ဟိုတယ်သစ်တည်ဆောက်ခွင့်များ ပိတ်ပင်ထားခြင်း မရှိသေး

ရန်ကုန်နှင့် မန္တလေးအပါအဝင် ဒေသအချို့တွင် ဟိုတယ်သစ် တည်ဆောက်ခွင့်များ ပိတ်ပင်ထားခြင်းမဟုတ်ပဲ ပြန်လည် သုံးသပ်နေခြင်းသာ ဖြစ်သည်ဟု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ဝန်ကြီးဌာနမှ တာဝန်ရှိသူများက ပြောကြားသည်။

“တားမြစ်တယ်ဆိုတာ လုံးဝမဟုတ်ပါဘူး။ ဆိုင်းငံ့တယ်ဆိုတာတောင် နည်းနည်း လွဲနေသေးတယ်။ အမှန်ကတော့ ရင်းနှီးမြှပ်နှံသူတွေအနေနဲ့ ရင်းနှီးမြှပ်နှံမှု မမှားအောင် လုပ်ပေးတာပါ” ဟု ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီး ဦးအုန်းမောင်က စက်တင်ဘာ ၂၁ ရက်နေ့က ပြောကြားသည်။

“ဒါ့အပြင် ခရီးသွားလုပ်ငန်းအတွက် လိုအပ်လို့ရှိရင် တစ်ခြားနေရာတွေမှာလည်း လိုအပ်ရင် လိုအပ်သလို ဆောက်လုပ်ပေးသွားဖို့ရှိပါတယ်” ဟု ၎င်းကပြောကြားသည်။

ဝန်ကြီးဌာနအနေနှင့် ဒေသအသီးသီးသို့ အကြိမ်ကြိမ် လေ့လာမှု လုပ်ခဲ့ပြီးနောက် ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ အင်းလေး၊ ညောင်ရွှေနှင့် ကလောမြို့များတွင် ဟိုတယ်သစ် တည်ဆောက်မှုများကို အောက်တိုဘာ ၃၁ ရက်နေ့က စတင်ကာ ကန့်သတ် တားမြစ်လိုက်သည်ဟု ပြီးခဲ့သည့် ရက်ပိုင်းက သတင်းများတွင် ဖော်ပြခဲ့သည်။

ဝန်ကြီးဌာန၏ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးလှိုင်ဦးကမူ ထိုသတ်မှတ်ကာလ နောက်ပိုင်းတွင် ပြန်လည်းစဉ်းစားရန် ဆောင်ရွက်ခြင်းသာဖြစ်သည်ဟု ဆိုသည်။

“အထူးသဖြင့် ၃၀ ၇က်၊ ၁၀ လပိုင်း ၂၀၁၆ ထိ ခွင့်ပေးထားပြီး အဲဒီနောက်ပိုင်းဆိုရင်တော့ ပြန်ပြီး နည်းနည်းစဉ်းစားပေးဖို့ လုပ်တာပါ” ဟု ၎င်းကပြောသည်။

“ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းမှာ ရင်းနှီးမြှပ်နှံမှုပိုင်းမှာ ရင်နှီးမြှပ်နှံသူတွေအနေနဲ့ ထင်သလောက်မရနိုင်ဘဲ ဆုံးရှုံးနိုင်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ Analysis (လေ့လာသုံးသပ်မှု) ပြန်လုပ်တာဖြစ်ပြီး နေရာထူထပ်နေတဲ့နေရာတွေမှာ ထပ်ဆောက်ခွင့်၊ ပေးသင့်မပေးသင့်ကို တိုင်းဒေသကြီးအစိုးရနဲ့ ညှိနှိုင်းဖို့အတွက် လုပ်တာဖြစ်ပါတယ်” ဟု ဦးလှိုင်ဦးက ပြောကြားသည်။

လက်ရှိအချိန်အထိ ဟိုတယ်သစ်များအတွက် ခွင့်ပြုမိန့်နှင့် လိုင်စင်များ ပိတ်ပင်ထားခြင်း မရှိသေးဟုလည်း ၎င်းက ပြောကြားသည်။

ဝန်ကြီးဌာနအနေဖြင့် နိုင်ငံတကာ ခရီးသည်များကို ပိုမိုစွဲဆောင်နိုင်ရန်အတွက် ခရီးသွားနေရာသစ်များ ဖော်ထုတ်ရန် ဆောင်ရွက်နေသည်ဟုလည်း သိရသည်။

“ခရီးသွားလုပ်ငန်းမြှင့်တင်ရေးအတွက် နေရာဒေသအသစ်တွေကို ဖော်ထုတ်ရာမှာ ကုန်းမြေသည်သာ အဓိကမဟုတ်ဘဲ ရေအပိုင်းလည်း အရေးကြီးပြီး အဲဒီအပိုင်းနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဝန်ကြီးဌာနအနေနဲ့ အစဖော်ပြီး လုပ်ဆောင်သွားရန်ရှိပါတယ်။ ဒီကိစ္စအတွက် လာမယ့် ဒီဇင်ဘာလအတွင်း တနင်္သာရီတိုင်းကို ကွင်းဆင်း စစ်ဆေးသွားဖို့ ရှိပါတယ်” ဟု ဝန်ကြီး ဦးအုန်းမောင်က ပြောသည်။

ခရီးသွား ဒေသသစ်များ ဖော်ထုတ်ရန် တိုင်းဒေသကြီး ဝန်ကြီးချုပ်၊ သယံဇာတဝန်ကြီးဌာနနှင့် သစ်တောဝန်ကြီးဌာနများ ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်းနှင့် တိုင်းရင်းသား ရင်းနှီးမြှပ်နှံသူများကိုသာ ဦးစားပေး ဆောင်ရွက်သွားမည်ဟု ၎င်းကပြောကြားသည်။

မြန်မာနိုင်ငံတွင် ဟိုတယ် ၁,၃၇၃ လုံးနှင့် ဟိုတယ်ခန်းပေါင်း ၅၃,၇၈၃ ခန်းရှိသည်ဟု ဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလမှ ဇူလိုင်လအထိ မြန်မာနိုင်ငံသို့ နိုင်ငံခြားသား ခရီးသည် ခုနစ်သိန်းကျော် လာရောက်ခဲ့ရာ ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက လေးရာခိုင်နှုန်း တိုးတက်လာခြင်း ဖြစ်သည်ဟု ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။ 

သတင်း-ဆုမြတ်မွန်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.