရဲ့ တစ်နှစ်တာ ကာလအတွင်းမှာ ပညာရေးဝန်ကြီးဌာနအနေနဲ့ ၁၉၈၈ ခုနှစ်ကတည်းကကျင်းသုံးလာတဲ့ ရမှတ်စနစ်နဲ့ အကဲဖြတ်ရာကနေ ကဏ္ဍပေါင်းစုံ အကဲဖြတ်ရမှတ်တွေကိုကြည့်ပြီး အတန်းတင်ပေးခြင်း၊ ကျောင်းခေါ်ချိန် မပြည့်တဲ့ကလေးတွေကို ဖြည့်ဆည်း သင်ကြားပေးခြင်း၊ စာမေးပွဲစစ်ပုံပြောင်းခြင်းတွေကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမယ့် စာမေးပွဲအောင်စာရင်းဆိုတဲ့အခေါ်အဝေါ်ကို အတန်းကူးပြောင်းခြင်းလို့ ပြောင်းလဲတာ၊ ဖေဖော်ဝါရီလအတွင်း ကျင်းပခဲ့တဲ့ အခြေခံပညာစာမေးပွဲအချိန်စာရင်းအချို့ကို ရက်ကပ်မှ အပြောင်းအလဲလုပ်တာကဲ့သို့ ရုတ်ချည်း ပြောင်းလဲမှုတွေကြောင့် ပြည်သူအချို့ရဲ့ ဝေဖန်မှုတွေ လူမှုကွန်ရက် စာမျက်နှာတွေမှာကျယ်ကျယ် ပြန့်ပြန့်တွေ့နေရပါတယ်။

ဒါကြောင့် နောင်မှာ ပညာရေးဝန်ကြီးဌာနအနေနဲ့ အပြောင်းအလဲတွေကို ဘယ်လိုစီမံ ဆောင်ရွက်ဖို့ပြင်ဆင်ထားတာရှိပါသလဲလို့ Frontier က ဆက်လက်မေးမြန်းရာမှာတော့ “ကျောင်းပြက္ခဒိန် ဆွဲနေတယ်။ မူလတန်းကျောင်းကအစ တက္ကသိုလ်အထိ ဆွဲနေတယ်။ အဲဒါနဲ့ နှိုင်းယှဉ်ပြီးလုပ်ရင် ရုတ်ချည်းလုပ်ရတဲ့ ကိစ္စတွေမရှိတော့ပါဘူး” လို့ ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြန်ဖြေခဲ့ပါတယ်။

အစိုးရသစ်အနေနဲ့ ဖေဖော်ဝါရီလအတွင်းကပဲ နိုင်ငံတကာနဲ့ ကုလသမဂ္ဂတို့ပါဝင်တဲ့ ပညာရေးဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းရေးဆွဲခဲ့တဲ့ “အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း ၂၀၁၆-၂၁” ကို ထုတ်ပြန်ထားပြီး ပညာရေးကဏ္ဍ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာဖြစ်ပါတယ်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar