သတင်းသမားတွေ ကြုံလာရတဲ့ စိန်ခေါ်မှုအသစ်တွေ

နှစ် ၅၀ နီးပါးကြာ ကျင့်သုံးခဲ့သည့် ဆင်ဆာစနစ်ကို အစိုးရက ၂၀၁၂ ခုနှစ်တွင် ရုပ်သိမ်းပြီးနောက် လုပ်ကြံသတ်ဖြတ်မှုများကြောင့် သတင်းသမားများ အသက်သေဆုံးခဲ့မှု မရှိသေးသော်လည်း အသက်အန္တရာယ်ဖြစ်လောက်သည့် ခြိမ်းခြောက်မှုများ ဆက်တိုက်ဆိုသလို တိုးပွားလာခဲ့သည်။

ထွန်းခိုင် ရေးသားသည်။

“ဝုန်း”

ပေါက်ကွဲသံကြောင့် အလွတ်တန်းသတင်းထောက် ဦးငြိမ်းချမ်းအေးတယောက် အိပ်ယာမှ လန့်နိုးသွားခဲ့သည်။

မြန်မာနိုင်ငံမြောက်ဘက်ပိုင်းရှိ ဗန်းမော်မြို့လေး၏ သန်းခေါင်ယံအချိန်သည် မိုးဦးကျ တစ်ဖွဲဖွဲကျနေသည့် မိုးကြောင့် တိတ်ဆိတ်နေခဲ့သော်လည်း ပေါက်ကွဲမှုကြောင့် အားလုံးလှုပ်လှုပ်ရှားရှား ဖြစ်သွားခဲ့ရသည်။

ဦးငြိမ်းချမ်းအေး အိပ်ရာမှထပြီး အသံလာရာ သူ၏အိမ်နောက်ဘက်သို့ ထွက်ကြည့်ခဲ့သည်။ ထိုစဉ် တစ်ပြိုင်နက်ဆိုသလို သူ၏ အနီးနားရပ်ကွက်တွင်လည်း ပေါက်ကွဲမှုဖြစ်ပွားကြောင်း ဖုန်းခေါ်ဆိုမှုတစ်ခု လက်ခံရရှိခဲ့သည်။

ထို့ကြောင့် သူ၏ အိမ်ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုမည့်အစား အခင်းဖြစ်ပွားရာနေရာသို့ သွားရောက်ရန်ကိုသာ ဆုံးဖြတ်လိုက်သည်။

ပေါက်ကွဲမှုသတင်းအပါအဝင် သူ၏နေ့စဉ်လှုပ်ရှားမှုများ တစ်နေကုန် ပြုလုပ်ပြီးနောက် ညနေခင်းရောက်မှ သူ၏အိမ်ဝန်းအတွင်း ထပ်မံ လှည့်ပတ်ကြည့်ရှုရာ သူ၏နေအိမ်တွင်လည်း ပေါက်ကွဲမှု ဖြစ်ပွားထားသည်ကို ထပ်မံတွေ့ရှိခဲ့သည်။

“အရင်က ခြိမ်းခြောက်တာတွေတော့ ရှိတယ်။ အသက်ကို ရန်ရှာတာ ဒါပထမဆုံးပဲ”ဟု ဇူလိုင် ၁ ရက်နေ့၊ သန်းခေါင်ကျော် နံနက် ၁ နာရီခွဲခန့်က သူ၏ နေအိမ်တွင်ဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုနှင့် ပတ်သက်ပြီး အပတ်စဉ်ထုတ် Hot News ဂျာနယ်၏ အလွတ်တန်းသတင်းထောက် ဦးငြိမ်းချမ်းအေးက ပြောသည်။

လူမျိုးစုလက်နှက်ကိုင်များ၊ အစိုးရတပ်ဖွဲ့ဝင်များနှင့် အစိုးရက ကြောထောက်နောက်ခံပေးထားသော ပြည်သူ့စစ်များ ခြေခြင်းလိမ်နေသည့် ဗန်းမော်မြို့တွင်ရှိသည့် အနည်းငယ်သော သတင်းထောက်များထဲမှ တစ်ယောက်ဖြစ်သော ဦးငြိမ်းချမ်းအေးသည် သူ၏နေအိမ်အား ဗုံးခွဲ တိုက်ခိုက်ခံရမှုမဖြစ်မီကတည်းက ခြိမ်းခြောက်မှုများကို အကြိမ်ကြိမ်ခံခဲ့ရသည်ဟု ဆိုသည်။

၂၀၁၄ ခုနှစ် က သူ၏နေအိမ်ခြံစည်းရိုးတွင် M20 ကျည်ဆံ တစ်ခုထည့်ထားသည့် ဆေးလိပ်ဗူးခွံတစ်ခုကို လာရောက် ချိတ်ဆွဲထားမှု ဖြစ်ပွားခဲ့သေးကြောင်းလည်း ဦးငြိမ်းချမ်းအေးက ပြောသည်။

“ဖုန်းဆက်ပြီး ခြိမ်းခြောက်တာတွေကတော့ ခဏခဏပဲ”ဟု သူကဆိုသည်။

ဆယ်စုနှစ်ပေါင်းများစွာ အစိုးရက စောင့်ကြည့်နေမှုကြောင့် ခက်ခဲစွာ ရုန်းကန်ခဲ့ရသည့် မြန်မာ့သတင်းလောကသည် ဒီမိုကရေစီ အသွင်ကူးပြောင်းမှုနှင့်အတူ အပေါင်းလက္ခဏာဆောင်သည့် တိုးတက်မှုများကို ပြီးခဲ့သည့် လေးနှစ်အတွင်း မြင်တွေ့လာခဲ့သည်။ ထို့အတူ သတင်းထောက်များအတွက် အသက်အန္တရာယ်ကို ခြိမ်းခြောက်သည့် ဖြစ်ရပ်များလည်း တိုးပွားလာသည်။

နှစ် ၅၀ နီးပါးကြာ ကျင့်သုံးခဲ့သည့် ဆင်ဆာစနစ်ကို အစိုးရက ၂၀၁၂ ခုနှစ်တွင် ရုပ်သိမ်းပြီးနောက် လုပ်ကြံသတ်ဖြတ်မှုများကြောင့် သတင်းသမားများ အသက်သေဆုံးခဲ့မှု မရှိသေးသော်လည်း အသက်အန္တရာယ်ဖြစ်လောက်သည့် ခြိမ်းခြောက်မှုများက ဆက်တိုက်ဆိုသလို တိုးပွားလာခဲ့သည်။

ဦးငြိမ်းချမ်းအေးသည် သတင်းဆင်ဆာစနစ် ရုတ်သိမ်းပြီးနောက် ပထမဆုံးတိုက်ခိုက်ခံခဲ့ရသည့် သတင်းထောက်တစ်ဦး မဟုတ်ပေ။

သူ၏ ဖြစ်ရပ်မဖြစ်ပွားမီ သုံးလခန့် မတ် ၁၀ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ သတင်းထောက်တစ်ဦး၏ နေအိမ်လည်း ဗုံးခွဲတိုက်ခိုက်မှု ခံခဲ့ရဖူးသည်။

စစ်တွေမြို့တွင် အရေးကြီးသည့် အစိုးရအရာရှိအချို့နေထိုင်ပြီး လုံခြုံရေးထူထပ်သော မေယုလမ်း၌ တည်ရှိသည့် RiA – Root Investigative Agency အယ်ဒီတာချူပ် ဦးမင်းမင်းနေအိမ်အား မတ် ၁၀ ရက် ညသန်းခေါင်အချိန်တွင် ဗုံးဖြင့် တိုက်ခိုက်ခံခဲ့ကြခြင်းဖြစ်သည်။

“အသံဗုံးလို့ဆိုပေမဲ့ ဒါဟာခြိမ်းခြောက်မှုတစ်ခုထက် ပိုတယ်”ဟု သူ၏ နေအိမ်ခြံဝန်းအတွင်းတွင် ပြန့်ကျဲနေသည့် ဗုံးစများကို ရိုက်ထားသည့်ဓာတ်ပုံကို ပြသရင်း ကိုမင်းမင်းက ပြောသည်။

ကိုမင်းမင်းနေအိမ်နှင့် ဦးငြိမ်းချမ်းအေးတို့၏ နေအိမ်များ တိုက်ခိုက်ခံရမှု နှစ်ခုလုံးတွင် မည်သူကမျှ ၎င်းတို့၏ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ခြင်းမရှိသလို လက်သည်တရားခံကိုလည်း လက်ရှိအချိန်အထိ မဖော်ထုတ်နိုင်သေးပေ။

၁၉၆၄ ခုနှစ်က စတင်ခဲ့သည့် သတင်းဌာနများအပေါ် တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ခဲ့သည့် ဆင်ဆာစနစ်သည် ၂၀၁၁ ခုနှစ်အလယ်ပိုင်းမှ စတင်ပြီး တဖြည်းဖြည်း လျှော့ချခဲ့ပြီးနောက် ၂၀၁၂ ခုနှစ်၊ သြဂုတ်တွင် လုံးဝအဆုံးသတ်သွားခဲ့သည်။

အစိုးရက စောင့်ကြည့်သည့် ဆင်ဆာစနစ် ရုပ်သိမ်းသွားသော်လည်း သတင်းသမားများက ကိုယ်တိုင်ဆင်ဆာလုပ် တည်းဖြတ်ကာ ထုတ်လုပ်ရသည့် အခြေအနေမျိုးများ ကြုံတွေ့နေရဆဲဖြစ်ကြောင်း မြန်မာသတင်းသမားအချို့က ဆိုသည်။

၂၀၁၄ ခုနှစ်၊ ဧပြီလတွင် ဒီဗီဘီသတင်းထောက်တစ်ဦး ထောင်ချခံခဲ့ရသည့်အတွက် သတင်းစာများက ကန့်ကွက်ထားကြသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ/ရဲအောင်သူ

၂၀၁၄ ခုနှစ်၊ ဧပြီလတွင် ဒီဗီဘီသတင်းထောက်တစ်ဦး ထောင်ချခံခဲ့ရသည့်အတွက် သတင်းစာများက ကန့်ကွက်ထားကြသည်ကို တွေ့ရစဉ်။ ဓာတ်ပုံ- အေအက်ဖ်ပီ/ရဲအောင်သူ

ကချင်ပြည်နယ်၊ မြစ်ကြီးနားအခြေစိုက် သတင်းထောက် မရန်ထွယ်အောင်က လက်နက်ကိုင်အဖွဲ့များ၏ သတင်းများ ရေးသားရာတွင် ကြီးမားသည့် စိန်ခေါ်မှုများ ရှိနေဆဲဖြစ်ကြောင်း သူ၏အတွေ့အကြုံများကို ပြောသည်။

သူနေထိုင်ရာ မြန်မာပြည်မြောက်ပိုင်း၊ ကချင်ပြည်နယ်သည် နှစ်ဘက် မကြာခဏ တိုက်ခိုက်နေသည့် တပ်မတော်၊ ကချင်လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည့် ကေအိုင်အေအပြင် ၎င်းတို့နှစ်ဖွဲ့ကို ထောက်ခံ(သို့မဟုတ်) ကန့်ကွက်နေသည့် ပြည်သူ့စစ်များ တပ်စွဲသည့်ဒေသလည်း ဖြစ်သည်။

လူ့အခွင့်အရေးချိုးဖောက်မှုနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်ဖော်ကားမှုများနှင့် ပတ်သတ်ပြီး လက်နက်ကိုင်တပ်ဖွဲ့များအကြား အပြန်အလှန် စွပ်စွဲမှုများရှိနေသည့် ဒေသလည်း ဖြစ်သည်။

နှစ်ဘက်တိုက်ခိုက်မှုများအတွင်း မျှတသည့် မည်သည့် သတင်းတင်ဆက်မှုမျိုးမဆို တစ်ဖက်ဖက်က ပစ်မှတ်ထား တိုက်ခိုက်မှုကို မကြာခဏ ကြုံတွေ့နေရသည့် ဒေသလည်း ဖြစ်သည်။

“လက်နက်ကိုင် သတင်းလိုက်ရတာ အမှန်အတိုင်း ရေးနိုင်ဖို့ ခက်တယ်။ လုံခြုံမှုလည်း မရှိဘူး။ သူတို့ရဲ့ သတင်းရေးပြီးရင် သူတို့နယ်မြေကို နောက်တစ်ခါသွားဖို့က မဖြစ်နိုင်တော့ဘူး”ဟု မရန်ထွယ်အောင်က ပြောသည်။

ရခိုင်ပြည်နယ်အတွက်ဆိုလျှင် မူးယစ်ဆေးဝါးသတင်းနှင့် အမျိုးသားရေးသတင်းများသည် လိုက်ရခက်ခဲပြီး အန္တရာယ်ရှိသော သတင်းများဖြစ်ကြောင်း ဦးမင်းမင်းက ဆိုသည်။

ရိုဟင်ဂျာဟု ၎င်းတို့ကိုယ်၎င်း ခေါ်ဆိုပြီးဒေသခံအများစုက ဘင်္ဂါလီဟုခေါ်သော မူဆလင်များနှင့် ရခိုင်များအကြား ဖြစ်ပွားနေသည့် ပဋိပက္ခများတွင် ကိုမင်းမင်းတယောက် ပစ်မှတ်ဖြစ်လာခဲ့သည်။ သူအလုပ်လုပ်ရာ RiA – Root Investigative Agency အမည်ဖြင့် Facebook စာမျက်နှာအတု ခုနစ်ခုအထိ ထွက်ပေါ်လာခဲ့ပြီး ကိုမင်းမင်းအား ဗုဒ္ဒဘာသာဝင်များအတွက် အန္တရာယ်ရှိသော သတင်းသမားအဖြစ် ပုံဖော်ခဲ့ကြပါသည်။

“သူ့ကို ဗုဒ္ဒဘာသာဝင်အဖြစ်ကနေ ထုတ်ပယ်သင့်တယ်ဆိုပြီးတော့အထိတောင် လုပ်လာကြတယ်”ဟု ကိုမင်းမင်းက သူကြုံတွေ့ရသည့် အဖြစ်အပျက်ကို ပြောကြားသည်။

“အစိုးရနဲ့ဖြစ်ရင် တရားစီရင်ရေးလမ်းကြောင်းအရ ဖြေရှင်းလို့ ရသေးတယ်။ လူထုအားနဲ့ လာတဲ့ ပြဿနာတွေဆိုရင် ဖြေရှင်းလို့ မရဘူး”ဟု သူက ဆက်ပြောသည်။

နောက်ဆုံးတွင် အကြီးမားဆုံးတိုက်ခိုက်ခံရမှုဖြစ်သည့် နေအိမ်ကို လက်လုပ်ဗုံးဖြင့် တိုက်ခိုက်ခံရပြီးနောက် စစ်တွေမြို့မှ ထွက်ခွာသွားရန် ဆုံးဖြတ်ခဲ့ပြီး ရန်ကုန်ကတဆင့် သူ၏ သတင်းဌာနကို ဆက်လက် လည်ပတ်စေခဲ့သည်။

မြေပြန့်ဒေသရှိ သတင်းသမားများမှာလည်း လက်နက်ကိုင် ပဋ္ဋိပက္ခတွေရှိနေတဲ့ တိုင်းရင်းသားဒေသတွေက သတင်းသမားတွေနှင့် မတူညီသည့် ခြိမ်းခြောက်မှုများကို ခံနေရပြန်သည်။

မြန်မာဂျာနယ်လစ်ကွန်ယက်(မကွေး)၏ အတွင်းရေးမှူးဖြစ်သူ ကိုမြင့်ဇော်ဦးက တိုင်းရင်းသားဒေသများကဲ့သို့ လက်နက်ဖြင့် ခြိမ်းခြောက်မှု မကြုံခဲ့ရဖူးသော်လည်း ဥပဒေကြောင်းအရ ခြိမ်းခြောက်မှုများ ရှိနေသည်ဟု ပြောကြားသည်။

“မမှားလိုက်နဲ့ မှားရင်တရားစွဲမယ်။ တရားစွဲရင်လဲ မှားတာမှန်တာထက် အချိန်ကုန်၊ အလုပ်ပျက်တဲ့ အခြေအနေ ရှိတယ်”ဟု ၎င်းကပြောသည်။

၂၀၁၄ ခုနှစ်က မန္တလေးတွင် လူမျိုးရေးပဋိပက္ခများ ဖြစ်စဉ်ကလည်း သတင်းထောက်များကို ပစ်မှတ်ထား တိုက်ခိုက်မှုများ ရှိခဲ့ဖူးသည်။

ဧရာဝတီသတင်းဌာန၏ မန္တလေးသတင်းထောက် မဇာနည်မာန်အား ပဋိပက္ခတွင် ပါဝင်နေသူများက တိုက်ခိုက်ရန် ကြိုးစားခဲ့ကြသည်။

“ဈေးချိုနားမှာ သတင်းယူနေရင်း သတ်မယ်၊ ဖြတ်မယ်ဆိုပြီး လူတွေဝိုင်းလာတယ်။ ဘေးက ရပ်ကြည့်နေတဲ့သူတွေက ဒါမျိုးလက်မခံဘူး၊ မလုပ်ရဘူးလို့ ဝိုင်းအော်မှ ထွက်သွားကြတယ်”ဟု သူကပြောသည်။

သို့သော် ကင်မရာထဲမှာ မန်မိုရီကဒ်ကို ယူဆောင်သွားကြသည်။ နောက်တစ်နေ့တွင် သတင်းထောက်တယောက်၏ ကင်မရာကို အလွယ်ကူဆုံး ဖျက်စီးနည်းဆိုကာ ပဋိပက္ခများနှင့် ပတ်သက်သည်ဟု ယူဆရသူများက လူမှုကွန်ယက်များတွင် လွှင့်တင်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် သတင်းသမားအများစုသည် နည်းပါးသည့် ဝင်ငွေဖြင့် ရပ်တည်နေရပြီး အန္တရာယ်များကာ စိန်ခေါ်မှုကြီးမားသည့်သတင်းများကို ရေးသားတည်းဖြတ်နေရခြင်း ဖြစ်သည်။

ဝင်ငွေပြသနာသည် ရန်ကုန်မဟုတ်သော အခြားမြို့များမှ သတင်းသမားအတွက် ပိုမိုကြီးမားသော စိန်ခေါ်မှှုဖြစ်သည်။ ၎င်းတို့သည် တစ်လလ ျှင် ကျပ်တစ်သိန်းမှ နှစ်သိန်းခန့်ကြား ဝင်ငွေဖြင့်သာ ရပ်တည်နေကြရသည်။

“ကျွန်တော် စာမူခတွေ လိမ်ထုတ်သွားတဲ့ အယ်ဒီတာတွေနဲ့လည်း ကျွန်တော်ကြုံဖူးတယ်”ဟု ဦးငြိမ်းချမ်းအေးက လုပ်သက် ငါးနှစ်တာအတွင်း ကြုံတွေ့ခဲ့ရသည့် သူ၏ အဖြစ်အပျက်များမှတစ်ခုကို ပြောသည်။

ထိုကဲ့သို့ ဝင်ငွေနည်းပါးမှုကြောင့် သတင်းထောက်လုပ်ငန်းက အသက်မွေးဝမ်းကြောင်း လုပ်ငန်းမဟုတ်တော့ပဲ အခြားအလုပ်များကိုပါ တွဲဖက် လုပ်ကိုင်လာကြရသည်။ တချို့သော သတင်းသမားများမှာ သတင်းထောက်အမည်ခံ တက်ကြွလှူပ်ရှားသူများ၊ သို့မဟုတ် အမျိုးသားရေးဝါဒီများပါ ဖြစ်လာကြသည်။

သတင်းသမားအချို့သည် သတင်းစာပညာကို သက်မွေးဝမ်းကျောင်းမှုလုပ်ငန်း (Professional) အဖြစ် မမြင်ကြတော့သည့်အတွက် ဘက်မျှတမှု မရှိသည့် သတင်းတင်ဆက်မှုများ ပြုလုပ်လာကြောင်းနှင့် အဆိုပါလုပ်ရပ်များသည် မြန်မာသတင်းလောကအတွက် ကြီးမားသည့် စိန်ခေါ်မှုဖြစ်ကြောင်း ကိုမင်းမင်းက ဆိုသည်။

“ဟိုဘက်ခေတ်တုန်းကဆိုရင် တစ်ခုခုဖြစ်ရင် ထောင်ထဲမှာနေရမယ်။ ဒီဘက်ခေတ်မှာကျတော့ မကြိုက်တဲ့သူတွေက လူထုနဲ့ တိုက်ပေးတဲ့ စိန်ခေါ်မှုမျိုး ဖြစ်သွားတယ်”ဟု ကိုမင်းမင်းကပြောသည်။

ခေါင်းစီးဓာတ်ပုံ- ယူနတီသတင်းဂျာနယ်မှ သတင်းထောက်လေးဦးနှင့် အမှုဆောင်အရာရှိချုပ်တို့ အဖမ်းခံရပြီးနောက် သတင်းထောက်များက ဆန္ဒပြနေကြစဉ်။ ဓာတ်ပုံ-တေဇလှိုင်

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.