သမ္မတ၏ လွတ်ငြိမ်းသက်သာခွင့်ဖြင့် အကျဉ်းသူ၊ အကျဉ်းသား ၉,၅၀၀ ကျော် လွတ်မြောက်

ရဲမွန်

မြန်မာ့နှစ်သစ်ကူးအထိမ်းအမှတ်အဖြစ် သမ္မတဦးဝင်းမြင့်က ယနေ့ (ဧပြီ ၁၇ ရက်နေ့တွင်) ပေးအပ်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်အရ တစ်နိုင်ငံလုံးတွင် အကျဉ်းသူ၊ အကျဉ်းသား ၉,၅၀၀ ကျော် လွတ်မြောက်လာပြီး နောက်ဆက်တွဲ လွှတ်ပေးရန်အစီအစဉ်လည်း ပါဝင်သော်လည်း မည်သည့်အချိန်တွင် ဆက်လက် လွှတ်ပေးမည်ကိုမူ မသိရသေးကြောင်း အကျဉ်းဦးစီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဦးမင်းထွန်းစိုးက Frontier ကို ပြောသည်။

ထင်ရှားသည့်နိုင်ငံရေးအကျဉ်းသားများအပြင် မကြာမီကမှ ပူလစ်ဇာဆုရရှိခဲ့ကြသည့် ရိုက်က်တာသတင်းထောက်နှစ်ဦးတို့ မပါဝင်ခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်တွင် မူးယစ်ဆေးအမှုများနှင့် ပြစ်ဒဏ်ကျခံနေရသူ အများဆုံးပါဝင်သည်ဟု ၎င်းက ဆိုသည်။

“မြန်မာ့နှစ်သစ်မင်္ဂလာအခါသမယ အထိမ်းအမှတ်အားဖြင့်လည်းကောင်း၊ ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းရေးနှင့် လူသားချင်းစာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း” နိုင်ငံသားအကျဉ်းသူ၊ အကျဉ်းသား ၉,၅၃၅ ဦးအား စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်သည်ဟု သမ္မတ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ကျန်အကျဉ်းသား၊ အကျဉ်းသူများထဲမှ လွှတ်သင့်လွှတ်ထိုက်သူများကိုလည်း စနစ်တကျစိစစ်နေပြီး လွတ်ငြိမ်းသက်သာခွင့် ဆက်လက်ပေးသွားမည်ဟု ကြေညာချက်တွင် ဆက်လက်ဖော်ပြထားသည်။ ထိုအချက်သည် ယခင်နှစ်များနှင့် မတူသည့်အချက်တစ်ချက်ဖြစ်သည်။

“အရင်နှစ်တွေတုန်းက အခုလိုမျိုးမပါခဲ့တော့ ကျွန်တော်တို့လည်း မသိသေးပါဘူး။ ဒီနေ့လွှတ်မယ့် စာရင်းတောင် ဒီမနက်မှ ကျွန်တော်တို့ဆီ ရောက်တာပါ။ ကြိုမသိရပါဘူး”ဟု ဦးမင်းထွန်းစိုးက ပြောသည်။

thuya-10.jpg

 title=

title=

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၏စာရင်းအရ အကျဉ်းထောင်အသီးသီးတွင် နိုင်ငံရေး လှုပ်ရှားမှုများကြောင့် ထောင်ဒဏ်ကျခံနေရသူ ၄၅ ဦးရှိပြီး ၃၁၉ ဦးမှာ တရားရင်ဆိုင်လျက်ရှိနေကြရသည်။

ထိုအဖွဲ့မှ အဖွဲ့ဝင် ဦးထွန်းကြည်က သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်တွင် နိုင်ငံရေးအကျဉ်းသားများ ပါဝင်မှု နည်းပါးခြင်းကြောင့် အစိုးရက လုပ်ဆောင်နေသည့် အမျိုးသားရင်ကြားစေ့ရေးု လုပ်ငန်းစဉ်အပေါ် ထိခိုက်စေသည်ဟု ပြောသည်။

”နောက်ဆက်တွဲ လွတ်ငြိမ်းချမ်းသာခွင့်မှာ ပါဝင်ကြမယ်လို့တော့ မျှော်လင့်ရပါတယ်။ အဲဒါမှပဲ အမျိုးသား ရင်ကြားစေ့ရေးဆိုတာ တကယ်ဖြစ်မှာ”ဟု ၎င်းကပြောသည်။

thuya-3_1.jpg

 title=

title=

ယနေ့ည ၇ နာရီအထိ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့၏ စာရင်းအရ လွတ်ငြိမ်းချမ်းသာခွင့်တွင် မူးယစ်ဆေးဝါးအမှုဖြင့် အကျဉ်းထောင်အတွင်း ၁၉ နှစ်နေခဲ့ရသည့် နိုင်ငံရေးအကျဉ်းသား၂ ဦးသာပါရှိပြီး မြင်းခြံနှင့် အိုးဘိုအကျဉ်းထောင်တို့မှ ဖြစ်သည်။

ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်မှ အကျဉ်းသူ၊ အကျဉ်းသား ၇ဝဝကျော် လွတ်မြောက်ခဲ့သော်လည်း မူးယစ်ဆေးဝါးအမှုဖြင့် ထောင်ဒဏ် ၁၇ နှစ်ကျခံနေရသည့် ရုပ်ရှင်သရုပ်ဆောင် မိုးအောင်ရင် ပါဝင်ခဲ့ခြင်းမရှိသည်ကို တွေ့ရသည်။

သမ္မတက သီးခြားထုတ်ပြန်သည့်အမိန့်တွင် မြန်မာနိုင်ငံ၏ အကျဉ်းထောင်အသီးသီး၌ အကျဉ်းကျခံနေရသည့် နိုင်ငံခြားသား အကျဉ်းသား ၁၆ ဦးကိုလည်း စည်းကမ်းသတ်မှတ်ချက်မထားဘဲ လွတ်ငြိမ်းသက်သာခွင့် ပေးလိုက်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar