အကြမ်းဖက်သင်တန်း ဖော်ထုတ်ရမိခဲ့သည့် တင်းမေကျေးရွာ၏ တာဝန်ခံ သတ်ဖြတ်ခံရ

မောင်တော၊ ဧပြီ ၁

အကြမ်းဖက်တိုက်ခိုက်ရေးသင်တန်း စခန်းတစ်ခု ဖော်ထုတ်ရရှိသည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည့် ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ဘဇာနယ်မြေရှိ တင်းမေကျေးရွာအုပ်စု၏ တာဝန်ခံဖြစ်သူ ဟာမစ်ဒူလ္လာသည် မတ် ၃၁ ရက်ညပိုင်းက သတ်ဖြတ်ခံခဲ့ရသည်။

မတ် ၇ ရက်နေ့က ဖော်ထုတ်ရရှိသည့် ဖြစ်စဉ်အပြီး ၂၂ ရက်အကြာတွင် အစိုးရအစီအစဉ်ဖြင့် အဆိုပါဒေသသို့ ရောက်ရှိ သတင်းယူနေသည့် မီဒီယာအဖွဲ့နှင့် တွေ့ဆုံအပြီး နှစ်ရက်အကြာတွင် ထိုသို့ အသက်ဆုံးရှုံးခဲ့ရခြင်း ဖြစ်သည်။

အစိုးရက ခန့်အပ်ထားသည့် ကျေးရွာတာဝန်ခံဖြစ်သူ ဟာမစ်ဒူလ္လာသည် မတ် ၂၉ ရက်နေ့၊ မွန်းလွဲပိုင်းအချိန်၊ တင်းမေကျေးရွာထိပ်တွင် မီဒီယာများနှင့် တွေ့ဆုံစဉ်ကတည်းက ၎င်းအား အသက်အန္တရာယ် ခြိမ်းခြောက်မှုများ ရှိနေသည်ဟု ထုတ်ဖော်ပြောကြားထားသူ ဖြစ်သည်။

“လုံခြုံရေးပေးထားတာတော့ မရှိဘူး။ ကျွန်တော် ကိုယ့်ဟာကိုယ် ခေါ်ထားတာပါ။ ကျွန်တော့်ကို ဝေဖန်တာတွေ ရှိတယ်”ဟု ဟာမစ်ဒူလ္လာက ပြောကြားခဲ့သည်။

ဘူးသီးတောင်မြို့နယ်၊ အုပ်ချုပ်ရေးမှုးရုံး၏ သတင်းပေးပို့ချက်အရ မတ် ၃၁ ရက်နေ့၊ ည ၁၂ နာရီခန့်၊ ၎င်းအိပ်စက်နေစဉ်တွင် လူတစ်စုက နေအိမ်အတွင်း ဝင်ရောက် သတ်ဖြတ်သွားသည်ဟုဆိုသည်။

ရရှိထားသော ဓာတ်ပုံမှတ်တမ်းများအရ ဖျာခင်းထားသော အိပ်ရာပေါ်တွင် အင်္ကျီချွတ်လျှက် ပက်လက် အနေအထား၊ လည်ပင်းပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရှိခဲ့ရသည်။

မောင်တောခရိုင် လုံခြုံရေးတာဝန်ရှိသူတို့၏ ပြောဆိုချက်အရ အကြမ်းဖက်သင်တန်း ဖွင့်လှစ်မှုနှင့် စပ်လျဉ်း၍ ယနေ့အချိန်အထိ ၁၇ ယောက် ဖမ်းဆီးထားကြောင်း သိရသည်။

တင်းမေကျေးရွာအနီးသို့ မတ် ၂၉ ရက်နေ့က မီဒီယာအဖွဲ့ ရောက်ရှိစဉ် ဖမ်းဆီးခံထားရသူနှစ်ဦး၏ မိသားစုဝင် နှစ်ဦးနှင့် တွေ့ဆုံမေးမြန်းခွင့်ရခဲ့ပြီး ဖမ်းဆီးခံထားရသည့် ၎င်းတို့၏ ဆွေမျိုးသားချင်းများသည် အပြစ်မရှိဟု တညီတညွတ်တည်း ပြောကြသည်။

အဆိုပါဒေသတွင် အစိုးရက စီစဉ်စေလွှတ်သည့် မီဒီယာအဖွဲ့များနှင့် တွေ့ဆုံအပြီး ထိုသို့သတ်ဖြတ်ခံရမှုသည် ဒုတိယအကြိမ်မြောက် ဖြစ်သည်။

မောင်တောခရိုင်အတွင်းရှိ နယ်ခြားစောင့်ရဲစခန်းများ ပြီးခဲ့သည့် အောက်တိုဘာလက တိုက်ခိုက်ခံရပြီး နောက်ပိုင်း အစိုးရအစီအစဉ်ဖြင့် သတင်းယူသည့် မီဒီယာများ၏ ပထမခရီးစဉ်တွင်လည်း ထိုသို့ကြုံရဖူးသည်။

ပြီးခဲ့သည့်နှစ် ဒီဇင်ဘာအတွင်း ပထမဆုံးတစ်ဖွဲ့သွားရောက်စဉ် ငခူရကျေးရွာမှ မွတ်ဆလင်အမျိုးသားတဦးမှာ သတင်းထောက်များက အင်တာဗျူး မေးမြန်းခဲ့ပြီးနောက် နောက်တစ်ရက်အကြာ၊ ဒီဇင်ဘာ ၂၁ ရက်နေ့တွင် နေအိမ်မှ ပျောက်ဆုံးသွားခဲ့ပြီး သေဆုံးလျှက် ပြန်လည်တွေ့ရှိဖူးသည်။

ခရီးစဉ်နှစ်ခုစလုံးတွင် လိုက်ပါခဲ့သည့် သတင်းစာဆရာ ဦးစည်သူအောင်မြင့်က “လူ့အသက်ထက် ဘယ်ဟာမှ အရေးမကြီးဘူး။ သူ အသက်စွန့်ရမယ်ဆိုရင် သွားမယူဘူး။ မကောင်းဘူး။ နောင်တစ်ခေါက်မဖြစ်အောင် စီစဉ်ပေးတဲ့သူတွေဖက်က ပြင်ဆင်သင့်တယ်” ဟု Frontier ကို မှတ်ချက်ပြုသည်။

အစိုးရ၏ ထုတ်ပြန်ချက်များအရ ၂၀၁၆ ခုနှစ်၊ အောက်တိုဘာ အကြမ်းဖက်မှုမှစ၍ ၂၀၁၇ ခုနှစ်၊ မတ် ၁၄ ရက်နေ့အထိ အကြမ်းဖက်တိုက်ခိုက်သူများ၏ လက်ချက်ကြောင့် အဆိုပါဒေသနေ ပြည်သူ ၃၁ ဦး သေဆုံး၊ ပျောက်ဆုံးကြောင်း သိရသော်လည်း စုံစမ်းဖော်ထုတ်မှု အခြေအနေအသေးစိတ်ကိုမူ မသိရသေးပေ။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar