နေပြည်တော်၊ မေ ၃
ဝခေါင်းဆောင်များနှင့်အတူ ဦးစိုးဌေးတို့အဖွဲ့အား တွေ့ရစဉ်။
ပါတီနဲ့ လွှတ်တော်ရဲ့ ခွင့်ပြုချက်မယူဘဲ “ဝ” ဒေသသို့ သွားရောက်ပြီး တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့တဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဦးစိုးဌေးကို ပြည်သူ့လွှတ်တော်နဲ့ ပါတီက အရေးယူလိုက်ပါတယ်။
ပြည်သူ့လွှတ်တော်ရဲ့ တိုင်းရင်းသားရေးရာနှင့် ပြည်တွင်း ငြိမ်းချမ်းရေး ကော်မတီဝင်အဖြစ်ကထုတ်ပယ်လိုက်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ အငြိမ်းစားစစ်သံမှုးဟောင်းလည်းဖြစ်တဲ့ သူ့ကို အရေးကြီးတာဝန်တွေကနေ တစ်နှစ်ရပ်ဆိုင်းလိုက်တယ်လို့ ဦးစိုးဌေးက ပြောပါတယ်။
“ကြိုတင်ခွင့်ပြုချက် မတောင်းဘဲနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေး အချက်အလက်တွေအတွက် သွားလေ့လာခဲ့တယ်” လို့ သူက ဆိုတယ်။
အဲဒီအတွက် ပြည်သူ့လွှတ်တော်ရဲ့ လုပ်ထုံးလုပ်နည်းနဲ့ ငြိစွန်းခဲ့လို့ အခုလိုအရေးယူခံလိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ယနေ့ ကျင်းပတဲ့ ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ ကော့ကရိတ်မဲဆန္ဒနယ်ကို ကိုယ်စားပြုတဲ့ သူရဲ့ ကော်မတီက နေရာကို သံတောင်ကြီးမဲဆန္ဒနယ်က ဦးစောဗစ်တာခရက်နဲ့ အစားထိုးလိုက်ပါတယ်။
ဝပြည်သွေးစည်းညီညွတ်ရေးအဖွဲ့ UWSA ဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေထဲမှာ စစ်အင်အား အတောင့်တင်းဆုံးဖြစ်ပါတယ်။ ဒါ့အပြင် ရှမ်းပြည်နယ် အတွင်းက ခွဲထွက်ပြီး သီးခြားပြည်နယ်ပေးဖို့လည်း တောင်းဆိုလေ့ ရှိပါတယ်။
တပ်မတော် အငြိမ်းစားအရာရှိတစ်ဦးဖြစ်တဲ့ ဦးစိုးဌေးဟာ ဧပြီ ၂၈ ရက်က ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမှာ UWSA အဖွဲ့ ဒုတိယ ဥက္ကဌ ဦးရှောက်မင်လျံနဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ တွေ့ဆုံပွဲမှာ မကြာမီ ကျင်းပဖို့ ရည်ရွယ်ထားတဲ့ ငြိမ်းချမ်းရေးအတွက် ပြည်ထောင်စုအစည်းအဝေးတွေကို တက်ရောက်ဖို့လည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
သတင်း- ဉာဏ်လှိုင်လင်း