အခမဲ့စီးနင်းခွင့်များဖြင့် Uber က တက္ကစီဝန်ဆောင်မှု စတင်

ရန်ကုန်၊ ဧပြီ ၂၆

အမေရိကန်အခြေစိုက် Uber အငှားယာဉ်ဝန်ဆောင်မှုကုမ္ပဏီက မြန်မာနိုင်ငံတွင် စတင်ဝန်ဆောင်မှုပေးမည်ဟု ပြီးခဲ့သည့် မတ်လက ကြေညာခဲ့ပြီးနောက် ယနေ့မှ စတင်၍ ဝန်ဆောင်မှုပေးမည်ဟု ထပ်မံကြေညာလိုက်သည်။

Uber သည် တက္ကစီဝန်ဆောင်မှုလုပ်ငန်းဆိုသော်လည်း ၎င်းတို့ပိုင် ကားများနှင့် ဝန်ဆောင်မှုပေးခြင်း မဟုတ်ဘဲ မိုဘိုင်းဖုန်းမှတဆင့် ဝန်ဆောင်မှုပေးလိုသည့်ကားနှင့် စီးနင်းလိုသည့်ခရီးသည်ကြား ချိတ်ဆက်ပေးသည့် ဝန်ဆောင်မှုအမျိုးအစားမျိုး ဖြစ်သည်။

၎င်း၏ မိုဘိုင်းအက်ပ်လီကေးရှင်းအား ဒေါင်းလော့ဆွဲထားသည့် မြန်မာပြည်မှ သုံးစွဲသူများထံသို့ အရောင်းမြှင့်တင်ရေး အစီအစဉ်အဖြစ် ယနေ့မှ နောက်လ ငါးရက်အတွင်း တစ်ကြိမ်လျှင် အများဆုံးတစ်သောင်းဖိုးအထိ ၁၀ ကြိမ်တိတိ အခမဲ့ စီးနင်းနိုင်မည်ဖြစ်ကြောင်း Uber က စာများပေးပို့ထားသည်။

လက်ရှိတွင်မြန်မာနိုင်ငံတွင်း၌ Oway ride နှင့် Hello cab ကဲ့သို့သော ပြည်တွင်းကုမ္ပဏီများကလည်း Uber နှင့် ပုံစံဆင်တူသော ဝန်ဆောင်မှုများကို ပြီးခဲ့သည့်နှစ်က စတင်၍ ဆောင်ရွက်လျှက်ရှိသည်။ ထို့ပြင် စင်ကာပူအခြေစိုက် နည်းပညာအခြေပြု အငှားယာဉ်ဝန်ဆောင်မှု လုပ်ငန်းတစ်ခုသည့် Grab Taxi ကလည်း ၎င်း၏ ဝန်ဆောင်မှုများကို ရန်ကုန်မြို့တွင် မတ် ၂၂ ရက်နေ့က စတင်စမ်းသပ်နေပြီဖြစ်သည်။

အဆိုပါဝန်ဆောင်မှုများတွင် အငှားယာဉ်စီးနင်းလိုသူများအနေဖြင့် မိုဘိုင်းအပလီကေးရှင်းကို အသုံးပြုကာ အငှားယာဉ်များကို ခေါ်ယူနိုင်ပြီး သတ်မှတ်ထားသည့် ကျသင့်ငွေကို စီးနင်းပြီးနောက် ပေးချေရမည်ဖြစ်သည်။

Uber ၏ တာဝန်ရှိသူများသည် ပြီးခဲ့သည့် ဒီဇင်ဘာနှင့် ဖေဖော်ဝါရီလများက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနှင့် တွေ့ဆုံခဲ့ပြီးနောက် မြန်မာနိုင်ငံတွင် လုပ်ငန်းဆောင်ရွက်ရန် Uber ၏ ကြေညာချက် ပေါ်ထွက်လာခြင်းလည်း ဖြစ်သည်။

ခရီးသည်တင်ဘတ်စ်များကို အဆင့်မြှင့်တင်ပြီးပါက တက္ကစီယာဉ်များကို စနစ်တကျပြန်လည် စုစည်းမည်ဖြစ်သလို Uber နှင့်လည်း ဆက်သွယ်ဆောင်ရွက်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြီးခဲ့သည့် ဇန်နဝါရီလက ပြောကြားခဲ့သည်။

Uber သည် နိုင်ငံပေါင်း ၈၁ နိုင်ငံမှ မြို့ပေါင်း ၅၈၁ ခုတွင် ဝန်ဆောင်မှုပေးနေသည့် နိုင်ငံတကာလုပ်ငန်းဖြစ်သည်။

သို့သော် ပြိုင်ဘက်လုပ်ငန်းများ၏ ကားများအား ဟန်ဆောင်ခေါ်ယူကာ အမှာကိုပြန်ဖျက်ပြီး ယာဉ်မောင်းများ၏ အချိန်ကုန်စေခဲ့သည့်ဖြစ်စဉ် ၅,၀၀၀ ကျော်အား ဝန်ထမ်း ၁၇၀ ကျော်က ၂၀၁၄ ခုနှစ်တွင် ပြုလုပ်ခဲ့သဖြင့် ဝေဖန်မှုများခံခဲ့ရသည်ဟု CNN ၏သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။ ထို့ပြင် သဘာဝဘေးအန္တရာယ်ကျရောက်လျှင် ဈေးများကိုမြှင်တင်ခြင်း၊ စာနယ်ဇင်းသမားများနှင့် ဒေသဆိုင်ရာ အာဏာပိုင်များအား Uber မှ အမှုဆောင်များက သဘောထားတင်းမာစွာ ဆက်ဆံခဲ့ခြင်းများနှင့် ပတ်သက်၍လည်း ဝေဖန်မှုများရှိခဲ့ဖူးသည်ဟု အမေရိန်ကန်အခြေစိုက် Huffington Post နှင့် အခြား သတင်းဌာနများက ဖော်ပြခဲ့သည့် သတင်းများအရ သိရသည်။

သတင်း-ကျော်ဖုန်းကျော်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.