သီးနှံဖျက်ပိုးမျိုးစိတ်သစ် ထိန်းချုပ်ရေးအတွက် အမေရိကန်က ကူညီနေ

မြန်မာနိုင်ငံ၏ ပြောင်းစိုက်ပျိုးထုတ်လုပ်မှုကို သိသာစွာ ကျဆင်းစေနိုင်သည့် ငမြှောင်တောင်ပိုးခေါ်၊ သီးနှံဖျက်ပိုးကျရောက်မှုအား ထိန်းချုပ်ရေးအတွက် မြန်မာနိုင်ငံအား ကူညီသွားမည်ဟု အမေရိကန်က မတ် ၁၄ ရက်နေ့က ပြောကြားသည်။

အမေရိကန်အခြေစိုက် လယ်ယာစိုက်ပျိုးရေး ကျွမ်းကျင်သူများသည် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ လယ်ယာစိုက်ပျိုးရေးအဖွဲ့အစည်းများနှင့် အတူလက်တွဲ၍ သီးနှံဖျက်ပိုး ကျရောက်ပျံနှံ့မှု လျော့ပါးစေရေး ဆောင်ရွက်ရန် မြန်မာနိုင်ငံသို့ ယခုရက်သတ္တပတ်တွင် ရောက်ရှိနေသည်။ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီသည် မီရှိဂန်ပြည်နယ်တက္ကသိုလ်မှ ကျွမ်းကျင်သူ ပညာရှင် ၈ ဦးနှင့်အတူ နေပြည်တော်သို့ မတ် ၁၄ ရက်နေ့က သွားရောက်ကာ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ကိုယ်စားလှယ်များ၊ အင်န်ဂျီအိုများ၊ အရပ်ဘက်အဖွဲ့အစည်းများ၊ နိုင်ငံတော်အဆင့်နှင့် ဒေသန္တရအဆင့် အစိုးရတာဝန်ရှိသူများနှင့်အတူ သီးနှံဖျက်ပိုး ကျရောက်ပျံ့နှံမှု လျော့ပါးစေရေး မဟာဗျူဟာများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို နှစ်ရက်ကြာ ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

“သီးနှံဖျက်ပိုးမျိုးစိတ်အသစ်ကြောင့် မြန်မာနိုင်ငံအတွင်း သီးနှံဆုံးရှုံးရမှုတွေကို ဘယ်လိုလျှော့ချရမလဲဆိုတာ လာရောက်လေ့လာပြီး အကြံဉာဏ်တွေ ပေးဖို့အတွက် မြန်မာအစိုးရက အကူအညီတောင်းပါတယ်။ ကျွန်တော်တို့ကလည်း လှိုက်လှိုက်လှဲလှဲ ကူညီဖို့အသင့်ပါပဲ” ဟု အလုပ်ရုံဆွေးနွေးပွဲတွင် အမေရိကန်သံအမတ်ကြီး စကော့မာစီရယ်က ပြောကြားသည်။

မီရှိဂန်ပြည်နယ်တက္ကသိုလ်အဖွဲ့နှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန၊ သီးနှံကာကွယ်ရေး ဌာနခွဲနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာနတို့မှ တာဝန်ရှိပုဂ္ဂိုလ်တို့သည် မြစ်ဝကျွန်းပေါ်ဒေသ ညောင်တုန်း၊ ဓနုဖြူနှင့် ဟင်္သာတမြို့နယ်သို့ သွားရောက်၍ ငမြှောင်တောင်ပိုးကျရောက်မှုဒဏ် အကြီးအကျယ်ခံခဲ့ရသည့် တောင်သူများနှင့်အတူ ကွင်းဆင်းလေ့လာဆန်းစစ်မှု ပြုလုပ်ခဲ့သည်။

ရှမ်းပြည်နယ်သည် မြန်မာနိုင်ငံတွင်း ပြောင်းစိုက်ပျိုးထုတ်လုပ်မှုအများဆုံးဖြစ်ပြီး ယင်းသီးနှံဖျက်ပိုးဒဏ် အကြီးအကျယ် ခံခဲ့ရဖွယ်ရှိသည်ဟုဆိုသည်။ ၎င်းသီးနှံဖျက်ပိုးကို စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာနမှ ဒေသခံဝန်ထမ်းများက ဇလွန်နှင့် ဟင်္သာတမြို့နယ်များတွင် ပြီးခဲ့သည့် ဇန်နဝါရီလက ပထမဆုံး စတင်တွေ့ရှိခဲ့ခြင်းဖြစ်သည်။

“တောင်သူလယ်သမား၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးစီးပွား၊ ပြည်တွင်းနဲ့ နိုင်ငံတကာကပုဂ္ဂိုလ်တွေနဲ့ လက်တွဲဆောင်ရွက်ခြင်းကနေပြီး သီးနှံဖျက်ပိုး ပိုပြီးရှာဖွေဖော်ထုတ်ရေးနဲ့ မြန်မာနိုင်ငံအတွင်း သီးနှံပျက်စီးမှုဒဏ်ကို နည်းနိုင်သမျှ နည်းအောင် လျှော့ချရာမှာ အဓိကဖြစ်တဲ့ ပိုးမွားကာကွယ် တားဆီးရေးကို ပိုပြီးထိရောက်ကောင်းမွန်အောင် ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။ ဒါကြောင့်လည်း အခုလို အလုပ်ရုံဆွေးနွေးပွဲပြုလုပ်နေပြီး တောင်သူလယ်သမားတွေ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ဆည်မြောင်းဝန်ကြီးဌာနက ပုဂ္ဂိုလ်တွေနဲ့ လက်တွဲဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ၏ ဌာနေ ညွှန်ကြားရေးမှူး ထရီဆာမက်ဂီက ပြောကြားသည်။

ငမြှောင်တောင်ပိုးကို ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံ အပါအဝင် ဒေသတွင်း အခြားနိုင်ငံများတွင်လည်း ပြီးခဲ့သည့်နှစ်အတွင်းက တွေ့ရှိခဲ့သည်။

ဤအစီအစဉ်မှာ မြန်မာနိုင်ငံအတွင်း ပိုမိုကောင်းမွန်သော ဖွံ့ဖြိုးသာယာရေးနှင့် ငြိမ်းချမ်းရေးအတွက် အမေရိကန် ပြည်ထောင်စုက နှစ်စဉ် ဒေါ်လာသန်း ၁၂၀ နီးပါး ပေးအပ်နေသည့် အကူအညီများအတွင်းမှ အစိတ်အပိုင်းတစ်ရပ် ဖြစ်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.