ဝ တပ်ဖွဲ့နဲ့ စေ့စပ်ဆွေးနွေးဖို့ လွယ်ကူမလား

ဝ လက်နက်ကိုင် တပ်ဖွဲ့ရဲ့ နဂိုသဘောထားကတော့ ငြိမ်းချမ်းရေး ညီလာခံတွေကို တက်ဖို့ ဆန္ဒမရှိပါဘူး။ ဒါပေမဲ့ ၂၁ ရာစု ပင်လုံငြိမ်းချမ်းရေးညီလာခံကြီးကို ကျောခိုင်းထွက်ခွာသွားတာက ငြိမ်းချမ်းရေး တည်ဆောက်ရေးကိစ္စမှာ ခက်ခက်ခဲခဲ ဆွေးနွေးညှိနှိုင်းရမယ့် အခြေအနေမျိုး ရှိနေပါတယ်။

စည်သူအောင်မြင့် ရေးသားသည်။

ပြီးခဲ့တဲ့ ရက်ပိုင်းက နေပြည်တော်မှာ ၂၁ ရာစု ပင်လုံ၊ ငြိမ်းချမ်းရေး ညီလာခံကြီးတစ်ခု အောင်အောင်မြင်မြင်နဲ့ ကျင်းပ ပြီးစီးသွားခဲ့ပါပြီ။ ညီလာခံ ခန်းမ ရှေ့ဆုံးတန်းမှာ ထိုင်နေတဲ့ သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒု သမ္မတတွေ၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌတွေ အပါအဝင် အစိုးရ၊ တပ်မတော်၊ လွှတ်တော် အကြီးအကဲနဲ့ ပရိသတ် ဗိုလ်ပုံရှေ့မှာ အပစ်ရပ် လက်မှတ်ထိုးမထားတဲ့၊ ဒီကနေ့ချိန်ထိ မြေပြင်မှာ အစိုးရတပ်ဖွဲ့တွေနဲ့ တိုက်ခိုက်နေတဲ့ ကေအိုင်အိုအဖွဲ့ ဒုဥက္ကဋ္ဌ ဦးအင်ဘန်လ၊ တစ်နည်း သူပုန်ဗိုလ်ချုပ် တစ်ယောက် စကားပြောခွင့်ရတာကို ကြည့်ရင် ဒီညီလာခံ ဘယ်လောက် ထူးခြားသလဲ သိနိုင်ပါတယ်။

ညီလာခံကြီးနဲ့ ပတ်သက်ပြီး ပြောစရာ ဆိုစရာ ပြဿနာ နည်းနည်းလေးတော့ ဖြစ်ခဲ့ပြီး အဲဒီထဲ ညီလာခံ ဒုတိယနေ့မှာ ဝ ကိုယ်စားလှယ်အဖွဲ့ ပြန်သွားတဲ့ကိစ္စကတော့ ဟိုးလေးတကြော် ဖြစ်သွားခဲ့ပါတယ်။ ဝ ကိုယ်စားလှယ်အဖွဲ့ သူ့ဒေသ ပြန်သွားပေမဲ့ သူတို့နဲ့အတူ တပါတည်း ယူဆောင်လာတဲ့ ညီလာခံမှာ ဖတ်ကြားမယ့် စာတမ်းကိုတော့ ညီလာခံ ကျင်းပရေး တာဝန်ရှိသူတွေဆီ ပေးအပ်ခဲ့ပြီး ညီလာခံ မှတ်တမ်းထဲမှာလည်း ထည့်သွင်းထားလိုက်ပါပြီ။

ဝ အဖွဲ့ ညီလာခံဆုံးတဲ့အထိ မတက်နိုင်အောင် ဘာတွေ ဖြစ်ခဲ့သလဲ၊ ဝ ကိုယ်စားလှယ်တွေ ဖတ်ကြားမယ့် စာတမ်းမှာ ဘာတွေ ဖော်ပြထားသလဲ၊ အစိုးရအနေနဲ့ တိုင်းရင်းသားသူပုန် လက်နက်ကိုင်တွေထဲက အင်အား အကြီးဆုံး ဝ တပ်ဖွဲ့နဲ့ စေ့စပ်ညှိနှိုင်း အဖြေရှာနိုင်ပါ့မလားဆိုတာ ဆွေးနွေးတင်ပြသွားပါ့မယ်။

ငြိမ်းချမ်းရေး ညီလာခံကို ဦးစီးကျင်းပတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဒီညီလာခံကို လက်နက်ကိုင်အဖွဲ့အားလုံး စုံစုံညီညီ တက်ရောက်နိုင်အောင် အထူးကြိုးစားခဲ့တာ တွေ့နိုင်ပါတယ်။ ဒါကြောင့် ညီလာခံမတိုင်ခင် အစိုးရနဲ့ အပစ်ရပ် မထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC က ခေါင်းဆောင်တွေ၊ ဝ နဲ့ မိုင်းလား အဖွဲ့က ခေါင်းဆောင်တွေကို နေပြည်တော် ဖိတ်ခေါ်ပြီး ညီလာခံတက်ရောက်ဖို့ စည်းရုံး ဆွဲဆောင်ခဲ့ပါတယ်။

အင်အားအကြီးဆုံး ဝ လက်နက်ကိုင် တပ်ဖွဲ့ရဲ့ နဂိုသဘောထားကတော့ အရင်သမ္မတ ဦးသိန်းစိန် လက်ထက်က ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေး ညီလာခံကို မတက်ခဲ့သလို အခု ညီလာခံကိုလည်းတက်ဖို့ ဆန္ဒမရှိပါဘူး။ ဝ ခေါင်းဆောင်တွေက သူတို့အနေနဲ့ အရင် စစ်အစိုးရလက်ထက်က ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံကြီးကို တက်ခဲ့တယ်၊ အဲဒီ ညီလာခံမှာ သူတို့ လိုလားချက်တွေ တင်ပြခဲ့တယ်၊ ဒါပေမဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲပြဋ္ဌာန်းတဲ့အခါ သူတို့လိုလားတာ ဘာမှ ပါမလာခဲ့ဘူး၊ ဒါကြောင့် အဲလို ညီလာခံမျိုးတွေကို မတက်ချင်တော့ဘူးလို့ ဆိုကြတာပါ။

အခုတစ်ကြိမ်ကတော့ ထူးခြားပါတယ်။ ၂၁ ရာစု ပင်လုံ၊ ငြိမ်းချမ်းရေး ညီလာခံကို တက်ဖို့ ဒေါ်အောင်ဆန်းစုကြည်က လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ခဲ့သလို ညီလာခံမတိုင်ခင် တရုတ်အစိုးရ အဆင့်မြင့် ကိုယ်စားလှယ်ကလည်း ဝ အဖွဲ့ကို ညီလာခံတက်ဖို့ တိုက်တွန်းတာမျိုး ရှိခဲ့ပါတယ်။ ဒီလိုနဲ့ ဝ အဖွဲ့ဟာ ခေါင်းဆောင်တွေ မပါတဲ့၊ မြို့ပေါ် ဆက်ဆံရေးကိုယ်စားလှယ်ရုံးက တာဝန်ရှိသူတွေလောက်ပဲ ပါတဲ့ အဆင့်နိမ့် ကိုယ်စားလှယ်အဖွဲ့ တစ်ဖွဲ့ကို စေလွှတ်ခဲ့ပါတယ်။ ညီလာခံ မတက်ချင်ပေမဲ့လည်း တရုတ်အစိုးရရဲ့ တိုက်တွန်းချက်ကို မပယ်ရှားလိုတဲ့ သဘောကြောင့် ခုလိုလုပ်ရတယ်လို့ ယူဆစရာ ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့စွဲပါ “ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) နိုင်ငံရေး ဆွေးနွေးမှုအပေါ် “ဝ ” ပြည်နယ်၏ အထွေထွေ မူဝါဒနှင့် အသေးစိတ် တောင်းဆိုချက်များ” စာတမ်းကတော့ ညီလာခံကျင်းပသူတွေထံ ကျန်ရစ်ခဲ့ပါတယ်။

ညီလာခံတက်ချိန်မှာတော့ အဆင်မပြေမှု နည်းနည်းပါးပါး ဖြစ်ခဲ့ပါတယ်။ ပြင်ပဟိုတယ်မှာတည်းလို့ ကိုယ်စားလှယ်ကတ်တွေ ထုတ်မယူနိုင်၊ အစိုးရအဖွဲ့က ယာယီ ထုတ်ပေးတဲ့ လေ့လာသူကတ်နဲ့ ညီလာခံခန်းမထဲ ဝင်ရတဲ့ကိစ္စ အကြောင်းပြုပြီး ဗဟိုကို သတင်းပြန်ပို့၊ ဗဟိုရဲ့ညွှန်ကြားချက်နဲ့ ညီလာခံ ဒုတိယ နေ့မှာ ပြန်သွားခဲ့ကြတာ ဖြစ်ပါတယ်။

ညီလာခံဖွင့်ပွဲနေ့မှာ ဝ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်ကို သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နည်းတူ ရှေ့ဆုံးကအတန်းမှာ နေရာချထားပေးတဲ့တိုင်၊ နောက်တစ်နေ့ ညီလာခံ ကျင်းပရေး တာဝန်ရှိသူတွေ ကိုယ်တိုင် တည်းခိုရာ ဟိုတယ်ကို သွားပြီး တောင်းပန်တဲ့တိုင် ညီလာခံကနေ ကျောခိုင်းထွက်ခွာသွားကြတာ ဖြစ်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ညီလာခံအတွက် ရည်ရွယ်ပြီး ရေးသားယူဆောင်လာတဲ့ ဝ ပြည်နယ် သွေးစည်းညီညွတ်ရေးပါတီ ဗဟိုပေါ်လစ်ဗျူရိုကော်မတီ ရဲ့ ၂၀၁၆ ခုနှစ် သြဂုတ်လ ၃၁ ရက်နေ့စွဲပါ “ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံ) နိုင်ငံရေး ဆွေးနွေးမှုအပေါ် “ဝ ” ပြည်နယ်၏ အထွေထွေ မူဝါဒနှင့် အသေးစိတ် တောင်းဆိုချက်များ” စာတမ်းကတော့ ညီလာခံကျင်းပသူတွေထံ ကျန်ရစ်ခဲ့ပါတယ်။

စာတမ်းထဲမှာ သူတို့ တည်ထောင်လိုတဲ့ မြန်မာနိုင်ငံရဲ့ ပုံသဏ္ဍာန်၊ တောင်းဆိုချက် အသေးစိတ်ကို အပိုင်း(၅) ပိုင်းခွဲ တင်ပြထားတာ တွေ့ရပါတယ်။ စာတမ်း ဒုတိယပိုင်းမှာ “ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရသော တိုင်းရင်းသားဒေသသည် ဒေသ အချုပ်အခြာအာဏာဖြင့် ဗမာလူမျိုးနှင့် တန်းတူညီမျှစွာ နိုင်ငံတော်အာဏာထဲသို့ ပါဝင်ရမည်”ဆိုတဲ့ မူဝါဒကို ထည့်သွင်းထားပါတယ်။

စာတမ်း စတုတ္ထပိုင်း ဝ ပြည်နယ်ရဲ့ အသေးစိတ် တောင်းဆိုချက်များ ခေါင်းစဉ်အောက် လွှတ်တော်ရဲ့ အမတ်နေရာ ခွဲဝေမှုဆိုင်ရာ အခန်းအောက်မှာ လက်ရှိ လွှတ်တော်အသီးသီးရဲ့ အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို တပ်မတော်က ရယူထားရာကနေ အားနည်းတဲ့ လူမျိုးစုနဲ့ တိုင်းရင်းသားတွေအတွက် အာမခံချက်ရှိတဲ့ နေရာတွေအဖြစ် ပြောင်းလဲပေးအပ်သင့်တယ် ဆိုပြီး တောင်းဆိုထားပါတယ်။

တိုင်းရင်းသား တန်းတူရေးဆိုင်ရာ မူဝါဒထဲမှာတော့ တူညီတဲ့ဒေသတစ်ခုမှာ လူမျိုးစု တစ်စုဟာ လူဦးရေ တစ်သိန်းရှိရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နှစ်သိန်းရှိရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း၊ လူဦးရေ သုံးသိန်းရှိရင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ပြည်နယ်စသဖြင့် ထားရှိသင့်တယ်လို့ ခံယူပါတယ်။ ဒါကြောင့်လည်း သူတို့ ဝ တွေကို ပြည်နယ်အဆင့်အတန်း ပေးဖို့တင်မက တအာင်း၊ ဓနု၊ ပအိုးဝ်၊ လားဟူ၊ အခါ၊ ကိုးကန့် စတဲ့လူမျိုးစုတွေ အနေနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊ တိုင်း၊ ပြည်နယ် လျှောက်ထားမယ်ဆိုရင်လည်း ဝ အဖွဲ့က လက်ခံတဲ့အကြောင်း ဖော်ပြထားပါတယ်။

အလားတူ တိုင်းရင်းသားပြည်နယ်တွေရဲ့ သယံဇာတ ပိုင်ဆိုင်ခွင့်နဲ့ တူးဖော်အသုံးချခွင့်ကိစ္စကို သက်ဆိုင်ရာ တိုင်းရင်းသားပြည်နယ်တွေဟာ သူတို့နဲ့ ကိုက်ညီတဲ့ပေါ်လစီကို သူတို့ဘာသာ သူတို့ ရေးဆွဲသင့်တယ်ဆိုပြီး တောင်းဆိုထားပါတယ်။ နိုင်ငံတကာ ဆက်ဆံရေးအပိုင်းမှာဆိုရင်လည်း ကမ္ဘာ့နိုင်ငံတွေနဲ့ ဒေသအသီးသီးက လူပုဂ္ဂိုလ်တွေရဲ့ ဒေသတွင်းဝင်ရောက်ခွင့်၊ နေထိုင်ခွင့်၊ ထွက်ခွာခွင့်ကို တိုင်းရင်းသားပြည်နယ်က စီရင်ပိုင်ခွင့် ရှိတယ်လို့ ခံယူပါတယ်။

တိုင်းရင်းသား တပ်မတော်နဲ့ဆိုင်တဲ့အပိုင်းမှာ “ ပြည်ထောင်စု တပ်မတော်သည် တိုင်းရင်းသား တပ်မတော်အား နှစ်ဘက် ညှိနှိုင်းသဘောတူထားသော လုပ်ငန်းဆောင်ရွက်ချက်များတွင် လမ်းညွှန်မှုပေးသော အခွင့်အာဏာရှိသည်။ သို့သော် တိုက်ရိုက် ညွှန်ကြားကွပ်ကဲခွင့်နှင့် ရာထူးစီမံခန့်အပ်ပိုင်ခွင့် မရှိပါ။”ဆိုပြီး ဖော်ပြထားပါတယ်။ အဓိပ္ပာယ်ကတော့ လက်ရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေဟာ နောင်အနာဂတ် ပြည်ထောင်စုမှာလည်း သူတို့ဘာသာသူတို့ လွတ်လွတ်လပ်လပ် ရပ်တည်နေဦးမယ်ဆိုတဲ့ သဘောပါပဲ။

ဒါ့အပြင် သတင်းနဲ့ လမ်းပန်းဆက်သွယ်ရေး ကဏ္ဍအောက်မှာ ပြည်ထောင်စု အစိုးရအနေနဲ့ တိုင်းရင်းသားဒေသတွေမှာ အတင်းအကြပ်သဘော အစိုးရအုပ်ချုပ်မှုဌာနနဲ့ တပ်စခန်းတွေ မထားရှိဖို့ဆိုပြီး ဖော်ပြထားပါတယ်။ စာတမ်းတစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် ဝ တပ်ဖွဲ့က တည်ဆောက်လိုတဲ့ နောင် အနာဂတ် ပြည်ထောင်စုဆိုတာဟာ အချုပ်အခြာအာဏာပိုင် တိုင်းရင်းသားပြည်နယ်တွေ စုပေါင်းထားတဲ့ “နိုင်ငံပေါင်းစု ပြည်ထောင်စု” တစ်နည်း ကွန်ဖက်ဒရေးရှင်းပုံစံ ဖြစ်နေတာ တွေ့နိုင်ပါတယ်။

၂၁ ရာစု ပင်လုံညီလာခံ မစတင်ခင်အချိန်၊ ညီလာခံကာလ၊ ဝ အဖွဲ့ရဲ့ လိုလားချက်စာတမ်း အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် အစိုးရအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေးကိစ္စမှာ ဝ အဖွဲ့ကို အလွန့်ကို ခက်ခက်ခဲခဲ ဆွေးနွေးညှိနှိုင်းရမယ့် အခြေအနေမျိုး ရှိနေပါကြောင်း တင်ပြလိုက်ရပါတယ်။

ခေါင်းစီးဓာတ်ပုံ – ၂၁ ရာစု ပင်လုံ၊ ငြိမ်းချမ်းရေး ညီလာခံသို့ တက်ရောက်သည့် ဝ ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်များကို တွေ့ရစဉ်။ ဓာတ်ပုံ-သိမ့်မွန်စိုး (J)

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar