သမ္မတလွတ်ငြိမ်းဖြင့် ပြန်လွတ်လာသည့် ရိုဟင်ဂျာ ၈၀၀ ကို ရခိုင်ပြည်နယ်သို့ ပို့ဆောင်

အေအက်ဖ်ပီ

ရန်ကုန်-မြန်မာနှစ်သစ်ကူးကာလအထိမ်းအမှတ်အဖြစ် သမ္မတလွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်လာသည့် ရိုဟင်ဂျာအကျဉ်းသား ရှစ်ရာအား ရခိုင်ပြည်နယ်သို့ ဧပြီ ၂၀ ရက်တွင် အစိုးရက ပြန်လည်ပို့ဆောင်ခဲ့သည်။
မြန်မာနိုင်ငံရှိ အကျဉ်းသားဦးရေ အဆမတန်များပြားနေသည့် အကျဉ်းထောင်များသည် COVID-19 ကူးစက်မှုအများဆုံးရှိနေသည့် နေရာများဖြစ်လာနိုင်သည်ဆိုသည့် စိုးရိမ်မှုများရှိခဲ့ပြီးနောက် လွန်ခဲ့သောအပတ်တွင် ပြန်လည်လွတ်မြောက်ခဲ့သည့် အကျဉ်းသား ၂၅၀၀၀ ခန့်တွင် ရိုဟင်ဂျာ အမျိုးသား၊ အမျိုးသမီးနှင့် ကလေးငယ်များပါဝင်ခဲ့ခြင်းဖြစ်သည်။

မြန်မာရေတပ်သည် ပြန်လွတ်မြောက်လာသူ ရိုဟင်ဂျာ အုပ်စုတစ်စုကို ရန်ကုန်မှ ရခိုင်ပြည်နယ်သို့ပို့ဆောင်ပေးခဲ့ပြီး ၎င်းတို့သည် ပြည်နယ်တွင်း သွားလာမှုအကြီးအကျယ်ကန့်သတ်ထိန်းချုပ်ခံရမည်ဖြစ်သည်။ ရိုဟင်ဂျာများ သွားလာမှုကန့်သတ်ခံရခြင်းသည် လူမျိုးရေး၊ အသားအရောင်ခွဲခြားရေးစနစ်ကျင့်သုံးစဉ် ကြုံရသည့် အခြေအနေများနှင့်ပင်ဆင်တူကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ကပြောဆိုခဲ့သည်။

ပြန်လွတ်မြောက်လာသည့် ရိုဟင်ဂျာ ၆၀၀ ကျော်သည် ပြည်နယ်မြို့တော် စစ်တွေနားသို့ ပို့ဆောင်ခံရပြီး အခြား ၂၀၀ ဦးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနယ်စပ်နား ရခိုင်ပြည်နယ်မြောက်ဘက်ခြမ်းရှိ မြို့နယ်များသို့ ပို့ဆောင်ခံခဲ့ရကြောင်း ပြည်နယ်လူဝင်မှုကြီးကြပ်ရေးဌာနအကြီးအကဲ ဦးစိုးလွင်က အေအက်ဖ်ပီသတင်းဌာနသို့ပြောသည်။
ပြန်လွတ်မြောက်လာသည့် ရိုဟင်ဂျာ များကို သီးခြားထားရှိစောင့်ကြည့်မည်ဖြစ်ကြောင်း ဦးစိုးလွင်ကပြောဆိုခဲ့သည်။

မြန်မာနိုင်ငံတွင် COVID-19 ကူးစက်မှု အကြီးအကျယ်ရှိနိုင်သဖြင့် အန္တရာယ်မများသည့် အကျဉ်းသားများကို ပြန်လွှတ်ပေးရန် တောင်းဆိုမှုများရှိနေသည်။ မြန်မာနိုင်ငံရှိ အကျဉ်းထောင်များသည် လူအလွန်ကျပ်သိပ်နေပြီး ကျန်းမာရေးနှင့်လည်း မညီညွတ်ကြောင်း လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့(HRW)က ဝေဖန်ပြောဆိုခဲ့ပြီးဖြစ်သည်။အကျဉ်းသားများသည် COVID-19 ကူးစက်ခံရနိုင်ခြေရှိနေပြီး ကူးစက်ခံရပါကလည်း အခြေအနေဆိုးရွားသွားနိုင်ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကလည်း သတိပေးထားသည်။

မြန်မာနိုင်ငံ၌ COVID-19 ကူးစက်ခံရသူ ၁၁၁ ဦးသာရှိနေသော်လည်း ကူးစက်ခံရမှုရှိမရှိ စစ်ဆေးမှုနည်းပါးနေခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်အားနည်းခြင်းတို့ကြောင့် အမှန်တကယ်ကူးစက်သူဦးရေသည် အစိုးရကထုတ်ပြန်သည့် ကူးစက်သူဦးရေထက် ပိုမိုများပြားနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။

၂၀၁၇ ခုနှစ်တွင် မြန်မာစစ်တပ်၏ အကြီးအကျယ်ထိုးစစ်ဆင်မှုကြောင့် ရိုဟင်ဂျာထောင်သောင်းပေါင်းများစွာသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး အကျိုးဆက်အဖြစ် မြန်မာစစ်တပ်သည် ရိုဟင်ဂျာများအား လူမျိုးသုဉ်းသတ်ဖြတ်ရန် ကြိုးပမ်းခဲ့ကြောင်း အပြည်ပြည်ဆိုင်ရာတရားရုံးမှတစ်ဆင့် တရားစွဲဆိုခံခဲ့ရကာ ရိုဟင်ဂျာများအား ပိုမိုကောင်းမွန်စွာဆက်ဆံရန် ဖိအားပေးမှုများလည်းရှိလာခဲ့သည်။

ရိုဟင်ဂျာများ၏အခြေအနေ တိုးတက်ကောင်းမွန်လာခြင်းရှိမရှိနှင့်ပတ်သက်၍ မြန်မာအစိုးရသည် လာမည့်လတွင် အပြည်ပြည်ဆိုင်ရာတရားရုံးသို့ အစီရင်ခံစာတင်ပြရမည်ဖြစ်သည်။ မကြာသေးမီနှစ်များအတွင်း ရိုဟင်ဂျာရာပေါင်းများစွာသည် လူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုဖြင့် အဖမ်းခံရပြီးနောက် ရုံးတင်စစ်ဆေးအပြစ်ပေးခံခဲ့ရသည်။ မြန်မာနိုင်ငံ၌ ရိုဟင်ဂျာများအား တရားမဝင်ရွှေ့ပြောင်းများအဖြစ် ရှုမြင်ထားကြသည်။

သက်အေး ဘာသာပြန်သည်။

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.